မတ် ၂၁ မှစ၍ ကျိုက်ထီးရိုး ဘုရားပွဲပိတ်မည်

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၀ ခုနှစ်၊ မတ်လ ၁၉ ရက်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်မှု အခြေအနေကို တားဆီးသည့် အနေဖြင့် သမိုင်းဝင်ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားပွဲကို မတ်လ ၂၁ ရက်နေ့မှစတင်ပြီး ပိတ်သိမ်းသွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ က ပြောသည်။

မတ်လ ၁၇ ရက်နေ့က ကျင်းပခဲ့သော မွန်ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“၂၁ ရက်နေ့က စတင်ပြီးတော့ ဘုရားပွဲကို ရပ်ဆိုင်းဖို့ ကျနော်တို့ ဆုံးဖြတ်ထားတယ်၊ ပွဲတော်ကို ရပ်ဆိုင်းလိုက်တဲ့အတွက် ဘုရားပေါ်မှာရှိတဲ့ ဈေးဆိုင်တွေ ထမင်းဆိုင်တွေ ဒါတွေကို လည်း ရပ်ဆိုင်းထားမယ်။ ဘုရားဖူးချင်ရင်တော့ မိမိအစီအစဉ်နဲ့ သွားဖူးလို့ရတယ်။ ဒါပေမယ့် တောင်တက် ယာဉ်တို့ ဘာတို့ စီစဉ်ထားမှာမဟုတ်တော့ဘူး” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ က ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း က ပြောသည်။

ကျိုက်ထီးရိုးဘုရားပွဲတော်ကာလကို နှစ်စဉ် သီတင်းကျွတ်လပြည့်မှ ကဆုန်လပြည့်နေ့ထိ သတ်မှတ်ထားပြီး ယခုအခါ ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် ဘုရားပွဲတော်ကို တစ်လခွဲစောပြီး ပိတ် သိမ်းလိုက်ခြင်းဖြစ်သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့က မတ်လ ၁၄ ရက်နေ့ထိ ကျိုက်ထီးရိုးဘုရားကို မပိတ်သိမ်းပဲ ရောဂါကို ကာကွယ် စောင့်ကြပ်ကြည့်ရှုခြင်းဖြင့်သာ ပြုလုပ်သွားမည်ဟု ဆုံးဖြတ်ထားခဲ့သည်။

ယင်းနောက် မွန်ပြည်နယ်လွှတ်တော်က ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဘုရားဖူးများပြားသည့် ကျိုက်ထီးရိုးဘုရားကို ပိတ်သိမ်းထားဖို့လိုအပ်သည်ဆိုသည့် အကြောင်းကြားစာကို မွန်ပြည်နယ်အစိုးရအဖွဲ့သို့ မတ်လ ၁၆ ရက်နေ့က ပေးပို့ခဲ့ပြီးနောက် ပြည်နယ်အစိုးရအဖွဲ့က ကျိုက်ထီးရိုးဘုရားကို ပိတ်သိမ်းရန် ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။

“လတ်တလောဖြစ်နေ့တဲ့ (ကိုရိုနာဗိုင်းရပ်စ်) ရောဂါအခြေအနေက ကျိုက်ထီးရိုးပေါ်မှာ နိုင်ငံခြားသားလည်း ရှိတယ်၊ တရုတ်လဲရှိတယ်။ နယ်စပ်ဖြတ်ကျော်ပြီးတော့ ဝင်လာတဲ့ ဘုရားဖူးတွေလည်း ရှိနေတဲ့အခါကျတော့ ဖြစ်လာရင် ကျနော်တို့ မွန်ပြည်နယ်ကနေစပြီးတော့ ဖြစ်ပါတယ်ဆိုတဲ့ဟာကို ကျနော်တို့ သမိုင်းတရားခံ အဖြစ်မခံစေချင် ဘူး” ဟု မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဌ ဒေါက်တာအောင်နိုင်ဦး က ပြောသည်။

ကျိုက်ထီးရိုးဘုရားသို့ တစ်နေ့လျှင် ပျမ်းမျှ ပြည်တွင်း ပြည်ပ ဘုရားဖူး ၅၀၀၀ ခန့် လာရောက်လေ့ရှိသော်လည်း မတ်လ ၁၆ ရက်နေ့မှစပြီး ဘုရားလာဖူးသူ မရှိသလောက် လျော့နည်းသွားသည်ဟု ဘုရားဂေါပကအဖွဲ့ တာဝန် ရှိသူများက ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာ့ကပ်ရောဂါအဖြစ် WHO က ကြေညာထားပြီးနောက် နိုင်ငံတော်သမ္မတရုံးမှ အခမ်း အနားများ အစည်းအဝေးများ ပွဲလမ်းသဘင်များ (မြန်မာ့ရိုးရာသင်္ကြန် မဏ္ဍပ်ဆောက်လုပ်ပြီး ကျင်းပခြင်း အပါအဝင်) အား မတ်လ ၁၃ ရက်နေ့မှ ဧပြီ ၃၀ ရက်နေ့အထိ ရပ်ဆိုင်းကြရန် ညွှန်ကြားချက် ထုတ်ပြန်ထား သည်။