ရွေ့ပြောင်းသူများ နေရာသစ်တွင် မဲပေးခွင့် တိုင်းရင်းသား ပါတီများ ကန့်ကွက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မတ်လ ၁၀ ရက်။

ရွေ့ပြောင်းသူများ ရက် ၉၀ နေထိုင်ရုံဖြင့် ဒေသသစ်တွင် မဲပေးခွင့်ပြုခြင်းကို တိုင်းရင်းသား ပါတီများက ကန့်ကွက်လိုက်ကြသည်။

လာမည့်ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်ပြင်ပရောက်သူများကို မူရင်းဒေသအတွက် ကြိုတင်မဲဖြင့်သာ ဆောင်ရွက်သင့်သည်ဟု တိုင်းရင်းသားပါတီများက ထောက်ပြကြသည်။

မဲဆန္ဒနယ်ပြင်ပရောက်သူများအနေဖြင့် အနည်းဆုံးရက်ပေါင်း ၉၀ ထက်မနည်း နေထိုင်ရုံဖြင့် ၎င်းတို့ရောက် ရှိနေသော မဲဆန္ဒနယ်တွင် မဲပေးခွင့်ပြုသည့်အပေါ် တိုင်းရင်းသားပါတီအများစုက ကန့်ကွက်နေကြသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော် က “သူတို့ (မဲဆန္ဒနယ်ပြင်ပရောက်သူတွေ) ထွက် ခွာလာတဲ့ဒေသကိုပဲ ကြိုတင်မဲအနေနဲ့ ဆောင်ရွက်ပေးခြင်းအားဖြင့် လူနည်းစု တိုင်းရင်းသားတွေရဲ့ နယ်မြေမှာ လည်း ထိခိုက်မှုမရှိဘူး၊ အဲဒီရွှေ့ပြောင်းသွားလာနေတဲ့သူတွေလည်း နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ဖြစ်တဲ့ မဲဆန္ဒကိုလည်း ပေးနိုင်လိမ့်မယ် ဒါက ပိုပြီးတော့ သင့်တော်မယ်” ဟု ပြောသည်။

မဲဆန္ဒနယ်ပြင်ပရောက်သူများ မဲပေးခွင့်နှင့် ပတ်သက်ပြီး လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ(၁၀)တွင် ပါရှိသော “အနည်းဆုံးရက်ပေါင်း ၁၈၀ ထက်မနည်း” ဆိုသည့်စကားရပ်ကို “အနည်းဆုံးရက်ပေါင်း ၉၀ ထက်မနည်း” ဆိုသည့် စကားရပ်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အစားထိုးပြင်ဆင်ချက်အား ပြည်သူ့လွှတ်တော်တွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့က မဲခွဲအတည်ပြုထားသည်။

ရက်ပေါင်း ၉၀ ကျော်နေထိုင်သည်ဆိုရုံဖြင့် အဆိုပါဒေသ၏ကိုယ်စားလှယ်အား ရွေးချယ်မဲပေးခွင့်ရရှိခြင်းသည် ဒေသခံများ၏ ဆန္ဒသဘောထားများအပေါ် များစွာထိခိုက်စေသည့်အပြင် မူလဒေသခံများ၏ ဆန္ဒကို ဝင် ရောက်စွက်ဖက်နိုင်ခွင့် ပေးလိုက်သကဲ့သို့ဖြစ်စေသည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့အပါအဝင် တိုင်းရင်းသား ၁၄ ပါတီ က ကြေညာချက်ထုတ် ကန့်ကွက်ထားသည်။

မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင် က “ယာယီ ရွှေ့ပြောင်းလုပ်သားတွေ မဲပေးပိုင်ခွင့်ကို နေရပ်ပြန်ပြီး မဲပေးတဲ့စနစ် ဒါမှမဟုတ် ကြိုတင်မဲပေးတဲ့စနစ်ဖြင့်သာ တရားနည်းလမ်းကျကျ အကောင်အ ထည်ဖော်သင့်တယ်၊ ဒီမြို့ နယ်မှာ ယာယီလာနေတယ် ဒီမြို့နယ်က ကိုယ်စားလှယ်ကို မဲပေးတာ မဖြစ်သင့်ဘူး။ သူ့မြို့ နယ်က ကိုယ်စားလှယ်ပဲ သူပေးသင့်တယ်” ဟု ပြောသည်။

မဲဆန္ဒနယ်ပြင်ပရောက်သူများ မဲပေးခွင့်နှင့် ပတ်သက်ပြီး လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ(၁၀) ပါ အတိုင်း ဆန္ဒမဲပေးခွင့်ပြုပါက ရွေးကောက်ပွဲရလာဒ်ကို အပြောင်းအလဲဖြစ်စေသောကြောင့် ရွေးကောက်ခံ ကိုယ် စားလှယ်၏ ကိုယ်စားပြုသည် စစ်မှန်သော ကိုယ်စားပြုမှု မဖြစ်ဘူးဟုလည်း နိုင်စံတင် က ဆက်ပြောသည်။

မဲဆန္ဒနယ်ပြင်ပရောက်သူများအား အနည်းဆုံးရက်ပေါင်း ၉၀ ထက်မနည်း နေထိုင်ရုံဖြင့် ၎င်းတို့ ရောက်ရှိနေ သော မဲဆန္ဒနယ်တွင် မဲပေးခွင့်ပြုခြင်းသည် လူနည်းစုဖြစ်သည့် တိုင်းရင်းသားဒေသများအတွက် ထိခိုက်နစ်နာ မှုများ ရှိသည်ဟုဆိုကာ တိုင်းရင်းသားပါတီတို့က ကန့်ကွက်နေကြသည်။

ကချင်အမျိုးသားကွန်ဂရက်ပါတီကလည်း မဲဆန္ဒနယ်ပြင်ပရောက်သူများအား ရက် ၉၀ နေထိုင်ရုံဖြင့် ၎င်းတို့ ရောက်ရှိရာ မဲဆန္ဒနယ်တွင် မဲပေးခွင့်ပြုသည့်ကိစ္စအား ကန့်ကွက်ကြောင်းနှင့် ၎င်းတို့အား ကြိုတင်မဲဖြင့် ဆောင်ရွက်ရန် ဆန္ဒထုတ်ဖော်ခဲ့သည်။

မဲဆန္ဒနယ်ပြင်ပရောက်သူများအား လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ(၁၀) ပါအတိုင်း ဆန္ဒမဲပေး ခွင့်ပြုခြင်းသည် ရွေးကောက်ပွဲ၏ လွတ်လပ်တရားမျှတမှုကိုလည်း ထိပါးရာရောက်သည်ဟုလည်း တိုင်းရင်း သားပါတီများက ထောက်ပြထား ကြသည်။