ရေဖြူတွင် မြေမြုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မတ်လ ၄ ရက်။

တနင်္သာရီတိုင်းဒေသကြီး ရေဖြူ မြို့နယ်အတွင်း မြေမြုပ်မိုင်းပေါက်ကွဲမှု ထပ်မံ ဖြစ်ပွားခဲ့သည် ဟု ဒေသခံများနှင့် မွန်ပြည်သစ်ပါတီ NMSP ထားဝယ်ခရိုင်တာဝန်ရှိသူများက ပြောသည်။

ယင်းဒေသမှာ ကရင့်အမျိုးသား အစည်းအရုံး KNU နှင့် မွန်ပြည်သစ်ပါတီတို့အကြား အငြင်းပွားနေသော ဒေသ ဖြစ်သည်။

ဖေဖော်ဝါရီ ၂၉ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်ခန့်က ရေဖြူမြို့နယ် မျောက်ချောကျေးရွာနေ ကိုစိုးဝင်း ဆိုသူက ခြံမီးလောင်နေသည်ကို သွားငြိမ်းသတ်ရန် ဆိုင်ကယ်ဖြင့် ခြံသို့အသွား လမ်းတွင် မြေမြုပ်မိုင်းနင်းမိမှု ဖြစ်ပွားခဲ့ သည်ဟု မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်တာဝန်ရှိသူက ပြောသည်။

အဆိုပါ မြေမြုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ကိုစိုးဝင်းစီးနင်းလာသည့်မော်တော်ဆိုင်ကယ်ပျက်စီးသွာပြီး ကိုစိုးဝင်း၏ လက်တွင် ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိသွားသည်။

အလယ် စခန်းကျေးရွာအုပ်ချုပ်ရေးမှူး နိုင်တင်စန်း က “အခုဖြစ်တဲ့နေရာက အလယ်စခန်းနဲ့ နည်းနည်းဝေး တဲ့ မျောက်ချောရွာအနားမှာ ဖြစ်သွားတာ ခြံမီးလောင်တာကို မီးငြိမ်းဖို့ အသွား လမ်းမှာ နင်းမိတယ်။ မိုင်းတွေ က လမ်းမှာပဲ ထောင်ထားတာ ဆိုင်ကယ်ကတော့ ပျက်စီး သွားတယ် လူကတော့ နဲနဲထိသွားတာလောက်ပဲ ဆိုင်ကယ်ထိသွားလို့ လူကသက်သာသွားပါ” ဟု ပြောသည်။

ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီးတဝိုက်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှ စပြီး ဒေသခံတို့လုပ်ကိုင်စားသောက်နေသည့် ဥယျာဉ်ခြံများ၊ ဒေသခံများ သွားလာ အသုံးပြုနေသည့် လမ်းများ တွင် မြေမြုပ်မိုင်းနင်းမိ ပေါက်ကွဲသည့်ဖြစ်စဉ် ၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုလည်း ရှိခဲ့သည်ဟု အလယ်စခန်းကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

“ခြံထဲမှာ လမ်းပေါ်မှာ မိုင်းနင်းမိတဲ့ဖြစ်စဉ် ဖြစ်ပြီးနောက်ပိုင်းမှာ လူတွေက ကြောက်ကြတာပေါ့။ တချို့ဆို ခြံမ သွားရဲကြတော့ဘူး။ တချို့ကလည်း ကြောက်ပေမယ့်လည်း မသွားလို့လဲမရ မလုပ်လို့လဲမရ သတိနဲ့ လုပ်နေကြ ရတယ်။ အခုလည်း ပေါက်ပြန်ပြီ မိုင်းတွေကို ရှင်းလင်းစေချင်တယ်” ဟု ဒေသခံတစ်ဦးဖြစ်သည့် နိုင်အောင်ကြည် က ပြောသည်။

မြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားသည့်ဒေသတဝိုက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့နှင့် မွန်ပြည် သစ်ပါတီတပ်ဖွဲ့ (NMSP) တို့ လှုပ်ရှားသွားလာနေသည့်ဒေသဖြစ်ပြီး တစ်ခါတစ်ရံ မြန်မာ့တပ်မတော် တပ်ဖွဲ့ များလည်း သွားလာလေ့ရှိသည်ဟု သိရသည်။

မြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားသည့်ဒေသတွင် KNU ဘက်မှ သစ်များခိုးထုတ်နေမှုကြောင့်လည်း NMSP နှင့် (KNU) တပ်ဖွဲ့တို့အကြား အငြင်းပွားမှုဖြစ်ပွားနေသည့် ဒေသလည်း ဖြစ်ပြီး မြေမြုပ်မိုင်းကိစ္စနှင့် ပတ်သက်၍ ၎င်းတို့ထောင်ထားခြင်းမဟုတ်ကြောင်း နှစ်ဖွဲ့စလုံးက ငြင်းဆိုထားသည်။

ရေဖြူမြို့ နယ်အတွင်းက မြေမြုပ်မိုင်းကိစ္စကို ဖြေရှင်းနိုင်ရန် မွန်ပြည်သစ်ပါတီက အစိုးရကို တင်ပြထားသလို ကရင်အမျိုးသားအစည်းအရုံး KNU နှင့်လည်း ညှိနှိုင်းဆွေးနွေးနေသည်ဟုဆိုသော်လည်း ယနေ့အချိန်ထိ တစ်စုံတစ်ရာ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးပေ။