ရေဖြူမြို့နယ်တွင် မြေမြျုပ်မိုင်း ၂ လုံး ပေါက်ကွဲ၊ ရွာသားနှစ်ဦး ဒဏ်ရာရ။

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မတ်လ ၁၁ ရက်။

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် အတွင်း မြေမြုပ်မိုင်း နင်းမိမှု ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ဒေသခံ နှစ်ဦးဒဏ်ရာ ရရှိခဲ့သည်ဟု မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် တာဝန်ရှိသူများနှင့် ဒေသခံများက ပြောသည်။

မတ်လ ၁၁ ရက်နေ့ (ယနေ့) နံနက် ၈ နာရီနှင့် ၉ နာရီဝန်းကျင်ခန့်က မျောက်ချောကျေးရွာနှင့် ကလယ်ကျေး ရွာအကြားတွင် မြေမြုပ်မိုင်းနင်းမိမှု နှစ်ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်တာဝန်ရှိသူက ပြောသည်။

“ဒီမနက် ၈ နာရီလောက်မှာ တော်လဝီ(မျောက်ချောကျေးရွာ) ကနေ ကလယ်ရွာဘက်မှာ ရေပိုက်သွယ် ထား တာရှိတယ်။ အဲဒီရေပိုက်ကို သွားပြင်ရင်း နင်းမိတာ။ မိုင်းတွေက ရေပိုက်ဘေးမှာပဲ ထောင်ထားတယ်၊ နောက် ၉ နာရီလောက်မှာ အဲဒီဘက်ခြမ်းမှာပဲ ခြံသွားတာ လမ်းမှာပဲ နင်းမိတယ်” ဟု မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် တာဝန်ရှိသူတစ်ဦး က ပြောသည်။

မြေမြှုပ်မိုင်းနင်းမိသူ ဒေသခံ နှစ်ဦး စလုံး ခြေထောက်တွင် ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြ ပြီး ယခုခါ မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိသည် ဟု အဆိုပါ တာဝန်ရှိသူ က ပြောသည်။

မြေမြုပ်မိုင်းနင်းမိမှု ဖြစ်ပွားနေသည့် နေရာ အနီးတဝိုက်တွင် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် မွန်ပြည်သစ်ပါတီ NMSP တို့ စခန်းများရှိနေပြီး၊ တပ်မတော် စစ်ကြောင်းများလည်း ဖြတ်သန်းသွား လာမှု ပြုလုပ်နေသည့် နေရာများဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“တော်လဝီလို့ခေါ်တဲ့ မျောက်ချောကျေးရွာက အလယ်စခန်းနဲ့တော့ နဲနဲဝေးတယ်၊ မျောက်ချောက မွန်ပြည်သစ် ပါတီနယ်မြေပေါ့ ကလယ်ကျေးရွာဘက်ကတော့ KNU နေနေတဲ့နေရာပေါ့ အဲနေရာက မွန်ပြည်သစ်ပါတီနဲ့ KNU ကြားနေရာပေါ့” ဟု အလယ်စခန်းကျေးရွာအုပ်ချုပ်ရေးမှူး နိုင်တင်စန်းက ပြောသည်။

သို့သော်လည်း မြေမြုပ်မိုင်းကိစ္စနှင့် ပတ်သက်၍ KNU နှင့် NMSP တို့ နှစ်ဖွဲ့စလုံးက ၎င်းတို့ထောင်ထားခြင်း မဟုတ်ကြောင်း ငြင်းဆိုထားကြသည်။

ဖေဖော်ဝါရီ ၂၉ ရက်နေ့ကလည်း ရေဖြူမြို့ နယ် မျောက်ချောကျေးရွာနေအနီးတွင် ခြံမီးလောင်နေသည်ကို မီးငြိမ်းသတ်ရန်သွားသူတစ်ဦး ဆိုင်ကယ်ဖြင့် မြေမြုပ်မိုင်းနင်းမိမှုဖြစ်ပွားခဲ့သေးသည်။

ယခုမြေမြုပ်မိုင်းနင်းမိမှု ဆက်တိုက်ဖြစ်ပွားနေသည့်နေရာနှင့် အနည်းငယ်ဝေးသည့် ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီးတဝိုက်တွင်လည်း ပြီးခဲ့သည့် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်အတွင်းက မြေမြုပ်မိုင်းနင်းမိမှု ၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုလည်း ရှိခဲ့သည်။

မြေမြုပ်မိုင်းနင်းမိမှုကြောင့် ဥယျာဉ်ခြံ စိုက်ပျိုးရေး လုပ်ငန်းများကိုသာ အဓိက လုပ်ကိုင်စားသောက်နေ ကြ သည့် ဒေသခများမှာ ယခုခါ စိုးရိမ်ကြောက်လန့်နေကြသည်။ မြေမြုပ်မိုင်း အန္တရာယ်ကြောင့် ကြောက်ရွံ့ ပြီး ခြံထဲပင် မသွားရဲပဲဖြစ်နေကြသည်ဟု ဒေသခံများက ပြောသည်။

မြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားသည့်ဒေသတွင် KNU ဘက်မှ သစ်ထုတ်နေမှုကြောင့်လည်း မွန်ပြည်သစ် ပါတီ (NMSP) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့တို့အကြား နယ်မြေအငြင်းပွားမှုဖြစ်ပွားနေ သည့် ဒေသလည်း ဖြစ်သည်။

ရေဖြူမြို့ နယ် အတွင်းက မြေမြုပ်မိုင်းကိစ္စကို ဖြေရှင်းနိုင်ရေး မွန်ပြည်သစ်ပါတီက အစိုးရကို တင်ပြထားသလို ကရင်အမျိုးသားအစည်းအရုံး KNU နှင့်လည်း ညှိနှိုင်းဆွေးနွေးနေကြသည်။

သို့သော်လည်း ယနေ့အချိန်ထိ တစ်စုံတစ်ရာ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးပေ။