မြေလွတ် မြေလပ်များ လုပ်ပိုင်ခွင့်ချရာတွင် ပြည်နယ် အစိုးရဘက်လိုက်မှု ရှိဟု လွတ်တော် ဒု ဥက္ကဌ စွပ်စွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်။

မွန်ပြည်နယ်အတွင်း မြေလွတ် မြေလပ် မြေရိုင်းများ လုပ်ပိုင်ခွင့်ချထားပေးရာ ဒေသခံများထက် စီးပွားရေး လုပ်ငန်းရှင်များသာ ရရှိကြသည်ဟု မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဌ က ပြောသည်။

ကျိုက်ထိုမြို့နယ်တွင် ဧက ၉၀၀၀ ကျော်၊ ကျိုက်မရောမြို့နယ်တွင် ဧက ၅၀၀၀ ကျော် အများဆုံးလုပ်ကိုင်ခွင့် ချပေးထားပြီး လုပ်ကိုင်ခွင့်ရရှိထားသူ အများစုသည်း လုပ်ငန်းရှင်များသာ ဖြစ်နေသည်ဟု လွှတ်တော် ဒု-ဥက္ကဌ က ပြောသည်။

“တချို့ဆိုရင် ကျနော်တို့ ကြားသိရတာက ဒေသခံတွေ သွားလျှောက်ရင် မရဘူး။ လျှောက်လွှာလည်းမပေးဘူး ဘယ်လိုလျှောက်ရမလဲဆိုတဲ့နည်းလမ်းလည်းမပေးဘူး။ ဆိုတော့ ငွေရှင် ဓနရှင် ရင်းနှီးမြုပ်နှံနိုင်တဲ့ ကုမ္ပဏီ ပိုင်ရှင်တွေလောက်ပဲ သွားလုပ်တဲ့အခါကျရင် လိုလိုလားလားနဲ့ ထုတ်ပေးနေတာက ဒါတွေက မဖြစ်သင့်ဘူး” ဟု လွှတ်တော် ဒု-ဥက္ကဌ ဒေါက်တာအောင်နိုင်ဦး က ပြောသည်။

ပြည်နယ်အတွင်းရှိ မြေလွတ် မြေလတ် မြေရိုင်းများအနက်မှ ဧက ၂၄၀၀၀ ကျော်ကို ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်နှင့် ဗဟိုကော်မတီက လုပ်ကိုင်ခွင့်ချထားပေးခဲ့ခြင်း ဖြစ်သည်။

ကျိုက်မရောမြို့နယ်ထဲတွင် ဘိလပ်မြေစက်ရုံတည်ဆောက်ရန်အတွက်ဆိုကာ ဇေကမ္ဘာ ဦးခင်ရွှေကို ဧက ၁၄၈ ခွင့်ပြုပေးထားကြောင်း၊ သို့သော်လည်း အဆိုပါမြေနေရာတွင် မည့်သည့် လုပ်ငန်းမှ လုပ်ကိုင်နေခြင်းမျိုး မရှိ သေးကြောင်း၊ မြေကို လက်ဦးထားသည့် ပုံစံသာ ဖြစ်နေကြောင်း ဒေါက်တာအောင်နိုင်ဦး က ဆက်ပြော သည်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင်လည်း မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက မွန်ပြည်နယ် အစိုးရအဖွဲ့ အနေနှင့် မြေလွတ် မြေလပ် မြေရိုင်းများကို လုပ်ကိုင်ခွင့်ချပေးရာတွင် မည်ကဲ့သို့သော ပုဂ္ဂိုလ် အဖွဲ့အစည်းများ ကို ဦးစားပေး သဘောထားမှတ်ချက်ပြုသည်ကို ရှင်းလင်းစွာ သိရှိလိုကြောင်း မေးခွန်းမေးမြန်းခဲ့သည်။

အဆိုပါ မေးခွန်းနှင့် ပတ်သက်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြေလွတ် မြေလပ် မြေရိုင်းများကို နိုင်ငံ တော်နှင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေး ရည် ရွယ်၍ သဘောထားမှတ်ချက်ပြုသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ် ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

“မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်းများကိုမှ ဦးစားပေး သတ်မှတ် ခွင့်ပြုပေးခြင်း မျိုးမဟုတ်ပဲ နိုင်ငံတော်နဲ့ ဒေသအတွင်းမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒေသခံများ မြေယာမဲ့နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖော်ဆောင်နိုင်ရေးအတွက် အများပြည်သူအကျိုးကို ထိခိုက်မှုမရှိစေပဲ ကျေးရွာအဆင့်၌ ရင်းနှီးမြုပ်နှံမှု ရေရှည်တည်တံ့စေရန် ရည်ရွယ်၍ သဘောထားမှတ်ချက်ပြုပါတယ်” ဟု ပြော သည်။

ထို့အပြင် ရင်းနှီးမြုပ်နှံမှု ရေရှည်တည်တံ့စေရန် လည်း ရည်ရွယ်ထားသည်ဟု ဦးထွန်းဌေးက ပြောသည်။

မွန်ပြည်နယ်အတွင်းက မြေလွတ် မြေလပ် မြေရိုင်း စာရင်းဇယားနှင့် လုပ်ကိုင်ခွင့်ရယူထားပြီး အမှန်တကယ် လုပ်ငန်းအကောင်အထည်ဖော်မှုရှိ မရှိကို မွန်ပြည်နယ်လွှတ်တော် ဘဏ္ဍာရေး စီမံကိန်းနှင့် စီးပွားရေး ဆိုင်ရာ လေ့လာသုံးသပ်ရေးကော်မတီက စိစစ်မှု ပြုလုပ်သွားမည်ဟု လွှတ်တော် ဒု-ဥက္ကဌ က ပြောသည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလ က ပြဋ္ဌာန်းလိုက်သည့် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲခွင့် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြောင့် မြန်နိုင်ငံအတွင်းက သန်းနှင့်ချီသည့် မြေဧကများပေါ်တွင် စိုက်ပျိုး မွေးမြူလုပ်ကိုင် စားသောက်နေမှုများ ထိခိုက်ဆုံးရှုံးနေသည်ဟု ဆိုသည်။

ထို့အပြင် ဌာနေတိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းအရ မြေယာပိုင်ဆိုင်မှုများ၊ စိုက်ပျိုးလုပ်ကိုင်စား သောက်မှု များကို ထိခိုက်ဆုံးရှုံးစေပြီး စီးပွားရေး၊ လူမှုရေးများကို ထိခိုက်စေသည်ဟု မြေယာအရေး ဆောင်ရွက်နေသူများ က တောက်လျှောက်ဝေဖန် ထောက်ပြမှုများ ရှိခဲ့သည်။