သတ်မှတ် နေရာသို့ လာရောက်ခြင်း မရှိသည့် ထိုင်းမှ ပြန်လာသူများကို မွန်အစိုးရမှ အရေးယူသွားမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မတ်လ ၃၁ ရက်။
ပြည်ပမှ ပြန်လည်ဝင်ရောက်သူများအနေဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်သတ်မှတ်ထားသည့် သီးခြား နေရာတွင် မနေပါက အရေးယူမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့က ပြောသည်။
မတ်လ ၂၂ ရက်နေ့ နောက်ပိုင်း ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများသည် မြို့ နယ်အလိုက် သီးခြား သတ် မှတ်ထားသည့် နေရာ (Community Base Facility Quarantine) တွင် ၁၄ ရက်ကြာ စောင့်ကြည့်မှု ခံယူရန် မွန်ပြည်နယ်အစိုးရအဖွဲ့က မတ်လ ၂၈ ရက်နေ့က အမိန့်ကြေညာချက် ထုတ်ပြန်ထားခြင်းဖြစ်သည်။
“ဒီအမိန့်ညွှန်ကြားချက်ကို ပူးပေါင်းပါဝင်ခြင်းမရှိဘူး လိုက်နာဆောင်ရွက်ခြင်းမရှိဘူးဆိုလို့ရှိရင် ကျွန်တော်တို့ အမိန့်ကြေညာချက်မှာပါတဲ့ ဥပဒေ ၃ ခု ရာဇသတ်ကြီးဥပဒေ၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေ အဲဒီဥပဒေတစ်ရပ်ရပ်နဲ့ ကျနော်တို့ အရေးယူဆောင်ရွက် သွား မယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း က ပြောသည်။
ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ တစ်သောင်းခွဲကျော်ရှိနေသော်လည်း သီးခြားသတ်မှတ်ထားသည့် ၁၄ ရက် ကြာ စောင့်ကြည့်နေရာ (Community Base Facility Quarantine) သို့ စောင့်ကြည့်ခံယူသူ ၃,၄၇၅ ဦး သာ ရောက်ရှိသေးသည်။
မတ်လ ၂၉ ရက်နေ့ထိ ကောက်ယူရရှိထားသည့်စာရင်းအရ မွန်ပြည်နယ်အတွင်းသို့ ပြည်ပ မှ ပြန်လည်ဝင် ရောက်လာသူ ၁၅,၁၃၄ ဦးရှိသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
Community Base Facility Quarantine ဆောင်ရွက်ထားသည့်နေရာအနေနှင့် လက်ရှိ မော်လမြိုင်ခရိုင်တွင် ၁၂၁ နေရာနှင့် သထုံခရိုင်တွင် ၂၃၂ နေရာ စုစုပေါင်း ၃၅၃ နေရာရှိပြီး အဆိုပါနေရာသို့ ရောက်ရှိနေသည့် ပြည်ပပြန်စာရင်းသည် မော်လမြိုင်ခရိုင်တွင် ၁,၈၀၉ ဦး၊ သထုံခရိုင်တွင် ၁,၆၆၆ ဦး စုစုပေါင်း ၃,၄၇၅ ဦး အသီးသီး ရောက်ရှိသည်ဟု ဦးမြင့်သန်းဝင်း က ပြောသည်။
ကျန်းမာရေး ဝန်ကြီးဌာန၏ မတ်လ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ COVID-19 ဓါတ်ခွဲ အတည်ပြုလူနာ (Case-09) သည် မတ်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီမြို့ မှတဆင့် ဝင်ရောက်ခဲ့သူ ဖြစ်ကြောင်း ထုတ်ပြန်ချက် ထွက်လာပြီးနောက် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများပြားသည့် မွန်ပြည်နယ် အတွက် စိုးရိမ်မှု မြင့်တက်နေသည်။
မုဒုံမြို့ မှ ကိုအောင်မွန် က “ထိုင်းကနေ တရားဝင်လမ်းကနေ အလုံးအရင်းနဲ့ ဝင်လာတာ ရှိသလို တခြားလမ်း ကြောင်းတွေကနေ ဝင်လာတာတွေလည်း ရှိနေတယ်။ တချို့ ကလည်း ၁၄ ရက် စောင့်ကြည့်ရမယ့် ဆိုတဲ့ဟာ ကို မလိုက်နာကြဘူး။ ဒီအတိုင်းပဲ သွားလာနေကြတာ။ အစိုးရက ထိုင်းပြန်တွေကို ထိန်းချုပ်တယ်ပြောတယ်။ ဒါပေမယ့် ဘယ်လောက်ထိ လုပ်နိုင်လဲပေါ့။ ဒီထိုင်းပြန်နဲ့တော့ စိုးရိမ်မိတာ အမှန်ပဲ။ မတွေးရဲစရာပါ” ဟု ပြော သည်။
ပြည်နယ်အစိုးရအနေနှင့် ပြည်ပပြန်များအားလုံး Community Base Facility Quarantine သို့ ရောက်ရှိလာ စေရန် သက်ဆိုင်ရာ အဆင့်ဆင့်သို့ ဖိအားပေး ညွှန်ကြားဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်သူလူထု အနေဖြင့် လည်း ပူးပေါင်းပါဝင်ပေးရန်လိုအပ်သည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက ပြောသည်။
“ထပ်ပြီးတော့ ခရိုင်၊ မြို့နယ် ရပ်/ကျေးအဆင့်ထိ ဒီလူ (ပြည်ပပြန်) တွေ Community Base Facility Quarantine ကို ရောက်လာဖို့အတွက် ဖိအားပေးပြီးတော့ ဆောင်ရွက်ဖို့ ညွှန်ကြားဆောင်ရွက်နေပါတယ် ဘာပဲပြောပြော မိမိကြောင့် လူများမဖြစ်အောင် ရောက်ရှိနေတဲ့လူကိုလည်း ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုပါ တယ်” ဟု ဦးမြင့်သန်းဝင်းက ပြောသည်။
မွန်ပြည်နယ်တွင် မတ်လ ၃၀ ရက်နေ့ထိ (PUI) စောင့်ကြည့်လူနာ ၃ ဦးရှိပြီး ဆေးရုံ၌ ထားရှိ၍ အသွားအလာ ကန့်သတ်မှု (Hospital Quarantine) ပြုလုပ်ထားသူ ၄၂ ဦး ရှိသည် ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနထံမှ သိရသည်။
ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူးပေပြည်နယ် ဝူဟန်မြို့မှ စတင်ဖြစ်ပွားလာသည့် ကိုရိုနာ အဆုတ်ရောင်ရောဂါ covid – 19 သည် လက်ရှိတွင် ကမ္ဘာအရပ်ရပ်သို့ ကူးစက်ပြန့်ပွားလျက်ရှိပြီး ကမ္ဘာ့ ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO မှ ကြေငြာထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် (၃၀-၃-၂၀၂၀) ရက်နေ့ အထိ ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ ရှိ လူနာ (၁၄)ဦး ရှိပြီဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည်။