ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် မရှိ၍ စစ်ဖြစ်နေရ ဟု မွန်ပြည်သစ် ဥက္ကဌ ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်။
တိုင်းရင်းသားများ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် မရရှိခြင်းကြောင့် စစ်ပွဲများ ဖြစ်ပွားနေရသည်ဟု မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာက မွန်အမျိုးသားနေ့ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
“ဒီနိုင်ငံမှာ တိုင်းရင်းသားတွေ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် မရှိပဲ လွမ်းမိုးခံနေရလို့ စစ်ပွဲတွေ ဖြစ်နေရတယ်၊ နိုင်ငံလည်း ဆင်းရဲတယ်၊ ဒီပြဿနာ ပြေလည်ဖို့ဆိုရင် စစ်မှန် တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ့ ကိုယ့်ပြည်နယ်နဲ့ကိုယ် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးမယ် ကိုယ့်ခေါင်းဆောင် ကိုယ်ရွေးကောက်တင်မြှောက်မယ် ဒီလိုမျိုး တည်ဆောက်နိုင်မှသာ ဒီနိုင်ငံ ငြိမ်းချမ်းမယ် ဖွံ့ဖြိုးတိုးတက်မယ်” ဟု နိုင်ဟံသာက ပြောသည်။
တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ကျရောက်သည့် ၇၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားတွင် မွန်ပြည်သူတို့အား မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဒါကို မွန်တမျိုးသားလုံး နားလည်ကြဖို့ မွန်တမျိုးသားလုံး စည်းလုံးညီညွတ်စွာနဲ့ အခြားသော တိုင်းရင်းသား တွေ နဲ့ ပူးပေါင်းပြီး လက်တွဲသွားကြမယ်ဆိုရင် ကျနော်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ရောက်မယ်။”
၎င်းအပြင် မွန်လူမျိုး ပျောက်ကွယ်သွားနိုင်သည့်အရေးကိုလည်း သတိကြီးစွာထားပြီး မိမိတို့၏ ဘာသာစကား စာပေ ယဉ်ကျေးမှုတို့ကိုလည်း ကာကွယ် ထိန်းသိမ်းရန်လည်း လိုအပ်သည်ဟု နိုင်ဟံသာက တိုက်တွန်း ထားသည်။
ယခုနှစ်တွင် ကျရောက်သည့် ၇၃ ကြိမ်မြောက်ဗဟိုအခမ်းအနားကို မွန်ပြည်နယ်၏ မြို့ တော် မော်လမြိုင်မြို့ တွင် ဖေဖော်ဝါရီ ၁၀ ရက်နေ့ထိ ကျင်းပခဲ့သည်။
ယခင်က မွန်အမျိုးသားနေ့အခမ်းအနားကို မိမိဒေသအလိုက် ကျင်းပလာခဲ့ရာမှ ရွှေရတုသဘင် ဖြစ်သည့် ၁၉၉၇ ခုနှစ်မှစပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းရှိ မြို့ နယ်များ စုပေါင်းကာ ကျင်းပ ရေးကော်မတီ (ဗဟို) ကို ဖွဲ့စည်းခဲ့သည်။
ဖွဲ့စည်းပြီးနောက်ပိုင်းတွင် ဗဟိုအခမ်းအနားကို တစ်နှစ်လျှင် တစ်မြို့နယ်ဖြင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့ နယ်တို့တွင် အလှည့်ကျကျင်းပလာခဲ့ရာ ၇၁ ကြိမ်မြောက်တွင် ကရင်ပြည်နယ် ဘားအံမြို့ ရှိ ဇာသပြင် ကျေးရွာတွင်လည်းကောင်း၊ ၇၂ ကြိမ်မြောက်တွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ တို့တွင်လည်းကောင်း ကျင်းပခဲ့သည်။
မွန်အမျိုးသားနေ့အခမ်းအနားကို မြို့ နယ်အဆင့် ကျေးရွာအဆင့်အပြင် မွန်လူမျိုးစုများ နေထိုင်ရာ ကရင်ပြည် နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ပြည်ပနိုင်ငံများရောက် မွန်လူမျိုးတို့ကလည်း မွန်အမျိုးသား နေ့ အခမ်းအနားကို ၎င်းတို့၏ အားလပ်ရက်များတွင် ကျင်းပလေ့ရှိကြသည်။
သမလ၊ ဝိမလ မွန်မင်းညီနောင်နှစ်ပါး ဟံသာဝတီ မင်းနေပြည်တော်ကို စတင်တည်ထောင်ခဲ့သည့် သာသနာ သက္ကရာဇ် ၁၁၁၆၊ (အေဒီ ၅၇၃) တပို့တွဲ လပြည့်ကျော် ၁ ရက်နေ့ကို အစွဲပြု၍ ယ၍ ယင်းနေ့ို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကာ အမျိုးသားနိုင်ငံရေးအနှစ်သာရရှိရှိဖြင့် မွန်အမျိုးသားအလံတော်ကို လွှင့်ထူပြီး တစ်မျိုးသားလုံး နိုးကြားတက်ကြွာစွာ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၇၃) ကြိမ်တိုင်ရှိပြီ ဖြစ်သည်။