ယခုနှစ် သုံးလအတွင်း တိုက်ပွဲ ၃၀ နီးပါး ဖြစ်ပွားဟု TNLA ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မတ်လ ၁၂ ရက်။

တပ်မတော်နှင့် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့အကြား ယခုနှစ် ၃ လတာ ကာလအတွင်း တိုက်ပွဲပေါင်း အကြိမ် ၃၀ နီးပါးခန့် ဖြစ်ပွားခဲ့သည် ဟု PSLF/TNLA က ဆိုသည်။

PSLF/TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က “၃၀ ဝန်းကျင်လောက်တော့ ရှိပြီ အတိအကျကတော့ ပြန်ကြည့်မှရမယ်ပေါ့။ အကြမ်းဖျင်းကတော့ ၃၀ ဝန်းကျင် လောက်ရှိပြီ။ နယ်မြေကတော့ အစုံဖြစ်တယ် ကျနော်တို့ လှုပ်ရှားတဲ့ နယ်မြေအကုန်လုံးနေရာ ဒေသတွေမှာဖြစ်ပါတယ်” ဟုပြောသည်။

“ကျနော်တို့ဆီမှာတော့ မကြာခဏဖြစ်တယ်။ အဓိကကတော့ ထိုးစစ်ကြောင့် ဖြစ်တယ်။ ကျနော်တို့ ဒီလထဲ မှာလည်း အနီးစပ်ဆုံးက မတ်လ ၃ ရက်နေ့လည်းဖြစ်ပါတယ်။ ရပ်တန့်တာတော့ မရှိဘူး ဒီဖေဖော်ဝါရီလ ထဲ မှာတော့ ၁၀ ကြိမ်ကျော်ဖြစ်တယ်။”

၂၀၂၀ ခုနှစ် ဇန္နဝါရီလမှ မတ်လ ဒုတိယ အပတ်အထိ ၃ လတာ ကာလနီးပါး အတွင်း PSLF/TNLA လှုပ်ရှားရာ ဒေသ အားလုံးနီးပါးတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က ဆိုသည်။

လက်ရှိတွင် တိုက်ပွဲများမှာ ရပ်တန့်သွားခြင်း မရှိပဲ ဆက်လက်ဖြစ်ပွားနေပြီး မတ်လ ၁၀ ရက်နေ့ ကလည်း တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု PSLF/TNLA က ပြောသည်။

“မနေ့က ကျောက်မဲမြို့နယ် မိုင်လုံမြို့နယ်ခွဲထဲက ဒီ ရွှေညောင်ပင်နဲ့ တံတေးရွာကြားမှာဖြစ်တယ်။ ကျနော်တို့ဆီ မှာတော့ မကြာခဏဖြစ်တယ်။ အဓိကကတော့ ထိုးစစ်ကြောင့် ဖြစ်တယ်။ ထိုးစစ်တွေ တအားများတော့ ကျနော်တို့က ပြောရမယ်ဆိုရင်တော့ ကျနော်တို့ လှုပ်ရှားတဲ့ နေရာ ဒေသမရွေး တိုက်ပွဲဖြစ် နိုင်တဲ့ နေရာတွေ အကုန်လုံးဖြစ်နေတယ် ဒီတောက်လျှောက်သူတို့ကလိုက်တယ် ကျနော်တို့နဲ့ ထပ်ချပ်မကွာ ဒီမနေ့ကလည်း ဒီအတိုင်းပဲ ကျနော်တို့က တောထဲမှာ ရှိနေတဲ့ အချိန် သူတို့ကလည်းထိုးစစ်တက်လာတယ် အဲဒီမှာ တိုက်ပွဲဖြစ် သွားတာဖြစ်တယ်။”

လက်ရှိတွင်လည်း တပ်မတော်ဖက်မှ PSLF/TNLA လှုပ်ရှားရာဒေသဖြစ်သည့် ကွတ်ခိုင်၊ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန် အစရှိသည့် ဒေသများသို့ တပ်အင်အား တိုးချဲ့လာသည့်အတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်သည်ဟု PSLF/TNLA က ပြောသည်။

တပ်မတာ်နှင့် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားမှု အခြေအနေများနှင့် ပတ်သက်၍ တပ်မတော်ဖက်မှ သဘော ထားကို သိရှိနိုင်ရန် တပ်မတော် သတင်းမှန်ပြန်ကြားရေးမှ ပြောရေးဆိုခွင့် ရှိသူများကို ဆက်သွယ်သော်လည်း မရသေးပေ။

တိုက်ပွဲဖြစ်ပွားနေသော်လည်း အလုံးစုံ၏ အဖြသည် တွေ့ဆုံဆွေးနွေးရေးဖြစ်သည့်အတွက် တွေ့ဆုံဆွေးနွေး မှုလမ်းကြောင်းအတိုင်း အစိုးရ၊ တပ်မတော်နှင့် ဆက်လက်လုပ်ဆောင်သွားမည်ဟု ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။

“တွေ့ဆုံဆွေးနွေးမှုမှာကတော့ တိုက်ပွဲ မရှိရင် ပိုပြီး အဆင်ပြေတာပေါ့နော တစ်ဖက်နဲ့ တစ်ဖက် စကားပြောတဲ့ အချိန် ပိုပြီး အဆင်ပြေတယ် အပြန်အလှန် ယုံကြည်မှု ပိုရှိတာပေါ့ တိုက်ပွဲမရှိတာထက် စာလို့ရှိရင် တိုက်ပွဲ ရှိ လာပြီဆိုရင်တော့ အထိုက်အလျောက်တော့ အဟန့်အတားဖြစ်တယ်။ တွေ့ဆုံဆွေးနွေးမှု ရှိမှပဲ ဒီတိုက်ပွဲက ချုပ်ငြိမ်းနိုင်မှာဖြစ်တယ်။”

သို့သော် တွေ့ဆုံဆွေးနွေးရန် မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်များနှင့်အတူ PSLF/TNLA အနေဖြင့် အဆင်သင့် ရှိနေသည်ဟု TNLA က ပြောသည်။

မကြာသေးမီက မြောက်ပိုင်း ညီနောင် မဟာမိတ် သုံးဖွဲ့က တစ်ဖက်သပ် အပစ်ရပ်မှုကို တိုးမြှင့်ကြောင်း ကြေညာခဲ့သေးသည်။ ညီနောင်မဟာမိတ် သုံးဖွဲ့မှာ PSLF/TNLA၊ ရက္ခိုင့်တပ်တော် AA ၊ မြန်မာအမျိုးသားများ မဟာမိတ် ဒီမိုကရက်တစ် တပ်မတော် MNDAA တို့ ဖြစ်သည်။