ရှမ်းမြောက်တိုက်ပွဲကြောင့် ဒေသခံ ၁၀၀ ကျော်ထွက်ပြေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မတ်လ ၁၂ ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း တိုက်ပွဲကြောင့် ဒေသခံ ၁၀၀ ကျော် မိုးမိတ်မြို့နယ်ရှိ လွယ်ဆာကျေးရွာသို့ စစ်ဘေး ရှောင်လာကြသည်။
မတ်လ ၁၀ ရက်နေ့ က မိုးမိတ်မြို့နယ် ရွှေညောင်ပင်ကျေးရွာ အုပ်စု အတွင်း တပ်မတော်နှင့် TNLA တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံ တစ်ရာကျော် စစ်ဘေး ရှောင်လာသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူ လွယ်ဆာကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
စစ်းဘေးရှောင်များအား ကူညီပေးသူ လွယ်ဆာကျေးရွာမှ မိုင်းစိုးမိုးသိန်းက “ရွှေညောင်ပင်နဲ့ ဆိုင်းလိန်ရွာ ၂ ရွာပေါ့နော် စစ်ရှောင်လာတဲ့ သူက ၁၂၅ ယောက်ရှိတယ်။ အခုနေရာ ချထားပေးတာက ဒီလွယ်ဆာရွာဦး ကျောင်းမှာပေါ့” ဟု ပြောသည်။
ရွှေညောင်ပင်ကျေးရွာ၏ အရှေ့မြောက်ဖက်တွင် တပ်မတော်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားသံများကို ကြားရ သည့်အတွက် ဒေသခံများမှ ကြောက်လန့်ကာ ထွက်ပြေးလာကြခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များကို အကူအ ညီပေးသူက ဆိုသည်။
တိုက်ပွဲဖြစ်ပွားသည့် အခြေအနေနှင့် ပတ်သက်၍ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ယခု လိုပြောသည်။
“မနေ့က ကျောက်မဲမြို့နယ် မိုင်လုံမြို့နယ်ခွဲထဲက ဒီ ရွှေညောင်ပင်နဲ့ တံတေးရွာကြားမှာဖြစ်တယ်။ ထိုးစစ်တွေ တအားများတော့ ကျနော်တို့က ပြောရမယ်ဆိုရင်တော့ ကျနော်တို့ လှုပ်ရှားတဲ့ နေရာဒေသမရွေး တိုက်ပွဲဖြစ် နိုင်တဲ့ နေရာတွေ အကုန်လုံးဖြစ်နေတယ်။ ဒီတောက်လျှောက်သူတို့ကလိုက်တယ်။ ကျနော်တို့နဲ့ ထပ်ချပ်မကွာ ဒီမနေ့ကလည်း ဒီအတိုင်းပဲ ကျနော်တို့က တောထဲမှာ ရှိနေတဲ့ အချိန် သူတို့ကလည်းထိုးစစ်တက်လာတယ်။ အဲဒီမှာ တိုက်ပွဲဖြစ်သွားတာဖြစ်တယ်။”
လက်ရှိတွင် စစ်ဘေးရှောင်များ၏ နေထိုင်စားသောက်ရေးကို ဒေသခံများနှင့် လူမှုကူညီရေးအဖွဲ့များက ကူညီ လုပ် ဆောင်ပေးနေသည်ဟု မိုင်းစိုးမိုးသိန်း က ပြောသည်။
“သူတို့စား ဝတ်နေရေးက ကျနော်တို့ လွယ်ဆာ ရပ်မိရပ်ဖတွေ ရွာလူကြီးတွေ စုပေါင်းပြီးမှ ကျနော်တို့ လူမှုအဖွဲ့ အစည်းတွေနဲ့ ဝိုင်းဝန်းပြီးမှ လုပ်ပေးနေတာပေါ့ အဆင်ပြေအောင်။”
စစ်ဘေးရှောင်လာကြသည့် ဒေသခံများမှာ မိုးမိတ်မြို့နယ် ရွှေညောင်ပင်ကျေးရွာအုပ်စု ရွှေညောင်ပင်ကျေး ရွာမှ ဒေသခံများ နှင့် မန္တလေး တိုင်း မိုးကုတ်မြို့နယ် ပိန်းပြစ်ကျေးရွာမှ ဒေသခံများဖြစ်သည်ဟု ရှမ်းပြည်နယ်မြောက် ပိုင်း လာရှိုးတွင် အခြေစိုက်သည့် တအာင်းအမျိုးသမီး အဖွဲ့အစည်း TWO မှ ပြောရေးဆို ခွင့်ရှိသူ လွေးချိဆငါး ကပြောသည်။
“အခုဖြစ်တဲ့ ပုံစံဆိုရင်တော့ အခုပြေးလာတဲ့ လူတွေက မိုးကုတ်မြို့နယ်ထဲက ရွာလည်းပါသလို မိုးမိတ်မြို့ နယ် ထဲက ရွာပါတယ်ဆိုတော့ တိုက်ပွဲကတော့ အဲဒီမိုးကုတ်နဲ့ မိုးမိတ်နဲ့ နယ်စပ်ကြားပုံစံမျိုးတော့ ဖြစ်သွားတာပေါ့။”
စစ်ဘေးရှောင်များအနေဖြင့် လက်တလောတွင် အဆင်ပြေမှု ရှိသော်လည်း အချိန်ကြာလာမည်ဆိုပါက လိုအပ် ချက်များစွာ ရှိလာနိုင်သည်ဟု လွေးချဆငါး က ဆက်ပြောသည်။
“လောလောဆယ်က အဲဒီရွာမှာ ရှိနေတဲ့ လူမှုအဖွဲ့အစည်းတစ်ချို့ရယ် လူကယ် ပြန်က သွားရောက်ကူပေး တယ် လို့တော့ ကြားရတယ်။ လောလောဆယ်တော့ စားဖို့သောက်ဖို့နဲ့ နေထိုင်ဖို့က အဆင်ပြေတယ်လို့ ပြောတယ်။ ဒါပေမယ့် သူတို့ ဘယ်အတိုင်းအတာထိ နေမလဲ ဘယ်အချိန်ထိနေမလဲ ဆိုတဲ့ အပေါ်မှာပဲ အခြေခံပြီးမှ သူတို့ လိုအပ်ချက်တွေ ရှိမယ်” ဟု ပြောသည်။
လွယ်ဆာကျေးရွာသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များမှာ များသောအားဖြင့် ကလေးငယ်နှင့် သက်ကြီး ရွယ်အိုများဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ကျန်ဒေသခံများမှာ ရွာစောင့်အဖြစ် ကျန်ခဲ့သည် ဟု ဆိုသည်။