မြောက်ပိုင်း ၄ ဖွဲ့အနေနဲ့ ဆက်လက်ဆွေးနွေးရန် သဘောထားရှိကြောင်း KIO ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မတ်လ ၃၁ ရက်။

ရက္ခိုင့်တပ်တော် ULA/AA ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမှာ မထားဖို့ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG ကနေတစ်ဆင့် ပြောဆိုလာတယ်လို့ KIO က ပြောပါတယ်။

ဒီလိုပြောလာပြီးတဲ့နောက်မှာတော့ အစိုးရက ရက္ခိုင့်တပ်တော် ULA/AA ကို အကြမ်းဖက်အဖွဲ့နှင့် မတရား အသင်းအဖြစ် မတ်လ ၂၃ ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။

ယခုလိုအနေအထားမျိုးမှာ အစိုးရနှင့် မြောက်ပိုင်း မဟာမိတ် အဖွဲ့တို့ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး တွေ့ ဆုံ ဆွေးနွေးမှုတွေ ဘယ်လိုဖြစ်လာနိုင်သလဲ။ KIO ကရော ULA/AA ကို ဌာနချုပ် လိုင်ဇာကနေ မောင်းထုတ် ဖို့ ရှိပါသလား။ စတဲ့အကြောင်းအရာတွေကို သတင်းနှင့် မီဒီယာကွန်ရက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို ဆက်သွယ်မေးမြန်းရာမှာ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက KIO သဘောထားကို ခုလို စပြောပြပါတယ်။

ဗိုလ်မှူးကြီးနော်ဘူ – ကျနော်တို့ရဲ့ သဘောထားကတော့ မပခ တိုင်းမှူးကိုလည်း ကျနော်တို့ စာနဲ့ အကြောင်း ကြားတာ ရှိပါတယ်။ အဲဒီစာထဲမှာကတော့ ကျနော်တို့ KIO က နိုင်ငံရေး ဆွေးနွေးတဲ့ နည်းလမ်းနဲ့ပဲ ကျနော်တို့ ရှေ့ဆက်ပြီးမှ သွားဖို့ ကျနော်တို့ အကြောင်းကြားထားတာရှိပါတယ်။ ဒုတိယအနေနဲ့တော့ AA တွေကို အခုလို မျိုးပုံစံနဲ့ပေါ့ စစ်ရေးနဲ့ ဖြေရှင်းတာကတော့ နည်းမှန်လမ်းမှန်မဟုတ်ဘူးလို့ ကျနော်တို့က သဘောထားက အဲလို ရှိပါတယ်ဆိုပြီးမှ အကြောင်းကြားထားပါတယ်။ အဓိကက အဲဒီ ၂ ချက်ပါ။

မေး – AA ကို KIO ဌာနချုပ်ကနေ မောင်းထုတ်ဖို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ပြောဆိုလာတဲ့ အတွက် မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေနဲ့ အစိုးရတို့ တွေ့ဆုံဆွေးနွေးပွဲတွေအပေါ် ဘယ်လို အခက်အခဲတွေ ဖြစ်လာနိုင်သလဲ။

ဗိုလ်မှူးကြီး နော်ဘူ – ကျနော်တို့ ၄ ဖွဲ့ကလည်း ဆွေးနွေးဖို့ ဒီနိုင်ငံရေး ဆွေးနွေးတဲ့ နည်းလမ်းနဲ့ပဲ ကျနော်တို့ သွားဖို့ ဖြစ်ပါတယ်။ အဲဒါကတော့ တပ်မတော်ဖက်ကနဲ့ပဲ ဆိုင်ပါတယ်။ သူတို့လက်ခံမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ကတော့ ဆွေးနွေးဖို့ကတော့ အဆင် သင့်ဖြစ်ပါတယ်။

မေး – အဲ့ဒီအပေါ်မှာ ULA/AA က KIO ကို ဘာများပြောဆိုလာတာတွေ ရှိသလဲ။

ဗိုလ်မှူးကြီး နော်ဘူ – ဗဟိုကော်မတီကို ဘယ်လိုပြောတယ်ဆိုတာကတော့ ကျနော်ကတော့ မသိဘူး။ ဒါပေ မယ့် ကျနော်တို့ အားလုံး သိနိုင်တဲ့ အနေအထားလောက်ကတော့ သူလည်း ဘာမှ ပြောသံတော့ မကြားမိ ပါဘူး။

မေး – လိုင်ဇာမှာက ULA/AA ဌာနချုပ် ရှိတာလား။ ဘယ်လိုပုံစံနဲ့ သူတို့က နေနေတာလဲ။

ဗိုလ်မှူးကြီး နော်ဘူ – မရှိဘူး။ ဒီမှာက သူတို့ဌာနချုပ်ပုံစံနဲ့ လုပ်တာမဟုတ်ပါဘူး။ ဒီမှာက သင်တန်းပေးတဲ့ စခန်း ပုံစံနဲ့ လုပ်ထားတာပါ။ စစ်အင်အားတွေ စုထားတာလည်း မရှိပါဘူး။

AA နဲ့ ပတ်သက်ပြီး တပ်မတော်က ဖိအားပေးလာတဲ့ ကိစ္စကို FPNCC အဖွဲ့ဝင်တွေ ဆီ အကြောင်းကြားထားပြီး ဖြစ်ပေမယ့် တခြားအဖွဲ့တွေကတော့ အကြောင်းပြန်လာတာ မရှိသေးဘူးလို့လည်း ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။