တပ်နှင့် KNU တင်းမာမှု လမ်းဖောက်လုပ်မှုမှ စခဲ့ကြောင်း KNU ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မတ်လ ၃ ရက်။
တပ်မတော်ဖက်မှ ကရင့်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ ဧရိယာအတွင်းသို့ လမ်းဖောက်လုပ်ခြင်းကြောင့် နှစ်ဖက် စစ်ရေးပဋိပက္ခမှာ စတင်လာခြင်းဖြစ်သည်ဟု KNU က ပြောသည်။
လမ်းဖောက်လုပ်ရသည့် အကြောင်းရင်းမှာ တပ်ရိက္ခာပို့ဆောင်ရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက်ဟု တပ်မတော်ဘက်က ဆိုကြောင်းလည်း KNU က ပြောသည်။
ယခုအခါ တပ်မတော်ဘက်မှ တပ်မ ၃ ခု တိုးချထားပြီး စစ်ရေး တင်းမာလျက်ရှိသည်။
တပ်ရိက္ခာပို့ဆောင်မှုကို KNU အနေဖြင့် သဘောတူလက်ခံထားသော်လည်း လမ်းဖောက် လုပ်ခြင်းကို ဖြတ် သန်းခဲ့သည့် တော်လှန်ရေး အတွေ့အကြုံအရ စစ်ရေးအရဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် လက်ခံရန် ခက်ခဲသည် ဟု ပဒိုစောတာဒိုမူးက ဆိုသည်။
“ကျနော်တို့ လိုမျိုးဒီနေရာမှာ စစ်မက်ပြင်းထန်မှု တောက်လျှောက်ခံရပြီးတော့ စစ်အင်အားကိုပဲ အမြဲတမ်း တစ် ဖက်သတ်ဖိပြီးတော့ ခံစားရတဲ့ ပြည်သူလူထုနဲ့ ကျနော်တို့ရဲ့ ဖြတ်သန်းတဲ့ အတွေ့အကြုံအရဆိုရင် ဒီလမ်းဖောက်မှုသည် ဖွံ့ဖြိုးရေးခေါင်းစဉ်အောက်မှာ ရှိတယ်လို့ ကျနော်တို့ မယုံကြည်ပါဘူး။ အဲတော့ ဖွံ့ဖြိုး ရေး ခေါင်းစဉ်အောက်မှာ ရှိတယ်ဆိုရင် ဘယ်လိုမျိုး ပုံစံဖြစ်သလဲဆိုတာကိုတော့ ကျနော်တို့ ဖွံ့ဖြိုးရေး ခေါင်းစဉ် အောက်မှာ ဆွေးနွေးရပါလိမ့်မယ်။ ဖွံ့ဖြိုးရေးခေါင်းစဉ် အောက်မှာ ဆွေးနွေးရမယ်ဆိုရင်တော့ ကျနော်တို့ အခန်း ၆ အရ ကျနော်တို့ ဆွေးနွေးရပါလိမ့်မယ်။ အဲကြောင့် ဒါကြောင့် ဒီကိစ္စဟာ ဖွံ့ဖြိုးရေး ခေါင်းစ် အောက်မှာ ဖြစ်တယ်လို့ ကျနော်တို့ မယူဆပါဘူး။”
အခန်း ၆ ဆိုသည်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA တွင်ပါဝင်သော အချက်ကို ပြောခြင်းဖြစ်သည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံသည့်အချိန်များတွင် လမ်းဖောက်လုပ်မှုကို မပြုလုပ်ရန် မေတ္တာရပ်ခံတောင်းဆိုခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ဟု ပဒိုစောတာ ဒိုမူး က ပြောသည်။
“သူ့အနေနဲ့ကတော့ ဒီဟာက သူလုပ်ရမယ်ဆိုတဲ့သဘောပဲ သူပြောပါတယ်။ ဒါကြောင့် ဒီကိစ္စက ကျနော်တို့ ရှင်းရှင်းပြောရရင် NCA ကို မဏ္ဍိုင်ပြုပြီးတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ NCA အပေါ်မှာ ထွက်လာတဲ့ အခြေခံနဲ့ အဖြေရှာဖို့ထက် NCA ကို အလယ်ချပြီးတော့ ကိုယ့်ပေါ်လစီနဲ့ ကိုယ်လုပ်တဲ့ကိစ္စလို့ ကျနော်တို့ မြင်ပါတယ်။”
သို့သော် KNU အနေဖြင့် ပြေလည်မှု ရရှိသည့်အထိ NCA လမ်းကြောင်းမှတစ်ဆင့် အကြေအလည် ဆက် လက် ဆွေးနွေးသွားမည်ဟု ပြောသည်။
တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် KNU တပ်မဟာ ၅ နယ်မြေ အတွင်းသို့ တပ်မတော်ဖက်မှ တပ်အင် အား တိုးချဲ့မှုများ ရှိသည်ဟု KNU က ပြောသည်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့က KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင် (ဖာပွန်) ရှိ ဒွယ်လိုးမြို့ နယ်၊ လေးဖိုးထာအုပ်စု ထိုကလိုခီးကျေးရွာနှင့် ဘောကျိုလဲကျေးရွာ အကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက် တပ်မတော်မှ အဆိုပါ ဒေသအတွင်းသို့ တပ်အင်အားတိုးချဲ့လာသည်ဟု KNU အထွေထွေအတွင်း ရေးမှူး ပဒိုစောတာဒိုမူး က ပြောသည်။
“မြေပြင်အခြေအနေက လောလောဆယ်တော့ သူတို့ဖက်ကတော့ ဗျူဟာ ၃ ခု ထပ်ပို့ထားတာပေါ့နော်။ ဒါကရှင်းရှင်းပြောရေရင်တော့ လမ်းဖောက်တာကို အကြောင်းပြပြီး အင်အား ထပ်ပြီးများလာတယ် အင်အား တိုးချဲ့ လာတယ်လို့ ကျနော်တို့ ပြောလို့ရတာပေါ့ ဗျူဟာ ၃ ခု ဆိုပေမယ့် တပ်ရင်း ၇ ရင်းထပ် များလာတာ ပေါ့နော်။ ဆိုတော့ အခြေအနေကတော့ လောလောဆယ် အဲဒီလို ဆိုင်ထားတဲ့ အနေအထား တော့ ရှိပါတယ်” ဟု ပြောသည်။
တပ်မတော်ဖက်မှ တပ်အင်အား တိုးချဲ့မှုများ ပြုလုပ်လာသည့်အတွက် ဒေသအတွင်း စစ်ရေး ပဋိပက္ခ ပိုမို မဖြစ်လာစေရန် KNU အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA ကတိ ကဝတ် အတိုင်းသာ ဆွေးနွေးအဖြေရှာသွားမည်ဟု ဆိုသည်။
ပဒိုစောတာဒိုမူးက “ကြီးကြီးမားမားရယ်လို့ ကျနော်တို့ မမျှော်လင့်ဘူး ဘာကြောင့်လဲဆိုတော့ NCA အပေါ် မှာ တကယ်တမ်း ယုံကြည်တယ် NCA အရ ပြဿနာဖြေရှင်းလိုတယ် NCA ကိုပဲ ကျနော်တို့ ရပ်တည်ကြ ရအောင်ဆိုတဲ့ ကတိကဝတ် ပြုထားတဲ့ အခြေခံ တကယ် သံဓိဌာန်ရှိတယ်ဆိုရင်တော့ ဒီပြဿနာက ပြေလည်မှာပါ” ဟု ပြောသည်။
NCA စာချုပ်အရ နှစ်ဖက်သဘောတူ လက်ခံထားသည့် အခြေခံမူများ ရရှိအောင် လုပ်ဆောင်ခြင်း မရှိခြင်း ကြောင့် ယခုကဲ့သို့ စစ်ရေးနှင့် ဆိုင်သည့် ပဋိပက္ခများဖြစ်လာခြင်းဖြစ်သည်ဟု KNU အထွေထွေအတွင်းရေး မှူးက ဆိုသည်။
ကရင်အမျိုးသား အစည်းအရုံး KNU သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် အခြားသော တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်သည်။
နောက်ပိုင်းတွင် လားဟူ ဒီမိုကရက်တစ်ယူနီယံ LDU နှင့် မွန်ပြည်သစ်ပါတီ NMSP တို့ NCA တွင် ပါဝင်လက် မှတ်ရေးထိုးလာသည့်အတွက် လက်ရှိတွင် NCA စာချုပ်ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့ရှိသည်။
NCA လက်မှတ်ရေးထိုးထားကြသည့် ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုး သား လွတ် မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါ တီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU အဖွဲ့တို့ဖြစ်သည်။