တရုတ်နယ်စပ်ဂိတ်များ ဝင်ထွက်ခွင့်ပြန်ရပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့။

တရုတ်-မြန်မာနယ်စပ် မူဆယ်-ကျယ်ဂေါင် အဝင်အထွက် ကန့်သတ်မှုကို တရုတ်အစိုးရက ပြန်လည် ရုတ်သိမ်း လိုက်သည်ဟု သိရသည်။

ရွှေလီမြို့ တွင် နေထိုင်သူ ဒေါ်အေးမြင့်က “ဒီနေ့မနက်ပိုင်းကို ပိတ်ထားပြီးတော့ အခုညနေပိုင်းကျတော့ အကုန် လုံး နှစ်နိုင်ငံညှိနှိုင်းတာနဲ့ တူပါရဲ့ ။ အခုညနေပိုင်းကျတော့ ဘယ်မျဉ်းစောင်းမဆိုဝင်ခွင့် ပေးတယ်။ အဲဒီအထဲမှာ မှ စာအုပ်အသစ်တွေနဲ့ တစ်ပတ်ကဒ်တွေကတော့ မသေချာဘူးပေါ့နော်။ ဝင်ခွင့်ပေးမပေးကိုတော့ ရွှေလီက နေ ပြီးတော့မှ တစ်ပတ်ကိုတစ်ခေါက် အဝင်အထွက်လုပ်နေတဲ့သူတွေကိုတော့ ဝင်ခွင့်ပေးတယ်”ဟု ပြောသည်။

မတ်လ ၂၉ ရက်နေ့ (ယမန်နေ့) က မူဆယ်-ကျယ်ဂေါင် နယ်စပ် အဝင်အထွက်ကို တရုတ်ဖက်မှ ရှမ်းမြောက် ဒေသခံများကိုသာ အဝင်အထွက်ပြုခဲ့ပြီး ယနေ့တွင် မြန်မာနိုင်ငံ ဒေသအသီးသီးရှိ မှတ်ပုံတင်ကိုင်ဆောင်သူ များကို ပြန်လည် ဝင်ခွင့်ပြု လိုက်ပြီဟု ဆိုသည်။

ယမန်နေ့က အခြေအနေနှင့် ပတ်သက်၍ ဒေါ်အေးမြင့်က ယခုလိုပြောသည်။

“မနေ့က မနက်ပိုင်းကတော့ အဝင်အထွက် လုပ်လို့ရတယ်လေ။ ညနေပိုင်းကျတော့ ဒီဖက်ကနေ အထွက်ပဲ ရတယ် အဝင်လုံး၀ မရတော့ဘူး ၁၃ မျဉ်းစောင်းမှာတောင်မှ သူကတောင်ပိုင်းမရဘူးပေါ့နော ရှမ်းမြောက် လာရှိုးဒီဖက်အထက် မှတ်ပုံတင်တွေ မူဆယ်က မှတ်ပုံတင်တွေကိုပဲ ဝင်ခွင့်ပေးတာပေါ့။”

သို့သော် မတ်လ ၃၀ ရက်နေ့ (ယနေ့) တွင် နှစ်နိုင်ငံတာဝန်ရှိသူများ၏ ညှိနှိုင်းမှုကြောင့် တရုတ်အစိုးရဖက်မှ နယ်စပ်အဝင်အထွက် ကန့်သတ်မှုကို ယနေ့ ညနေပိုင်းတွင် ပြန်လည်ဖွင့်ပေးခဲ့သည်ဟု မူဆယ်ဒေသခံများက ဆိုသည်။

မူဆယ်မြို့ က ဂရုဏာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်း က “လဝက နဲ့ ညှိနှိုင်းတယ်လို့ ကြားတယ် ဗျ။ ဝင်ခွင့်ပေးလိုက်တယ်လို့ သိရတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ အဲ့လိုမျိုးတော့ သတင်းကြားတယ် ဗျ။ အားလုံးအဆင်ပြေရင်တော့ ကောင်းတာပေါ့ဗျ” ဟု အတည်ပြု ပြောဆိုသည်။

မူဆယ်မြို့ ရှိ ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်နှင့် မန်ဝိန်းဂိတ် သုံးခုစလုံးမှ အဝင်အထွက်များကို ပြန်လည် ဝင်ခွင့်ပြု လုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။

ကျယ်ဂေါင်-မူဆယ် နယ်စပ်အဝင်အထွက်ဂိတ်များမှာအား ယခုကဲ့သို့ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည့်အတွက် နယ် စပ်အဝင်အထွက် လုပ်နေရသည့် မြန်မာလုပ်သားများအတွက် အဝင်အထွက် ပြန်လည် အဆင်ပြေလာပြီ ဟု ဒေသခံများ က ပြောသည်။

အဆိုပါ နယ်စပ်ဂိတ်များမှာ နှစ်နိုင်ငံ စီးပွားရေးအရသော်လည်းကောင်း၊ တရုတ်နိုင်ငံအတွင်း အလုပ်လုပ်ကိုင် နေကြသည့် မြန်မာလုပ်သားများအတွက် တစ်ပတ် တစ်ကြိမ် အဝင်အထွက် တံဆိပ်တုံး ထုနိုင်ရေးအတွက် သော်လည်းကောင်း အရေးကြီးသည့် ဝင်ထွက်ဂိတ်များ ဖြစ်သည်ဟု ဒေသခံများနှင့် မြန်မာလုပ်သားများ က ပြောသည်။

ထို့အပြင် လွယ်ဂျယ်မြို့ ရှိနယ်စပ်ဂိတ်များတွင်လည်း ပုံမှန်ဝင်ထွက်ခွင့်များ ပေးထားသည်ဟု လွယ်ဂျယ် ဒေသခံ တစ်ဦး က ပြောသည်။

“လွယ်ဂျယ်ဂိတ်ကနေတော့ အခု အဝင်အထွက်ပြန်ပေးထားတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းကတော့ လွယ် ဂျယ်လည်း ပေးမဝင်ဘူး။ ၁ မျဉ်းစောင်းကလွှဲရင်ပေါ့ ကျန်တဲ့ ဒေသက မှတ်ပုံတင်တွေဆိုရင် ပေးမဝင်တာမျိုး ရှိတယ်။ အခုတော့ ဝင်လို့ရပြီ။ မကြာသေးဘူး ပြန်ဖွင့်ပေးတာ။ ရွှေလီအထိ သွားလာလို့ ရတယ်။ ဟိုင်းဝေးလမ်း ကနေပဲ သွားရတယ်။ နယ်စပ် လမ်းဟောင်းကနေတော့ သွားလို့မရဘူး။ တရုတ်ဘက်အခြမ်းက ရွာသားတွေက အဲ့ဒီ လမ်းဟောင်းမှာ စောင့်နေပြီး ဝင်ခွင့်မပေးဘူး။ စာအုပ်အနီပြရင် တောင်မှလေ။ ဒုတ်တွေ၊ ဓါးတွေနဲ့ စောင့် နေတာမျိုးတွေလုပ်တယ်။ ဒါကြောင့် အခုက လမ်းသစ် ဒီလှိုင်ဂူဖောက်ထားတဲ့ လမ်းကနေပဲ သွားလာ နေရတာ” ဟု လွယ်ဂျယ် ဒေသခံ ဒေါ်မာထန် က ပြောသည်။

၁ မျဉ်းစောင်းမှတ်ပုံတင်နံပတ်များမှာ ကချင်ပြည်နယ် မှတ်ပုံတင်များ ဖြစ်သည်။

ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူးပေပြည်နယ် ဝူဟန်မြို့မှ စတင်ဖြစ်ပွားလာသည့် ကိုရိုနာ အဆုတ်ရောင်ရောဂါ covid – 19 သည် လက်ရှိတွင် ကမ္ဘာအရပ်ရပ်သို့ ကူးစက်ပြန့်ပွားလျက်ရှိပြီး ကမ္ဘာ့ ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO မှ ကြေငြာထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် (၂၉-၃-၂၀၂၀) ရက်နေ့၊ ည (၁၀:၃၀) နာရီအချိန်အထိ ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ လူနာ (၁၀)ဦးနှင့် ဓာတ်ခွဲအဖြေ စောင့်ဆိုင်းဆဲ လူနာ (၆၃) ဦးတို့အား သက်ဆိုင်ရာ ဆေးရုံ များတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိပါသည် ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန် ချက်အရသိရသည်။

ရောဂါကူးစက်သူများမှာ ချင်းပြည်နယ် တီးတိန်ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူလျက်ရှိသော လူနာ (၁) ဦး၊ ရန်ကုန်မြို့ ရှိ ဝေဘာဂီ အထူးကုဆေးရုံတွင် ကုသမှုခံယူလျက်ရှိသော လူနာ (၃) ဦးနှင့် မန္တလေးမြို့ ၊ ကန်တော် နဒီဆေးရုံတွင် ကုသမှု ခံယူလျက်ရှိသော လူနာ (၁) ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှု ခံယူ လျက်ရှိသော လူနာ (၁) ဦး၊ စုစုပေါင်း (၆) ဦးတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပြီး ဝေဘာဂီ အထူးကုဆေးရုံကြီးရှိ လူနာ (၂) ဦးအား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိကာ ဆေးကုသမှုပေး လျက်ရှိ သည်ဟု သိရသည်။

မတ်လ ၂၉ ရက်နေ့ က ထုတ်ပြန်လိုက်သည့် ရောဂါပိုးကူးစက်ခံထားရသူ ၂ ဦးတွင် တစ်ဦးမှာ ထိုင်းနိုင်ငံ မဲဆောက်-မြဝတီ နယ်စပ် ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာသူဖြစ်ပြီး ရန်ကုန် တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်တွင် နေထိုင်သူဖြစ်ကြောင်း၊ ကျန်တစ်ဦးမှာ ရန်ကုန်တိုင်း ဒေသ ကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် နေထိုင်သူဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ် ပြန်ထား သည်။