KIO နယ်မြေတွင် AA ကို လက်မခံရန် တပ်မတော် ဖိအားပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မတ်လ ၂၈ ရက်။
ရက္ခိုင့် တပ်တော် AA ကို ကချင် လွတ်လပ်ရေး အဖွဲ့ KIO နယ်မြေတွင် လက်မခံရန် တပ်မတော်က ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် PCG မှ တဆင့် ပြောဆိုလိုက်သည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များကို နယ်မြေပြောင်းရွှေ့ခိုင်းရန် KIO အား PCG မှ တဆင့် ပြောဆိုခိုင်းခြင်းဖြစ်သည်ဟု PCG အကျိုးတော်ဆောင် ဦးလမိုင်ဂွန်ဂျာ က ပြောသည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ဒီ ၂၀ ရက်နေ့မှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးကနေပြီးတော့ ကျနော်တို့ကို ခေါ်ယူပြီး ကေအိုင်အိုကို အကြောင်းကြားခိုင်းတာ ရှိပါတယ်။ AA အဖွဲ့ကို အဲမှာ မရှိဖို့အတွက် အကြောင်းကြားတဲ့ဟာ ရှိပါတယ်။”
PCG သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIO နှင့် တပ်မတော် အကြားတွင် ငြိမ်းချမ်းရေး အကျိုးဆောင်အနေနဲ့ လုပ်ဆောင်နေခြင်း ဖြစ်သည်။
KIO/KIA အား တိုက်ခိုက်ရန် မဟုတ်ပဲ AA အား တိုက်ရန်ဖြစ်သည့်အတွက် ၎င်းတို့ နယ်မြေထဲက AA တပ် ဖွဲ့ဝင်များကို မောင်းထုတ်ရန် ပြောခိုင်းခြင်း ဖြစ်သည်ဟု PCG က ဆက်ပြောသည်။
ဦးလမိုင်ဂွန်ဂျာ က “အဲဒါကတော့ အခု KIO ကိုတော့ တိုက်မှာ မဟုတ်ဘူး KIO နဲ့ က ပြဿနာ မရှိပေမယ့် လို့ KIO ဌာနချုပ်မှာ AA အဖွဲ့တွေက ရှိနေတယ်ဆိုတော့ သူတို့အနေနဲ့တော့ AA ကိုတိုက်ထုတ်မှာ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ AA ရှိနေရင်တော့ AA ကို တိုက်မှာ ဖြစ်တယ်။ ဒါကြောင့် AA ကိုတော့ အဲမှာ မနေဖို့ အတွက် မောင်းထုတ်ဖို့အတွက် KIO ကို ပြောခိုင်းဖို့ သွားပြောဖို့အတွက်ဆိုပြီး ကျနော်တို့ကို ပြောလိုက်တာ ရှိတယ်။ အဲဒီအပေါ်မှာ ပြောတဲ့အတိုင်းပဲ ကျနော်တို့ကလည်း KIO ကိုလည်း AA အဖွဲ့ကို အဲမှာ မရှိဖို့ အတွက် အကြောင်းကြားတာ ရှိပါတယ်” ဟု ဆက်ပြောသည်။
ရက္ခိုင့်တပ်တော် AA အနေဖြင့် လိုင်ဇာတွင် စစ်သင်တန်းလေ့ကျင့်မှုသာရှိပြီး ၎င်းတို့၏ ဌာနချုပ်မှာ လိုင်ဇာတွင် မရှိဟုလည်း PCG က ပြောသည်။
မတ်လ ၂၃ ရက်နေ့က ရက္ခိုင့်တပ်တော် ULA/AA အား မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရ က ထုတ်ပြန်ကြေညာထားသည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (င)နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်နှင့် ရက္ခိုင့်တပ် တော် ULA/AA ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်ဟု အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ က ထုတ်ပြန်ထားသည်။
ULA/AA သည် ဒေသခံပြည်သူများအား အကာအကွယ်ရယူ၍၊ တပ်မတော်စစ်ကြောင်းများ၊ မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ဝင်များ၊ လုံးခြုံးရေးစခန်းများစခန်းများကို တိုက်ခိုက်ခြင်း၊ အစိုးရဝန်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေး မှူးများနှင့် ဒေသခံပြည်သူများအား သတ်ဖြတ်ခြင်းအပြင် ကျေးရွာများအတွင်း မိုင်းထောင်ခြင်း၊ ပစ်ခတ်ခြင်း၊ ဖောက်ခွဲခြင်းများ ပြုလုပ်နေသည့်အတွက် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာရခြင်းဖြစ်သည်ဟု ထုတ်ပြန် ထားသည်။
မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရ က ထုတ်ပြန်ကြေညာပြီးနောက် AA အား KIO နယ်မြေအတွင်းမှ မောင်းထုတ်ရန် ဖိအားပေးခြင်းဖြစ်နိုင်သည်ဟုလည်း သုံးသပ်မှုများ ရှိနေသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး ကတော့ “မနှစ်က ဆွေးနွေးပွဲတွေမှာတုန်းကတော့ AA ဟာ လိုင်ဇာမှာပဲ ရှိတယ် ရှိရမယ်လို့ ပြောခဲ့ပြီးတော့ ဒီနှစ်ကြတော့ လိုင်ဇာမှာ မရှိရဘူးလို့ ပြောလာတာကတော့ အပြောင်းအလဲတစ်ခုလို့ ပြောရမှာပေါ့။ ဒါလည်း AA ကို မတရားအသင်းကြေညာတာ၊ အကြမ်းဖက်အဖွဲ့ ကြေညာတာတွေနဲ့ ပတ်သက်တယ်လို့ ထင်တယ်။ နောက်တစ်ခုကတော့ AA အနေနဲ့ လိုင်ဇာ အခြေပြုပြီးတော့ လေ့ကျင့်ရေးလုပ်နေတာတွေ ထောက်ပို့လုပ်နေတာတွေ ဖြတ်တောက်ဖို့ စဉ်းစားတယ်နဲ့ တူပါတယ်။ အဲ့ဒီအခြေခံအပေါ်မှာ ဒီလိုဖိအားပေးတာတွေ ပေါ်ထွက်လာတယ်လို့ပဲ ပြောရမှာပဲ” ဟု ပြောသည်။
လက်ရှိသွားနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများအားပါ တစ်စုံတစ်ရာ ထိခိုက်မှုရှိနိုင်သည်ဟု အကျိုးဆောင်များနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။
KIO နယ်မြေမှ ဖယ်ပေးရန် တောင်းဆိုမှုနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် ULA/AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က တစ်စုံတစ်ရာ မသိရသေးဟု ပြောသည်။
AA အား KIO နယ်မြေအတွင်းမှ မောင်းထုတ်ရန် ဖိအားပေးလာသည့် အခြေအနေများနှင့် ပတ်သက်၍ KIO ပြန်ကြားရေးအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။
PCG အနေဖြင့် KIO အား အကြောင်းကြားခဲ့ရာတွင် “အဲဒါကတော့ သူတို့အနေနဲ့တော့ ဘာပဲဖြစ်ဖြစ် AA အဖွဲ့ကလည်းပဲ သူတို့ FPNCC အဖွဲ့ဝင်တွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့နဲ့ ညှိနှိုင်းဆွေးနွေးပြီးတော့မှ အဲမှာမနေအောင်တော့ တစ်စုံတစ်ခုတော့ ဖြစ်လာမယ်ဆိုတဲ့ အကြောင်းတော့ အကြောင်းပြန်တာပေါ့” ဟု ဦးလမိုင်ဂွန်ဂျာ က ပြောသည်။
KIO/KIA ကချင်လွတ်လပ်ရေးအဖွဲ့ ၊ ULA/AA ရက္ခိုင့်တပ်တော်၊ PSLF/TNLA တအန်း(ပလောင်)လက်နက် ကိုင်အဖွဲ့ နှင့် NMDAA ကိုးကန့်အဖွဲ့တို့သည် အစိုးရ၊ တပ်မတော်တို့နှင့် Bilateral အပစ်ရပ်လက်မှတ်ရေး ထိုးနိုင်ရေး ဆွေးနွေးနေသည့် အဖွဲ့များ ဖြစ်ကြသည်။