AA ကို လက်မခံရန် တောင်းဆိုချက် မှန်ကန်သော ဖြေရှင်းချက်မဟုတ်ဟု KIO တုန့်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မတ်လ ၃၁ ရက်။

တပ်မတော်က ရက္ခိုင့်တပ်တော် AA ကို ဆက်လက် လက်ခံထားပါက လိုင်ဇာကို တိုက်ခိုက်မည်ဟု ပြောဆိုချက်သည် ပြည်တွင်း ပဋိပက္ခဖြေရှင်းရာတွင် မှန်ကန်သော ဖြေရှင်းချက် မဟုတ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO က အကြောင်းပြန်ခဲ့သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “AA တွေကို အခုလို မျိုးပုံစံနဲ့ပေါ့ စစ်ရေးနဲ့ ဖြေရှင်းတာကတော့ နည်းမှန်လမ်းမှန်မဟုတ်ဘူးလို့ ကျနော်တို့က သဘောထား က အဲလို ရှိပါတယ် ဆိုပြီးမှ အကြောင်းကြားထားပါတယ်” ဟုပြောသည်။

ရက္ခိုင့်တပ်တော် ULA/AA ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာကနေ မောင်းထုတ်ပေးဖို့ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG ကနေတစ်ဆင့် KIO ကို ပြောဆိုလာသည့်အပေါ် KIO က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်း မှူးထံ အဆိုပါအတိုင်း ပြန်လည်တုန့်ပြန်ပြောဆိုခဲ့သည်ဟု KIO က ဆိုသည်။

ထို့ကြောင့် လက်ရှိဖြစ်ပွားနေသည့် စစ်ရေး ပဋိပက္ခများကို နှစ်ဖက်တွေ့ဆုံဆွေးနွေးသည့် လမ်းကြောင်းဖြင့်သာ ဆက်လက် လုပ်ဆောင်သွားမည်ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးထံ ပြန်လည်ပေးပို့ခဲ့သည့် KIO ၏ အကြောင်းပြန်စာတွင် ထည့်သွင်းထားသည်ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

“ကျနော်တို့ရဲ့ သဘောထားကတော့ မပခ တိုင်းမှူးကိုလည်း ကျနော်တို့ စာနဲ့ အကြောင်း ကြားတာရှိပါတယ်။ အဲဒီစာထဲမှာကတော့ ကျနော်တို့ KIO က နိုင်ငံရေးဆွေးနွေးတဲ့ နည်းလမ်းနဲ့ပဲ ကျနော်တို့ ရှေ့ဆက်ပြီးမှ သွားဖို့ ကျနော်တို့ အကြောင်းကြားထားတာရှိပါတယ်။”

ထို့အပြင် ယခုကိစ္စနှင့် ပတ်သက်၍ မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုအဖွဲ့ FPNCC အဖွဲ့ဝင် အဖွဲ့အစည်းများသို့ အကြောင်းကြားထားသော်လည်း အဆိုပါ အဖွဲ့ များထံမှ တစ်စုံတစ်ရာ ပြောဆိုလာခြင်း မရှိသေးဟု ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

FPNCC တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ မြန်မာအမျိုးသားများ ဒီမိုကရက် တစ် မဟာမိတ်တပ်မတော် (MNDAA- ကိုးကန့်အဖွဲ့)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA- မိုင်းလားအဖွဲ့)၊ တအာင်း/ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ ရက္ခိုင့် တပ်တော် (AA) တို့ပါဝင်သည်။
ရက္ခိုင့်တပ်တော် ULA/AA သည် လိုင်ဇာတွင် ၎င်းတို့၏ ဌာနချုပ် အနေဖြင့် ရှိမနေပဲ သင်တန်း ပြုလုပ်သည့် အနေအထားတွင်သာ ရှိသည်ဟု KIO က ဆိုသည်။

တပ်မတော်၏ လုပ်ဆောင်ချက်သည် လက်ရှိသွားနေသည့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများကို ထိခိုက်နိုင်သည်ဟု ဗိုလ်မှူးကြီး နော်ဘူက သုံးသပ်ပြောဆိုသည်။

“တပ်မတော်နဲ့ အစိုးရကလည်း လက်မခံဘူးဆိုရင်တော့ ထိခိုက်နိုင်တာပေါ့။ ဒါပေမယ့် တစ်ဖက်ကနေ ဆွေးနွေး မယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ကတော့ အဆင်သင့်ဖြစ်ပါတယ်။ ကျနော်တို့ ၄ ဖွဲ့ကလည်း ဆွေးနွေးဖို့ ဒီနိုင်ငံရေး ဆွေးနွေးတဲ့ နည်းလမ်းနဲ့ပဲ ကျနော်တို့ သွားဖို့ ဖြစ်ပါတယ်။”

ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် PCG အဖွဲ့မှ ဦးလမိုင်ဂွန်ဂျာ ကလည်း “မြောက်ပိုင်း ၄ ဖွဲ့လည်းပဲ အစိုးရတွေနဲ့ သူတို့ Bilateral လက်မှတ်ရေးထိုးနိုင်ဖို့အတွက် တစိုက်မတ်မတ် သူတို့လုပ်ဆောင်နေတာ ဖြစ် တယ်။ အခုလောလောဆယ် တစ်ကမ္ဘာလုံးဖြစ်နေတဲ့ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါကြောင့် လုပ်ဖို့အဆင်ပြေဘူး။ အဲဒီမှာ အခြေအနေစောင့်ကြည့်ရင်းနဲ့ ဒီလိုပဲ မတွေ့ဆုံနိုင်တဲ့အချိန်မှာပဲ AA ကို အကြမ်းဖက်အဖွဲ့ဆိုပြီး ပြန် ကြေငြာလိုက်တဲ့အပေါ်မှာ အခု ဆက်လက်တွေ့ဆုံဖို့အတွက် ဆိုတာကလည်း ကျနော်တို့လည်း ဆက်လက် ညှိနှိုင်းနေဆဲပဲ အခုလောလောဆယ်ပဲ” ဟု ပြောသည်။

အစိုးရ၊ တပ်မတော်နှင့် ပဏာမ အပစ်ရပ်စာချုပ် (Bilateral ) လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းနေသည့် မြောက် ပိုင်း မဟာမိတ် ၄ ဖွဲ့မှာ ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ (KIO)၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာ မိတ် တပ်မတော် (MNDAA- ကိုးကန့်အဖွဲ့)၊ တအာင်း/ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ ရက္ခိုင့် တပ်တော် (AA) တို့ဖြစ်သည်။ အဆိုပါအဖွဲ့များသည် FPNCC ၏ အဖွဲ့ဝင်များလည်း ဖြစ်သည်။

ပဏာမ အပစ်ရပ်လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းနေဆဲကာလအတွင်း covid – 19 ကပ်ရောဂါဖြစ်ပွားလာ သည့် အတွက် တွေ့ဆုံဆွေးနွေးမှုများမှာလည်း ရပ်တန့်ခဲ့ ရသည်။

ဆွေးနွေးမှု ရပ်တန့်နေသည့် ကာလအတွင်း ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝတွင် တပ်မတော်နှင့် ရက္ခိုင့်တပ် တော် ULA/AA တို့ တိုက်ပွဲပြင်းထန်စွာဆက်လက်ဖြစ်ပွားလာ ခဲ့သည်။

နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေစဉ် အစိုးရမှ ရက္ခိုင့်တပ်တော် ULA/AA ကို အကြမ်းဖက်အဖွဲ့နှင့် မတရား အသင်းအဖြစ် ကြေငြာခဲ့သည့်အတွက် လာမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာ ခက်ခဲလာနိုင်သည်ဟု တိုင်း ရင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုသည်။