KSPP ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီ ဖွဲ့စည်းမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မတ်လ ၅ ရက်။

ကချင် ပါတီများ ပူးပေါင်းထားသည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP က ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီ ဖွဲ့စည်းရန် အပါအဝင် အချက် ၁၀ ချက် ကို ပါတီ၏ ပထမဆုံးအကြိမ် ညီလာခံမှ ရှေ့လုပ်ငန်းစဉ်အဖြစ် ချမှတ်ခဲ့ကြသည်။

ပါတီ ဦးဆောင်မှု အပိုင်းတွင်လည်း အပြောင်းအလဲ အနည်းငယ် ရှိခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ မဂျွယ်ခန်းမတွင် ဖေဖော်ဝါရီလ ၃ ရက်မှ ၄ ရက်အထိ ၂ ရက် တာ ကျင်းပပြုလုပ်သည့် KSPP ၏ ပထမဆုံးအကြိမ် ပါတီညီလာခံမှ အဆိုပါ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ သည် ဟု KSPP ပါတီက ဆိုသည်။

KSPP ပါတီ ဒု-ဥက္ကဋ္ဌ ၁ ဒေါ်ဒွဲဘူက “ကျမတို့ မနေ့က ဆွေးနွေးထားတဲ့ ပါတီမူဝါဒတွေ နိုင်ငံရေး သဘော ထားတွေ ကျမတို့ ကျားမတန်းတူညီရေး မူဝါဒတွေ ပြီးလို့ရှိရင် ပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မနေ့က ဆွေး နွေးထားတဲ့ ပါတီရှေ့လုပ်ငန်းစဉ်တွေမှာ ကျမတို့အားလုံးခြုံပြီးမှ ကျမတို့ ပါတီရှေ့လုပ်ငန်းစဉ်တွေကို သဘာ ပတိ ကြီးကနေပြီးတော့ ညီလာခံကိုယ် စားလှယ်တွေကို မေးမြန်းပြီးမှ အားလုံးရဲ့ သဘောတူညီချက်နဲ့ အတည် ပြု နိုင်ခဲ့ပါတယ်” ဟု ပြောသည်။

KSPP ပါတီ၏ ရှေ့လုပ်ငန်းစဉ်များမှာ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကော်မတီဖွဲ့စည်းရန်၊ ရွေးကောက် ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်သည့် ကော်မတီဖွဲ့စည်းရန်၊ ပါတီရန်ပုံငွေ ဆိုင်ရာကိစ္စရပ်များ၊ ပါတီဝင်များအတွက် စွမ်းရည်မြင့်တင်ရေး သင်တန်းများပြုလုပ်ရန်၊ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံး သည့် ခရီးစဉ်များတွင် ဗဟိုကော်မတီနှင့် မြို့နယ်ကောက်မတီ ပူးပေါင်းဆောင်ရွက်ရန် တို့ဖြစ်သည်။

ထို့အပြင် ပါတီလှုပ်ရှားမှုများတွင် အမျိုးသမီးများနှင့် လူငယ်များပိုမိုပါဝင်လာအောင် လုပ်ဆောင်ရန်၊ ပါတီဆိုင်း ဘုတ်များကို ရပ်ကွက်၊ ကျေးရွာများအထိ ထောင်နိုင်အောင် လုပ်ဆောင်ရန်၊ ပါတီဝင်များ ပါတီဝင်ကဒ် ရရှိ အောင် လုပ်ဆောင်ရန်နှင့် ပါတီပြောရေးဆိုခွင့် ရှိသူများ၏ အမည်များကို ပါတီဗဟိုကော်မတီ အစည်းအဝေးမှ အတည်ပြုရွေးချယ်ပြီး တရားဝင်ထုတ်ပြန်သွားရန် အစရှိသည့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြသည်။

မိုးကောင်းမြို့နယ်မှ KSPP ပါတီ ညီလာခံသို့ တက်ရောက်လာသည့် ပါတီဝင်တစ်ဦးဖြစ်သူ ဦးတင်ဦးက ပါတီက ချမှတ်လိုက်သည့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ “ကျနော်တို့ ဒီမှာ တက်ရောက်လာတဲ့ ကိုယ်စားလှယ်က နေပြီးမှ အပြန်အလှန်ဆွေးနွေးပြီးမှ ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ရှေ့လုပ်ငန်းစဉ်တွေဖြစ်တယ် ဆို တော့ ကျနော်တို့က ဒီမှာ တစ်ဦးကောင်း တစ်ယောက်ကောင်း မဟုတ်ပဲနဲ့ အားလုံးရဲ့ ဆန္ဒအရ ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်တွေဖြစ်တဲ့အတွက် ကျနော်က ကျေနပ်ပါတယ် အားရပါတယ်” ဟု ပြော သည်။

ယခုကျင်းပပြီးစီးခဲ့သည့် KSPP ပါတီ၏ ညီလာခံတွင် ခေါင်းဆောင်ပိုင်း အချို့ အပြောင်းအလဲရှိခဲ့သည်ဟုလည်း KSPP ပါတီက ဆိုသည်။

ပါတီ ဒု-ဥက္ကဋ္ဌ ၁ ဒေါ်ဒွဲဘူက “အရင်ကျမတို့ ယာယီကော်မတီမှာတော့ ကျမတို့ ဥက္ကဋ္ဌကတော့ ဒေါက်တာ မနမ် တူးဂျာ ဖြစ်ပါတယ်။ ဒု-ဥက္ကဋ္ဌ ၁ ကတော့ ဦးခက်ထိန်နန်ဖြစ်ပါတယ်။ အခုကတော့ ဥက္ကဋ္ဌကတော့ ဒေါက်တာ မနမ်တူးဂျာဖြစ်ပြီးမှ ဒု-ဥက္ကဋ္ဌ နေရာမှာတော့ ဦးခက်ထိန်နန်နေရာမှာတော့ ကျမအနေနဲ့ပေါ့ ဒေါ်ဒွဲဘူ အနေနဲ့ ပါပါတယ်။ ဒု-ဥက္ကဋ္ဌ ၂ မှာတော့ ဦးအောင်ခမ်း၊ အရင်အတိုင်းပဲဖြစ်ပါတယ်။ ပြီးတော့ ဒု-ဥက္ကဋ္ဌ ၃ မှာတော့ ကျမတို့ ဦးမိထွယ်ဇော်လတ် ဖြစ်ပါတယ်။ နောက်ထပ် ထပ်တိုးတာက ဒု-ဥက္ကဋ္ဌ ၄ မှာတော့ ဒေါ်ဘောက်ဂျာ ထပ်တိုးပါတယ်ရှင့်” ဟု ပြောသည်။

ထို့အပြင် KSPP ပါတီ အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီအောင်နိုင်‌ရေးအတွက် အစွမ်းကုန်လုပ်ဆောင် သွားမည်ဖြစ်ပြီး ကချင်ပြည်နယ်ရှိ မြို့နယ် ၁၈ မြို့နယ်စလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု KSPP ပါတီ ဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာက ပြောသည်။

“လာမယ့် ရွေးကောက်ပွဲမှာ ကျနော်တို့က ကချင်ပြည်နယ်အတွင်း မှာပဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိပါတယ် ဘာ ကြောင့်လဲဆိုတော့ ပြည်နယ်အခြေစိုက်ဖွဲ့စည်းထားတဲ့ ပါတီဖြစ်တယ်။ ဒါကြောင့်မို့ ဒီပြည်နယ်အတွင်း ဆိုလို့ရှိ ရင်တော့ ပြည်နယ်လွှတ်တော်အတွက် ၁၈ မြို့နယ်မှာဝင်မယ်ဆိုလို့ရှိရင် ကိုယ်စားလှယ်လောင်း ၃၆ ဖြစ်သွား မယ်။ ပြီးလို့ရှိရင်တော့ အမျိုးသားလွှတ်တော် ၁၂ ယောက် ပြည်သူ့လွှတ် တော် ၁၈ ယောက် ဆိုလို့ရှိရင် အဲဒါ တွေအားလုံး ကျနော်တို့ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ အစီအစဉ် ရှိပါတယ်။ ပြည်နယ်အတွင်းမှာပဲ ပြည်နယ် ပြင်ပမှာ ကျနော်တို့ မပြိုင်သေးပါဘူး။”

KSPP ပါတီ၏ ဒု – ဥက္ကဋ္ဌ – ၄ ဖြစ်သူ ဒေါ်ဘောက်ဂျာက ကျင်းပပြီးစီးခဲ့သည့် ပထမဆုံးအကြိမ် ပါတီညီလာခံကို အားရကျေနပ်ကြောင်းနှင့် ၂၀၂၀ ပါတီအောင်နိုင်ရေးနှင့် ပတ်သက်၍ သူမ၏ အမြင်ကို ယခုကဲ့သို့ ပြောသည်။

“၂၀၂၀ ရွေးကောက်ပွဲမှာ ကျမတို့ KSPP ပါတီကနေ လုံး၀ အောင်နိုင်ရေးကို ရရှိလိမ့်မယ်လို့လည်း ကျမမျှော် လင့် တယ် ပြီးတော့ လူငယ်တွေရဲ့ အခန်းကဏ္ဍကို ကြည့်ခြင်းအား ဖြင့် လူငယ်တွေလည်း တအားတက်ကြွစွာနဲ့ ပါဝင် လာတဲ့အပေါ်မှာ ကျမအားရဝမ်းသာတယ် သူတို့ကိုလည်း ဂုဏ်ယူတယ် လူငယ်တွေ ပါဝင်လာပြီဆိုရင် ကျမတို့ရဲ့ ပါတီဟာအောင်နိုင်ဖို့ အပြည့်အဝရှိတယ်လို့ ကျမခံယူတယ်”

လောလောဆယ်အားဖြင့် မည်သည့်ပါတီနှင့်မျှ မဟာမိတ်လုပ်ထားခြင်း မရှိသေးဟု ပါတီ ဒု-ဥက္ကဋ္ဌ ၂ ဦးကွမ် ဂေါင်အောင်ခမ်းက ပြောသည်။

“ကျနော်တို့ မည် သည့်ပါတီနှင့်မှ လောလောဆယ် မဟာမိတ်လုပ်ခြင်း မရှိပါဘူး။ ရွေ းကောက်ပွဲ ပြီးမှပဲ မဟာမိတ် လုပ်မယ် ဒါပေ မယ့် တစ်ခုရှိတာကတော့ တိုင်းနှင့် ပြည်နယ် ပြည်နယ်ဖက်ကနေ အသီးသီးရှိတဲ့ ပြည်နယ်ပါတီဒေသခံ ပါတီ တွေနဲ့ အတူတကွ လက်တွဲပြီးမှ ဆောင်ရွက်မယ် ၂၀၂၀ အောင်နိုင်ပြီးမှ အတူတကွ လုပ်ပြီးမှ ဒီပါတီကြီးတွေ နဲ့ အတူတကွ လက်တွဲဆောင်ရွက် ဖို့ အကုန်လုံး စီစဉ်ထားပါတယ်။ ဒါကြောင့်မို့လည်း အဓိကကတော့ မဟာ မိတ်ဆိုတဲ့ နေရာမှာတော့ ပြည်နယ် ကိုယ်စားပြုပါတီတွေနဲ့ အတူတကွ လုပ်ဖို့ ဆန္ဒရှိပါတယ်” ပြောသည်။

၂ ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် KSPP ပါတီ၏ ပထမဆုံးအကြိမ် ပါတီညီလာခံသို့ ပါတီ ဥက္ကဋ္ဌများနှင့်အတူ ကချင်ပြည်နယ်ရှိ မြို့နယ် ၁၈ မြို့နယ်မှ ပါတီကိုယ်စားလှယ်များ စုစုပေါင်း လူဦးရေ ၃၀၀ ကျော်တက်ရောက် ခဲ့ကြသည်။