မြေမြုပ်မိုင်း နင်းမိသူ အရပ်သား နှစ်ဦးလုံး ခြေထောက်ဖြတ်လိုက်ရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မတ်လ ၁၂ ရက်။

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့ နယ် မျောက်ချောကျေးရွာနှင့် ကလယ်ကျေးရွာအကြားတွင် မြေမြုပ်မိုင်း နင်းမိသည့် ဒေသခံနှစ်ဦးစလုံး ခြေထောက်တစ်ဖက်စီ ဖြတ်လိုက်ရသည်ဟု ဒေသခံများက ပြောသည်။

မတ်လ ၁၁ ရက်နေ့(ယမန်နေ့) နံနက် ၈ နာရီနှင့် ၉ နာရီဝန်းကျင်ခန့်က မျောက်ချောကျေးရွာနှင့် ကလယ် ကျေးရွာအကြားတွင် သွယ်တန်းထားသော ရေပိုက် သွားပြင်ရာမှ မောင်အပိုင်ဆိုသူက မြေမြုပ်မိုင်းနင်းမိပြီး ညာဘက်ခြေထောက်တစ်ဖက် ဖြတ်ပစ်လိုက်ရသည်။

ထို့အပြင် တစ်ရက်တည်းတွင် ခြံသွားသည့် ဦးဝင်းလှိုင်ဆိုသူလည်း မြေမြုပ်မိုင်းနင်းမိပြီး ညာဘက်ခြေထောက် တစ်ဖက် ဖြတ်လိုက်ရသည်။

မျောက်ချောကျေးရွာ ဒေသခံတစ်ဦးက “မိုင်းထိထားတဲ့ နှစ်ဦးစလုံးက ခြေထောက်ဖြတ်လိုက်ရတယ်လို့ ကြား တယ်၊ တစ်ယောက်က ညာခြေထောက် တစ်ယောက်က ဘယ်ခြေထောက်၊ အခုဆိုရင် တစ်ရွာလုံးက တုန်လှုပ် ကြောက်ရွံ့နေကြတယ်” ဟု ပြောသည်။

ဖေဖော်ဝါရီ ၂၉ ရက်နေ့ကလည်း ရေဖြူမြို့ နယ် မျောက်ချောကျေးရွာနေအနီးတွင် ခြံမီးလောင်နေသည်ကို ငြိမ်း သတ်ရန် အသွား လမ်းတွင် ဆိုင်ကယ်ဖြင့် မြေမြုပ်မိုင်းနင်းမိမှုဖြစ်ပွားခဲ့ပြီး ဒေသခံတစ်ဦး အနည်းငယ်ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ ၎င်း၏ ဆိုင်ကယ်လည်း ပျက်ဆီးသွားခဲ့သည်။

ယခုမြေမြုပ်မိုင်းနင်းမိမှု ဆက်တိုက်ဖြစ်ပွားနေသည့်နေရာနှင့် အနည်းငယ်ဝေးသည့် ရေဖြူမြို့နယ် အလယ်စခန်း ကျေးရွာအနီးတဝိုက်တွင်လည်း ပြီးခဲ့သည့် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်အတွင်းက မြေမြုပ်မိုင်းနင်းမိမှု ၈ ကြိမ် ထက် မနည်း ဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိသလို ခြေထောက်ဖြတ်ပစ်ခံရသူလည်း ရှိခဲ့သည်။

အလယ်စခန်းကျေးရွာအုပ်ချုပ်ရေးမှူး နိုင်တင်စန်း “မိုင်းနင်းမိတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ စဖြစ်ကတည်းက သက်ဆိုရာကို တင်ပြခဲ့တယ်။ ဒါပေမယ့်လည်း အခုထိ မိုင်းနဲ့ ပတ်သက်ပြီး ပြောတာ လာလုပ်ပေးတာ မရှိဘူး၊ ကိုယ့်ဟာနဲ့ကိုယ် ဆင်ခြင်ပြီးတော့ သွားလာလုပ်စားနေရတယ်” ဟု ပြောသည်။

ဥယျာဉ်ခြံမြေလုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်းနေကြရသည့် အဆိုပါဒေသမှ ဒေသခံများသည် မကြာခဏ ဖြစ်ပွားနေသော ၎င်းတို့ဒေသအတွင်း မြေမြုပ်မိုင်းနင်းမိမှု အခြေအနေများကြောင့် ခြံထဲသို့ သွားဖို့ရန်ပင် ကြောက်ရွံ့ နေကြသည်ဟု ဒေသခံများက ပြောသည်။

ဆက်တိုက်ဖြစ်ပွားနေသည့် မြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားရာ ဒေသတွင် KNU ဘက်မှ သစ်များခိုးထုတ် နေမှုကြောင့်လည်း မွန်ပြည်သစ်ပါတီ (NMSP) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့တို့အကြား နယ်မြေအငြင်းပွားမှုဖြစ်ပွားနေသည်ဟု ဆိုသည်။

ထို့အပြင် လက်ရှိဖြစ်ပွားနေသည့် မြေမြုပ်မိုင်းကိစ္စနှင့် ပတ်သက်ပြီး KNU နှင့် NMSP တို့မှာ ၎င်းတို့ ထောင် ထားခြင်းမဟုတ်ကြောင်း နှစ်ဖွဲ့စလုံးက ငြင်းဆိုထားကြသည်။

မွန်ပြည်သစ်ပါတီ အနေဖြင့် ရေဖြူမြို့နယ်အတွင်းက မြေမြုပ်မိုင်းကိစ္စကို အမြန်ဆုံးဖြေရှင်းပေးနိုင်ရေး အစိုးရကို တင်ပြထားသလို ကရင်အမျိုးသားအစည်းအရုံး နှင့်လည်း ညှိနှိုင်းဆွေးနွေးနေသည်ဟု ဆိုသည်။

သို့သော်လည်း ယနေ့အချိန်ထိ တစ်စုံတစ်ရာ ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။

ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် မြေမြုပ်မိုင်းနင်းမိသည့်ဖြစ်စဉ်နှင့် ပတ်သက်၍လည်း ထားဝယ်ခရိုင်က NMSP တာဝန်ရှိသူများနှင့် KNU တာဝန်ရှိသူများအကြား တွေ့ဆုံးဆွေးနွေးကြရန် ကြိုးပမ်းနေသည်ဟုလည်း မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်တာဝန်ရှိသူက ပြောသည်။