ရေးချောင်းဖျား မြေမြုပ်မိုင်း ပေါက်ကွဲပြန်၊ ရွာသား တစ်ဦးသေ တစ်ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မတ်လ ၁၉ ရက်။

မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်တည်ရှိရာ ရေးချောင်းဖျားဒေသဘက်တွင် မြေမြုပ်မိုင်းနင်းမိပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဒေသခံတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိသည်ဟု မွန်ပြည်သစ်ပါတီတာဝန်ရှိသူများက ပြော သည်။

မြေမြုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ကမ်းနီးရွာခံ နိုင်အလော့ဆိုသူက ထိုနေရာတွင်ပင် သေဆုံးသွားခဲ့ ပြီး ကျန်တစ်ဦးမှာ မိုင်းအစထိမှန်ဒဏ်ရာရရှိခဲ့ကာ ရေးမြို့ရှိ ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူ နေ ရ သည်။

မတ်လ ၁၈ ရက်နေ့ (ယမန်နေ့) ညနေပိုင်း အချိန်ခန့်က ရေးချောင်းဖျားဒေသ ကမ်းနီရွာခံနှစ်ဦး က တောလိုက် ရန်အသွား ကားလမ်းပေါ်တွင် မြေမြုပ်မိုင်းနင်းမိပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု မွန်ပြည်သစ်ပါတီ ထားဝယ် ခရိုင် အတွင်းရေးမှူး နိုင်ခင်အေး က ပြောသည်။

“မိုင်းနင်းမိတာက ကားလမ်းမှာပဲ အဲဒီကား လမ်းကလည်း မွန်ပြည်သစ်ပါတီ သွားလာအသုံးပြုနေတဲ့ ကားလမ်းပါ။ ကျနော်တို့ လှုပ်ရှားသွားလာနေတဲ့ နေရာပေါ့။ မိုင်းနင်းမိတဲ့ နှစ်ဦးထဲမှာ နိုင်အလော့က အဲနေရာမှာပဲ ဆုံးသွားတယ်။ နောက်တစ်ယောက်ကတော့ မိုင်းစထိမှန်ထားတဲ့ဒဏ်ရာတွေ ရတယ်” ဟု ပြောသည်။

ဖေဖော်ဝါရီလနှင့် မတ်လအတွင်း၌လည်း ရေဖြူမြို့ နယ်အတွင်းတွင် မြေမြုပ်မိုင်းနင်းမိမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဦးမှာ ခြေထောက်တစ်ဖက်စီ ဖြတ်ပစ်လိုက်ရသည်။

မကြာခဏဖြစ်ပွားနေသည့် အဆိုပါ အနီးအနားဒေသတဝိုက်က မြေမြှုပ်မိုင်းပေါက်ကွဲမှု အခြေအနေများနှင့် ပတ်သက်၍ မွန်ပြည်နယ် လွှတ်တော် ဒု-ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက “ဘယ်လိုပဲဖြစ်ဖြစ် ဘယ်အဖွဲ့ပဲ လုပ်လုပ် ကျွန်တော်တို့ကတော့ ပြင်းပြင်းထန်ထန်ရှုပ်ချတယ် ဘယ်လိုမှလည်း လက်မခံနိုင်တဲ့ကိစ္စ မလုပ် စေချင်ဘူး မလုပ်ဖို့လည်း တိုက်တွန်းချင်ပါတယ် အဖြေလည်းရှာစေချင်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်အတွင်းကလည်း ရေဖြူမြို့ နယ်အတွင်း အလယ်စခန်းကျေးရွာ အနီးနား တဝိုက်တွင် မြေမြုပ်မိုင်းနင်းမိမှု ၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရ ရှိမှု များလည်း ရှိခဲ့သည်။

မြေမြုပ်မိုင်းနင်းမိမှုကြောင့် ခြံကိုသာ အဓိက လုပ်ကိုင်စားသောက်နေကြသည့် ရေးချောင်းဖျားဒေသ နှင့် ရေဖြူ ဒေသတို့မှ ဒေသခံများ ကြောက်ရွံ့နေကြပြီး ခြံမသွားရဲပဲဖြစ်နေကြသည်ဟု ဒေသခံများက ပြောသည်။

မြေမြုပ်မိုင်းကိစ္စနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်း၏ တာဝန်ဖြစ်သည်ကို အဖြေရှာ၍ မရသေးသော်လည်း ဒေသခံပြည်သူများ အေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်သော အနေအထားတစ်ရပ်ကို ဖော်ဆောင် ဖန်တီး ပေးရန်မှာ မွန်ပြည်သစ်ပါတီနှင့် မဟာမိတ် KNU နှစ်ဖွဲ့စလုံးတွင် အပြည့်အဝတာဝန်ရှိသည်ဟု မွန်ပြည်သစ်ပါ တီ ထားဝယ်ခရိုင်က မတ်လ ၁၆ ရက်နေ့က ထုတ်ပြန်ထားသည်။

မြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားသည့်ဒေသတွင် KNU ဘက်မှ သစ်များခိုးထုတ်နေမှုကြောင့်လည်း မွန်ပြည်သစ် ပါတီ (NMSP) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့တို့အကြား နယ်မြေအငြင်းပွားမှု ဖြစ်ပွား နေသည့် ဒေသလည်း ဖြစ်ပြီး မြေမြုပ်မိုင်းကိစ္စနှင့် ပတ်သက်၍ ၎င်းတို့ထောင်ထားခြင်းမဟုတ်ကြောင်း နှစ်ဖွဲ့စလုံးက ငြင်းဆိုထားသည်။

ရေဖြူမြို့ နယ်အတွင်းက မြေမြုပ်မိုင်းကိစ္စကို ဖြေရှင်းနိုင်ရန် မွန်ပြည်သစ်ပါတီက အစိုးရကို တင်ပြထားသလို ကရင်အမျိုးသားအစည်းအရုံး KNU နှင့်လည်း ညှိနှိုင်းဆွေးနွေးနေသည်ဟုဆိုသော်လည်း ယနေ့အချိန်ထိ တစ်စုံတစ်ရာ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးပေ။

မတ်လ ၁၆ ရက်နေ့ထုတ် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်၏ ထုတ်ပြန်ချက်တွင်လည်း မြေမြုပ်မိုင်းကိစ္စကို မွန်ပြည်သစ်ပါတီနှင့် KNU နှစ်ဖွဲ့စလုံး တွေ့ဆုံဆွေးနွေး၍ ကောင်းမွန်သော အဖြေရလာဒ် ထွက်ပေါ်လာအောင် ကြိုးပမ်းသွားမည်ဟု ပြောဆိုထားသည်။