ပူတာအို စစ်ဘေးရှောင်များ အနွေးထည်နှင့် စောင်များ အရေးပေါ် လိုအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်။

ကချင်ပြည်နယ်၊ ပူတာအိုမြို့ရှိ စစ်ဘေးရှောင် ပြည်သူများ ဆောင်းတွင်းကာလ အနွေးထည်၊ စောင်များ အရေးပေါ်လိုအပ်နေပြီး လမ်းပန်းဆက်သွယ်ရေးကြောင့် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေသည်ဟု စစ်ရှောင်များနှင့် စခန်းတာဝန်ခံများ က ပြောသည်။

ပူတာအိုမြို့ ၊ လုံးစွတ်ရပ်ကွက်ရှိ လုံးစွတ် KBC စစ်ရှောင်စခန်းတွင် အိမ်ထောင်မိသားစု ၆၁ စု၊ လူဦးရေ ၂၈၀ ကျော်ရှိပြီး ၎င်းတို့အတွက် အရေးပေါ်အကူအညီများ လိုအပ်နေခြင်းဖြစ်သည်ဟု စစ်ရှောင်စခန်း တာဝန်ခံ က ပြောသည်။

စစ်ရှောင်စခန်း တာဝန်ခံ ဦးဖုန်ထိန် က “အစကတော့ အကူညီပေးတဲ့အဖွဲ့တွေက ဆန်၊ ဆီ၊ ဆားတွေ ထောက်ပံ့တယ်။ နောက်တော့ လမ်းပန်းဆက် သွယ်ရေးခက်တော့ ပိုက်ဆံပဲပေးတော့တယ်။ ပိုက်ဆံ ထုတ်ပေးတဲ့အခါ အခက်အခဲက ဒီနေရာက ရောင်းပေးတဲ့နေရာရှားတယ်။ ဒီနေရာက လမ်းပန်းဆက် သွယ်ရေး အခက်အခဲကြောင့် နဂိုကတည်းက ဝယ်ချင် တဲ့လူရှိရင်တောင် သိပ်မရောင်းချပေးနိုင်တဲ့နေရာ ဆိုတော့လေ။ အခုလောလောဆယ် စောင်တွေ၊ အဝတ်အစား ဒီအနွေးထည်တို့လည်းလိုတယ်” ဟု ပြောသည်။

“အခုနောက်ပိုင်း IDPs တွေကိုပါ ဝေဖို့ဖြစ် လာတော့ ကုန်ဈေးနှုန်းတွေတက်သွားတော့ အကုန်လုံး အခက် အခဲရှိတာပေါ့။ စစ်ရှောင်တွေက ရိက္ခာလုံလုံ လောက်လောက် မရှိကြဘူး။ ပိုက်ဆံ ထုတ်ပေးပေမယ့် ကုန် ဈေးနှုန်းကြီးတော့ စားဝတ်နေရေးအတွက် တော်တော်လေးခက်ကြတာပါ။”

ပူတာအိုမြို့ရှိ စစ်ဘေးရှောင်များမှာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်ကတည်းက တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် နှစ်ဖက်စစ်ရေးတင်းမာ မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြသူများ ဖြစ်သည်ဟု သိရသည်။

အစပိုင်းတွင် စစ်ရှောင်များအား ကူညီပေးသည့် အဖွဲ့အစည်းများ၊ အလှူရှင်များရှိခဲ့သော်လည်း နှစ်ကြာ လာသည်နှင့်အမျှ ပူတာအိုမြို့တွင် စစ်ရှောင်များ ရှိနေသေးကြောင့်ပင် မေ့လျော့လာသည့် အနေအထားများ ဖြစ်လာသည်ဟု စစ်ရှောင်များက ပြောသည်။

ထို့ကြောင့် စစ်ရှောင်များသည် နှစ်ကြာလာသည်နှင့်အမျှ ပိုမိုခက်ခဲမှုများ ရှိလာသည်ဟု စစ်ဘေးရှောင် များ က ပြောသည်။

စစ်ရှောင် ဒေါ်ဒိုင်အောင်ဘူ က “ဒီမှာက ဒီသတင်းထောက်တွေကအစ အလာနည်းတယ်။ နောက်ပြီး တခြား အကူအညီတွေလည်း သိပ်မလာဘူး။ ကြာလာလို့လားမသိဘူး။ တချို့ဆို စစ်ရှောင်တွေ ရှိမှန်းတောင် မသိ ကြဘူး။ အပြင်မှာ အလုပ်လုပ်မယ်ဆိုလည်း အလုပ်က သိပ်မရှိဘူး။ အိမ်လည်း ပြန်ချင်ပြီ။ စားနပ်ရိက္ခာက လည်း မလုံလောက်ဘူး။ WFP က ပေးတာလည်း ဆန်ဖိုးလောက်ပဲ ရတယ်။ ဟင်းဖိုးဆို မရှိဘူး။ ပြီးတော့ အနွေးထည်တို့ စောင်တို့လည်း မလောက်ဘူး။ ကျမတို့ဆီမှာက အသက်ကြီးတဲ့လူနဲ့ ကလေးတွေက ပိုများ တယ်။ ကလေးဆို ၁၀၀ ကျော်လောက်ရှိတယ်။ ခက်ခဲလို့ မပြောပြတတ်တော့ဘူး” ဟု ပြောသည်။

လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများအား စစ်ရှောင်များအနေဖြင့် နေ့စား ရရာ ကျပန်းအလုပ်များ လုပ် ကိုင်ပြီး ဖြေရှင်းနေကြရသည်ဟု စစ်ဘေးရှောင်များ က ပြောသည်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က စစ်ရှောင်များအား ဆန်၊ ဆီ၊ ဆားအတွက် ငွေကြေးထောက်ပံ့ပေးပြီး၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အခြားသော လိုအပ်ချက်အချို့ကို ထောက်ပံ့ပေးထားသည်ဟု သိရသည်။

အခြားသော အခက်အခဲများနှင့် ပတ်သက်၍လည်း ဦးဖုန်ထိန်က “နောက်တစ်ခုက ရေနဲ့မီး တော်တော် လေး အခက်အခဲပေါ့ အရမ်းခက်တယ်။ ရေက ICRC ကနေ အဝီစိတစ်ခုတူးပေးတယ်။ နောက် KBC က နေ ရေတွင်း တစ်ခုပေါ့နော်။ ဒါပေမယ့် အဲ့ဒီရေတွင်းကနေ စက်နဲ့စုပ်ရတာကိုး။ စက်နဲ့စုပ်တော့ ဆီဖိုးအရမ်း ကုန်တယ်။ စာရင်းလုပ်တော့ တစ်လအတွင်း တစ်သိန်းငါးသောင်း၊ တစ်သိန်းခြောက်သောင်း ကုန်တယ်။ နောက်ပြီး မီတာခ တစ်သိန်းလေးသောင်းကျော်ကုန်တယ်။ KBC ကနေ ထောက်ပံ့ပေးတာ တစ်လကို ၇ သောင်းပဲ ထောက်ပံ့တာကိုး။ အဆိုတော့ အဲ့ဒီကျန်တဲ့ငွေတွေက Camp ကနေ ပြန်စိုက်နေရတာပေါ့။ မီး ဖြစ်ဖြစ် ရေဖြစ်ဖြစ်ပေါ့။ Camp က လူတွေကလည်း စစ်ရှောင်တွေဆိုတော့ မပေးနိုင်ကြဘူးပေါ့နော်” ဟု ဆက်ပြောသည်။

လုံးစွတ်စစ်ရှောင်စခန်းတွင် စစ်ရှောင် လူဦးရေ ၂၈၀ ကျော်ရှိသည့်အနက် ကလေးငယ်နှင့် သက် ကြီးရွယ် အိုမှာ အယောက် ၁၅၀ အထက်ရှိသည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။

လုံးစွတ်စစ်ရှောင်စခန်းက စစ်ရှောင်များမှာ ပူတာအိုခရိုင်အတွင်းရှိ မြို့နယ် ၃ မြို့နယ်ဖြစ်သည့် မချမ်း ဘော၊ ပူတာအို၊ ခေါင်လန်ဖူးမြို့နယ်တို့မှ မပြုံးကျေးရွာ၊ အင်ခါဂါးကျေးရွာ၊ အင်ဖျီဂါးကျေးရွာ၊ ဖကန်းယန် (ခေါ်) ဂနိုင်ယန် ကျေးရွာနှင့် နှင်းတန်ဂေါင်ကျေးရွာတို့မှ ရွာသားများဖြစ်ကြသည်။

အဆိုပါစစ်ရှောင်များအနေဖြင့် နေရပ်ပြန်ရေး မဖြစ်နိုင်သည့်အတွက်လည်း ပြန်လည်နေရာ ချထားရေး အတွက် လုံခြုံမှုရှိသည့် မြေနေရာတစ်ခု ချပေးရန် တောင်းဆိုထားသည်ဟု စစ်ရှောင်များက ပြောသည်။

မြေနေရာ အခက်အခဲဖြေရှင်းပေးရေး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရထံ အကူအညီတောင်းခံ တင်ပြပေးရန် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရုံးကို ဖေဖော်ဝါရီလ ၆ ရက်နေ့က စာပို့ထားသည်ဟု သိရသည်။