ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် တစ်ရှူးငှက်ပျော အလုပ်သမားများ လုပ်ခ နစ်နာမည်ကို စိုးရိမ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မတ်လ ၁၂ ရက်။
လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် အသက်ရှုလမ်းကြောင်းဆိုင်ရာ အဆုတ်ရောင်ရောဂါအား ကပ်ဘေး အန္တရာယ် ဖြစ်စဉ်အတွင်းသို့ ထည့် သွင်းလိုက်မည်ဆိုပါက သဘာဝဘေးအန္တရာယ် ဖွင့်ဆိုမှုတွင် အကျုံးဝင်ပြီး လုပ်ခလစာရရှိရေးမှာ နစ်နာသွားနိုင်သည်ဟု တရုတ်တစ်သျှူး ငှက်ပျောခြံစောင့် လုပ်သားများ က ပြောသည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းက ငှက်ပျောခြံတွင် ငှက်ပျောခြံစောင့်အဖြစ် လာရောက် လုပ်ကိုင်နေ သည့် ကသာမြို့ မှ ကိုဝင်းမျိုးအောင်က “ကျနော်ကတော့ အဲလိုမျိုး သဘာဝဘေးထဲကို ထည့်လိုက်မယ် ဆိုရင် လည်း ကျနော်တို့ဖက်မှာ နစ်နာမှု အများကြီး ရှိသွားပြီပေါ့” ဟု ပြောသည်။
တရုတ်တစ်သျှူးငှက်ပျောခြံစောင့် လုပ်သားများ အနေဖြင့် အလုပ်လုပ်ကိုင်နိုင်ရန် ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုစဉ် က သဘာဝဘေးနှင့် စစ်မက်ဖြစ်ပွားလာပါက လုပ်ခလစာများကို ကုမ္ပဏီများဘက်က ပေးချေမည်မဟုတ်ဟု စာချုပ်ထဲတွင် ထည့်သွင်း ချုပ်ဆိုခဲ့သည်။
ကသာမြို့ မှ ကိုကျော်နိုင်ဝင်းကလည်း “သဘာဝအန္တရာယ်နဲ့ စစ်ဒဏ်နဲ့ကျတော့ ကျနော်တို့ အဲဒါနဲ့ကျတော့ မသေချာဘူး။ အလျော်တွေဘာတွေ မရဘူးပေါ့။ ကျန်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးရင်တော့ တစ်ဝက်နှုန်းလောက် တော့ ပြန်ရတယ်။ အဲလိုမျိုးတော့ ရတယ် ဟိုလိုကတော့ အပြည့်အစုံတော့ မရဘူးပေါ့” ဟု ပြောသည်။
ကချင်ပြည်နယ်အတွင်းက တရုတ်နယ်စပ်အဝင်ဂိတ်များမှာလည်း ပုံမှန်ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေး သောကြောင့် အချို့ ငှက်ပျောခြံများမှာ ငှက်ပျောသီးများ ခူးရန် အချိန်ကျော်လွန်နေသော်လည်း ယနေ့အချိန်ထိ မခူးနိုင်ပဲ ရှိနေသေးသည်ဟု ခြံလုပ်သားများက ပြောသည်။
ယခုခါ နယ်စပ်ဂိတ်များမှ ငှက်ပျောကားများ ယခင်ကကဲ့သို့ ပုံမှန် ဖြတ်သန်းသွားလာနိုင်ခြင်း မရှိသေးခြင်း ကြောင့် လုပ်ခလစာပိုင်း နစ်နာမည်ကို စိုးရိမ်နေကြသည်ဟု ပြောသည်။
လက်ရှိဖြစ်ပွားနေသည့် ရောဂါကြောင့် လုပ်ခလစာ ပေးချေ မှုနှင့် ပတ်သက်၍ နစ်နာမှုဖြစ်လာနိုင်သည်ဟု ကိုဝင်းမျိုးအောင်က ပြောသည်။
“စာချုပ်ထဲမှာကျတော့ သူတို့ဖက်ကို အဓိကထားပြီးတော့မှ အသာစီးချုပ်ထားတာများတယ် ကျနော်တို့ဖက်ကို ဘာမှ ကြည့်ရှု့စောင့်ရှောက်မှု အားနည်းတာပေါ့နော်။ အဲဒါမျိုးတွေရှိတယ်။ သူစာချုပ်ထဲမှာ ရေးထားတာက တော့ သဘာဝဘေးနဲ့ ပတ်သက်ရင်လည်း သူလျော်ကြေးမပေးနိုင်ဘူး။ စစ်ဘေး ဘာညာဆိုလို့ရှိရင်လည်း သူတို့ လျော်ကြေး မပေးနိုင်ဘူး။ အဲဒါက သူတို့ တာဝန်မယူထားဘူး။ တာဝန်မယူထားတာက အကုန်လုံးနီးပါး ပါပဲ သူတို့က လုပ်ငန်းကိုလုပ် ဒါပဲ သူတို့ခိုင်းတာလုပ် ဒါပဲ။”
လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာ အဆုတ်ရောင် ရောဂါကြောင့် အခြားကုမ္ပဏီများတွင် တရုတ်တစ်သျှူး ငှက် ပျော ခြံစောင့် လုပ်သားများအား ကုမ္ပဏီဖက်မှ လုပ်ခလစာ ပေးချေမှု အနည်းငယ်လျော့ချမှု ရှိသည်ဟု ဆို သည်။
သို့သော် ၎င်းတို့အား ကုမ္ပဏီမှ လက်ရှိအချိန်အထိ ပုံမှန်လစာအတိုင်းသာပေး ချေနေသေးသည်ဟု ကိုကျော် နိုင်ဝင်း က ပြောသည်။
“လခကတော့ ဒီမှာတော့ အဲလိုမရှိဘူး ထုတ်ပေးတယ်။ ဒါပေမယ့် ဟိုကျန်းခန်းဖက်မှာတော့ သူတို့ တစ် ယောက် တစ်သိန်းကို အခုကျတော့ အဲဒီရောဂါနဲ့ ပတ်သက်ပြီးမှ သူတို့ ငါးသောင်းပဲ တစ်ယောက်ကို ပေး တော့တယ်။ အဲလိုတော့ ကြားတယ် ကျနော်တို့ ဒီမှာတော့ အဲလိုတော့ မဟုတ်ဘူး အပြည့်ပေးတယ်။ တစ်လ ကို တစ်သိန်းတော့ လူတစ်ယောက်ကို။”
ထိုကြောင့် ကိုရိုနာ အဆုတ်ရောင်ရောဂါကို သဘာဝဘေးထဲသို့ ထည့်သွင်းခြင်းမျိုးမဟုတ်ပဲ ၎င်းတို့ ပင်ပန်း စွာ လုပ်ကိုင်ခဲ့သည့် အရာများအတွက် အကျိုးအမြတ်များကို ကုမ္ပဏီဖက်မှ ပုံမှန်အတိုင်းသာ ပေးချေစေချင်သည် ဟု တရုတ်တစ်သျှူးငှက်ပျောခြံစောင့် လုပ်သားများ က ပြောသည်။
“တစ်နှစ်လုံးလုံး ဒုက္ခခံရတာ ပင်ပင်ပန်းပန်းနဲ့ မိုးရွာလည်း လုပ်ရတာပဲ မိုးရွာလို့ ဆိုပြီးတော့ ကိုယ့်ဟာကို နား နေလို့လည်း မရဘူး။ ရေးကြီးရင်လည်း လုပ်ရတယ်၊ နေပူတယ်ဆိုလည်း လုပ်ရတာပဲ။ လုပ်ငန်းကိုက အဲဒီရဲ့ ခံ စားမှုကိုကျတော့ တကယ့် အခုဖြစ်တယ်ဆိုလို့ရှိရင် နစ်နာသွားတဲ့ အနေနဲ့ ပေးစေချင်ပါတယ် ကျနော်တို့ကို” ဟု ကိုဝင်းမျိုးအောင်က ပြောသည်။
တရုတ်တစ်သျှူး ငှက်ပျောခြံစောင့် လုပ်သားများအနေဖြင့် အလုပ်လုပ်နိုင်ရန် ကုမ္ပဏီနှင့် တစ်နှစ်တစ်ကြိမ် စာချုပ် ချုပ်ဆိုကြသည်။
ကချင်ပြည်နယ်အတွင်းက မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးမောက်၊ ဒေါ့ဖုန်းယန်၊ ဗန်းမော်စသည့် မြို့နယ်များတွင် တရုတ်နိုင်ငံသားများက တစ်သျှူးငှက်ပျောများကို လာရောက်စိုက်ပျိုးနေကြသည်။ ထို့အပြင် KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာအနီးတဝှိုက်တွင်လည်း အဆိုပါ ငှက်ပျောခြံများရှိသည်။
အဆိုပါ တစ်သျှူးငှက်ပျောများကို ကန်ပိုင်တီနှင့် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများမှ တဆင့် တရုတ်နိုင်ငံထဲသို့ တင်ပို့နေကြခြင်း ဖြစ်သည်။