ပြည်နယ် အစိုးရ တင်ဒါ စည်းကမ်း ဖောက်ဖျက်ကြောင်း လွှတ်တော်ကိုယ်စားလှယ် စွပ်စွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်။
မွန်ပြည်နယ် အစိုးရအနေဖြင့် တင်ဒါ စည်းကမ်း ဖောက်ဖျက်မှုများ ရှိနေကြောင်း လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက လွှတ်တော်တွင် တင်ပြ ဆွေးနွေးခဲ့သည်။
ကျင်းပလျက်ရှိသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင် မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က လွှတ်တော်တွင် မေးခွန်းထုတ်တင်ပြခြင်း ဖြစ်သည်။
“၁/၂၀၁၇ အရ သိန်း ၁၀၀ အောက်ဆိုရင် ဌာနတွေ လုပ်နိုင်ပါတယ် သိန်း ၁၀၀ အထက်ဆိုရင် တင်ဒါ ခေါ်ယူ ရမယ်။ ဒါပေမယ့် ဒီနေ့ထိလည်း သိန်း ၁၀၀ ကျော်တဲ့ဟာတွေ ပြည်နယ်က လုပ်နေတာတွေရှိနေတယ်။ ဒါတွေ ကို ဘယ်လိုထိန်းကျောင်းပေးမလဲ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီကိစ္စတွေကို အဂတိကော်မရှင်ထံ ပေးပို့ပြီးတော့ စစ်ဆေးဖို့သင့်ပါတယ်” ဟု ဦးမင်းထင်အောင်ဟန် က ပြောသည်။
၁/၂၀၁၇ ဆိုသည်မှာ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည့် တင်ဒါ ခေါ်ယူခြင်း ဆိုင်ရာ စည်းမျဉ်းစည်းကမ်း ထုတ်ပြန်ချက်ကို ရည်ရွယ်ခြင်းဖြစ်သည်။
သူ၏ တင်ပြချက်အပေါ် မွန်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော် က အစိုးရအနေဖြင့် စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်မှု မရှိကြောင်း ပြောသည်။
“လုပ်ငန်းသဘာဝအရသော်လည်းကောင်း နည်းပညာပိုင်းဆိုင်ရာအရသော်လည်း ကောင်း တင်ဒါ အကန့်အ သတ်ကြောင့်သော်လည်းကောင် သက်ဆိုင်ရာဌာနအနေနဲ့ ပြည်နယ်အစိုးရအဖွဲ့ကို အဆိုပြုပြီးတော့ ဆောင် ရွက်နေတဲ့ လုပ်ငန်းအချို့ ရှိပါတယ်။ ဒီလုပ်ငန်းအချို့ ကလည်း သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ သက်ဆိုင်ရာ ဌာနများကနေပြီးတော့ အချိန်မှီ အရည်အသွေးပြည့်မီချင်းရှိအောင် စိစစ်ပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဝန်ကြီးဦးဝဏ္ဏကျော် က ပြောသည်။
သို့သော်လည်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ တင်ဒါရွေးချယ်ရေးပုံစံသည် အမှတ်ပေးစည်းမျဉ်းဖြင့် စနစ်တကျ ရွေးချယ်လုပ်ဆောင်နေခြင်းမဟုတ်ပဲ ဝန်ကြီးချုပ်၏ ကြီးကြပ်မှုဖြင့် ဝန်ကြီးချုပ် မှတ်ချက်ပေးသော ကုမ္ပဏီ ကိုသာ ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးတွင် အတည်ပြုရွေးချယ်နေသည်ဟု လွှတ်တော်ကိုယ်စားလှယ် က ထောက်ပြဆွေးနွးခဲ့သည်။
၎င်းအပြင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က တင်ဒါခေါ်ဆောင်ရွက်ခဲ့သည့် အတ္တရံမြစ်ရေတင်စီမံကိန်းနှင့် ပတ် သက်ပြီးတော့လည်း တင်ဒါဈေးအနည်းဆုံးဖြစ်ပြီး လုပ်ငန်းကျွမ်းကျင်သည့်ကုမ္ပဏီကို မရွေးချယ်ပဲ ကျပ်သိန်း ၃၅၀၀ ကျော်ကွာခြားသည့် ကုမ္ပဏီကို ရွေးချယ်ခဲ့သည့်ကိစ္စသည်လည်း လွှတ်တော်ထံ တိုင်ကြားမှုရှိနေ သည်ဟုလည်း ကိုယ်စားလှယ်က ပြောသည်။
အဆိုပါ လွှတ်တော်ကိုယ်စားလှယ်၏ ပြောဆိုမှုနှင့် ပတ်သက်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကို မေးမြန်းခဲ့ရာ ထိုကိစ္စအပေါ် မှတ်ချက်မပေးလိုကြောင်း ပြောသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့အနေနှင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တုန်းကလည်း ဘတ်ဂျက်ကျပ်သန်း (၁၀၀၀) ဖြင့် အောင်သပြေ-နှစ်ကရင်လမ်းကို တင်ဒါမခေါ်ပဲ Southern Myanmar Development Co.Ltd, အား လုပ်ငန်းဆောင်ရွက်စေခဲ့သည့်ကိစ္စတွင်လည်း ပြည်သူများအကြား ဝေဖန်ပြောဆိုမှုများရှိခဲ့သလို အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခံခဲ့ရခြင်းများလည်း ရှိခဲ့သည်။