AA အား မတရားသင်းကြေညာမှု အခြေအနေကို ပိုမို ဆိုးရွားစေမည်ဟု ညီနောင်မဟာမိတ်အဖွဲ့ ကြေညာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မတ်လ ၂၇ ရက်။
အစိုးရမှ ရက္ခိုင့်တပ်တော် ULA/AA ကို အကြမ်းဖက်အဖွဲ့အစည်းနှင့် မတရားအသင်းကြေငြာလိုက်ခြင်းသည် ဗမာမဟုတ်သော အခြားတိုင်းရင်းသားများအား ပြည်ထောင်စုမှ ခွဲထွက်အောင် တွန်းအားပေးနေခြင်းနှင့်တူ သည်ဟု မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။
မတရားသင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံရသည့် ရက္ခိုင့်တပ်တော် ULA/AA မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဤကြေညာချက်သည် ပြည်ထောင်စု ပြိုကွဲရေး၏ အစဖြစ်စေလိမ့်မည်ဟု တုန့်ပြန်သည်။
“မြန်မာအစိုးရဖက်ကသာ ဒီလိုမျိုး ကျနော်တို့ လက်တွေ့ ရင်ဆိုင်လို့ မရတဲ့ အဆင့်မျိုးကို ဖန်တီးလာမယ် ဆို လို့ရှိရင် ဒါဟာ ပြည်ထောင်စုပြိုကွဲခြင်းရဲ့ အစဖြစ် သွားမှာပေါ့နော။ ကျနော်တို့ဖက်ကလည်းပဲ သူတို့နဲ့ အတူတူ နေလို့မရဘူးဆိုလို့ရှိရင် ကိုယ့်လမ်းကိုယ်လျှောက်ရတော့မယ် ဒါကြောင့်မို့လို့ အခုလုပ်နေတဲ့ မြန်မာ အစိုးရရဲ့ လုပ်ရပ်တွေဟာ ပြည်ထောင်စုကို သူတို့ ဖြိုခွင်းတဲ့ လုပ်ရပ်ဖြစ်တယ်”
ULA/AA အား မတရားအသင်း၊ အကြမ်းဖက်အသင်းအဖြစ် သတ်မှတ်ခြင်းနှင့် လက်ရှိ စစ်ရေး နိုင်ငံရေး အခြေ အနေများအပေါ် ညီနောင် မဟာမိတ် ၃ ဖွဲ့က မတ်လ ၂၆ ရက်နေ့က သဘောထား ထုတ်ပြန် ကြေငြာချက်ကို ထုတ်ပြန်ခဲ့သည်။
မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့မှာ ရက္ခိုင့်တပ်တော် ULA/AA၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် တပ်ပေါင်းစု တပ်မတော် (MNTJP/ MNDAA- ကိုးကန့်အဖွဲ့)၊ တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/ TNLA တို့ ဖြစ်ကြသည်။
မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် အခြားလူမျိုးများ၏ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့ အစည်းများအား ဤပြည်ထောင်စုကြီးထဲ၌ မနေနိုင်အောင် ခွဲထွက်စေရန် တွန်းအားပေးနေခြင်းနှင့်လည်း တူနေသည်ဟု ဖော်ပြထားသည်။
၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့က အစိုးရ၏ ထုတ်ပြန်ကြေညာချက်သည် လက်ရှိရပ်တန့်နေသည့် နိုင်ငံရေး တွေ့ဆုံမှုများကို မျှော်လင့်ချက် ကင်းမဲ့စေပြီး ပိုမိုဆိုးဝါးသည့် နိုင်ငံရေး အခြေအနေကို ဦးတည်စေသည် ဟုလည်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
ခိုင်သုခက “အခုအချိန်မှာတော့ ဆွေးနွေးပွဲ ဖြစ်လာစရာ အကြောင်း မရှိတော့ဘူးလို့ ကျနော်က အဲလိုထင်တယ်။ ဘာကြောင့်လို့လဲဆိုရင် မြန်မာစစ်တပ်က သူတို့ မီးကုန်ယမ်းကုန် တိုက်ဖို့ ပြင်ဆင်နေပြီ ဆိုတော့ အဲ့လို မီးကုန်ယမ်းကုန်တိုက်ခိုက်ဖို့အတွက် ပြင်ဆင်နေတဲ့ အနေအထားမှာ တွေ့ ဆုံဆွေးနွေးရေး ဆိုတာကကော မျှော်လင့်နိုင်အုံးမှာလား ဆိုတာ ဒါမေးခွန်းထုတ်စရာရှိတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းသော နိုင်ငံရေးဝန်းကျင်ကို တည်ဆောက်နိုင်ပြီး မလိုအပ်သော ပြည်တွင်းစစ်များ၊ နှစ်ဖက်ကျဆုံးမှုများ ထပ်မံမဖြစ်ပွားစေရန် နှင့် အပစ်အခတ်ရပ်ဆိုင်းရေးဆိုင်ရာ အပြန်အလှန်သဘောတူစာချုပ် (Bilateral Ceasefire Agreement) အား လက်မှတ်ထိုးနိုင်မည့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းများကို လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရန် အရေးတကြီး လိုအပ်နေသော်လည်း မြန်မာ့တပ်မတော်၏ ရန်လိုသည့် ထိုးစစ်များကြောင့် တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေပြီး တွေ့ဆုံဆွေးနွေးမှုများလည်း လမ်းစပျောက် နေပါ သည်ဟု မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က ဆိုသည်။
ရက္ခိုင့်တပ်တော် AA ကို မတရားအသင်းအဖြစ် ကြေငြာလိုက်သည့်အပေါ် ကရင်အမျိုးသား အစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက “အမှန်ကတော့ ဒီကိစ္စတွေ က နိုင်ငံရေး ပြဿနာတွေကြီးပါပဲ။ နိုင်ငံရေး ပြဿနာကို ကျနော်တို့ နိုင်ငံရေး နည်းနဲ့သာ ဖြေရှင်းရမှာ ဖြစ်ပါ တယ်။ အဲတော့ နိုင်ငံရေးအရ တစ်နိုင်ငံလုံးကို လွှမ်းခြုံပြီးတော့ တစ်နိုင်ငံလုံးနဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့အတွက် တိကျတဲ့ မူဝါဒတွေ အခြေခံဖို့လိုပါတယ်။ အဲဒီ တိကျတဲ့ မူဝါဒတွေ မရှိပဲနဲ့ နိုင်ငံရေး ပြဿနာကြောင့်ဖြစ်ပေါ်တဲ့ နိုင်ငံရေး အခြေခံတွေ အပေါ်မှာ နိုင်ငံရေးအရ မဖြေရှင်းပဲနဲ့ ဒီလိုအင်အားသုံးပြီး ဖြေရှင်းတဲ့ ပုံစံမျိုးတွေကတော့ ရေရှည်မှာ အားလုံးအတွက် မကောင်းဘူး ဖြစ်ပါတယ်ခင်ဗျာ” ဟု ပြောသည်။
အဓိက စစ်မှန်တဲ့ ငြိမ်းချမ်းရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးကို အခြေခံသည့် မူဝါဒ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကို ဦးတည်သည့် မူဝါဒများကို ပြန်လည် ပြင်ဆင် လိုက်မည်ဆိုပါက နိုင်ငံအတွက် အနာဂတ် ပိုမိုကောင်းမွန် လာနိုင်သည်ဟု ပဒိုစောတာဒိုမူး က ပြောသည်။
ထို့အပြင် မြန်မာ့တပ်မတော်က ကျူးလွန်နေသော စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်သည့် လုပ်ရပ်များတွင် မြန်မာအစိုးရအနေဖြင့်လည်း အလိုတူအလိုပါ၊ ကြံရာပါအဖြစ်ပါဝင်နေပြီး ၎င်းတို့ကျူးလွန် ထားပြီးဖြစ်သော ပြစ်မှုများကို အာရုံလွဲစေရန် ULA/AA အားအပြစ်ပုံချရန်နှင့် စစ်ရေး နိုင်ငံရေး အထီးကျန် စေရန်အတွက် ယခုကဲ့သို့ မတရားအသင်း အကြမ်းဖက်အသင်းအဖြစ် တစ်ဖက်သတ်စွပ်စွဲကာ ကြေငြာခြင်း ပင်ဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
သို့သော် မြန်မာအစိုးရမှ ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့က ရက္ခိုင့်တပ်တော် ULA/AA ကို မတရားအသင်း၊ အကြမ်းဖက် အဖွဲ့အစည်းဖြင့် ထုတ်ပြန်မှုကို မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်များက လက်မခံပဲ ULA/AA နှင့်အတူ စစ်ရေး၊ နိုင်ငံရေးများကို ယခင်နည်းတူ စည်းလုံးညီညွှတ်စွာဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားမည်ဟု ဆိုသည်။