ပထမ ၃ လ အတွင်း KNU နှင့် တပ်မတော်အကြား တိုက်ပွဲ ၅၉ ကြိမ် ဖြစ်ပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မတ်လ ၃၁ ရက်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေတွင် ယခုနှစ် ပထမ ၃ လအတွင်း တပ်မတော်နှင့် တိုက်ပွဲပေါင်း ၅၉ ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဘက် ကျဆုံးမှုများ ရှိခဲ့သည်ဟု KNU ဗဟိုက ထုတ်ပြန်သည်။

ပထမ သုံးလ အတွင်း တပ်မတော်၏ လှုပ်ရှားမှုများနှင့် ပတ်သက်သည့် KNU ၏ ထုတ်ပြန်ချက်ထဲတွင် “မြန်မာစစ်တပ်သည် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပြီး သတ်မှတ်ထား သော နေရာကို ကျော်၍ လှုပ်ရှားမှုများပြုသောကြောင့် ကရင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၅ နှင့် ပစ်ခတ်မှုများဖြစ်ပွားကာ (၃) လ အတွင်း ( ၅၉ ) ကြိမ်ရှိခဲ့သည်” ဟု ထုတ်ပြန်ချက်ထဲ တွင် ဖော်ပြထားသည်။

KNU တပ်မဟာ ၅ နယ်မြေ ကရင်ပြည်နယ် ဖာပွန်မြို့နယ်(မူတြော်ခရိုင်)တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုများလည်း ရှိသည်ဟု မတ်လ ၃၁ ရက် KNU ဗဟို၏ ထုတ်ပြန်ချက်က ဆိုသည်။

၎င်းတို့ ရရှိထားသည့် စာရင်းအရ တပ်မတော်မှ (၂၇) ဦး ကျဆုံးပြီး (၁၂) ဦး ဒဏ်ရာရရှိကာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ဘက်မှ (၁) ဦး ကျဆုံးပြီး (၃) ဦး ဒဏ်ရာရရှိခဲ့သည် ဟု KNU က ဆိုသည်။

အဆိုပါဒေသအတွင်း တပ်မတော်မှ ဖွံ့ဖြိုးရေး ဆိုသည့် ပြောဆိုမှုဖြင့် လမ်းဖောက်လုပ်မှုကို လုပ်ဆောင် လျက် ရှိသော်လည်း KNU ဖက်မှ စစ်ရေးအရ ဖောက်လုပ်သည့် လမ်းမျိုးဖြစ်လာမည် စိုးရိမ်သောကြောင့် လက်မခံရာမှ တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟုသိရသည်။

ဒေသခံ ကရင် လူမျိုးများမှာ ထွက်ပြေးတိမ်းရှောင်ရသည်များ ရှိသကဲ့သို့ စိုးရိမ်ထိပ်လန့်စွာ နေထိုင်နေကြ သူများလည်း ရှိသည့်အပြင် ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေရသည်ဟု KNU ဗဟို သတင်းနှင့် ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက် က ဆိုသည်။

ထုတ်ပြန်ချက်ထဲတွင် “မြန်မာစစ်တပ်၏ ကားလမ်းဖောက်လုပ်မှုကြာင့် ထွက်ပြေးတိမ်းရှောင်ရသော ပြည်သူ လူထုများမှာ လူသောမြို့နယ်တွင် အိမ်ထောင်စု ( ၅၁ )စုရှိပြီး လူဦး (၃၆၇)ယောက်ရှိသည်။ ထွက်ပြေးတိမ်း ရှောင်ပြီး နေရပ်ဒေသသို့ ပြန်လည်နေထိုင်နေသော်လည်း စိုးရိမ်ကြောက်လန့်မှုနှင့် နေထိုင်ရသော အိမ် ထောင်စု ( ၉၆ )စု ရှိကာ လူဦးရေ( ၇၂၅) ယောက်ရှိသည်။ ထို့ပြင် စိုးရိမ်ပူပန်ပြီး ကြောက်လန့်မှုနှင့်သာ နေ ထိုင်ရသော အိမ်ထောင်စု ( ၂၀၁) စုရှိပြီး လူဦးရေ (၁၇၀၇) ယောက်ရှိသည်။ ထို့ကြောင့် မူတြော်ခရိုင် တပ် မဟာ ၅ အတွင်း ရှိ ကျေးရွာပေါင်း (၃၀)ရွာ မှ လူဦးရေပေါင်း ( ၂၇၉၉ )ယောက်တို့သည် မြန်မာစစ်တပ်၏ ကားလမ်း ဖောက်လုပ်မှုကြောင့် စိုးရိမ်ကြောက်လန့်မှုများဖြင့် နေထိုင်ခဲ့ရပြီး အခက်အခဲ အမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ ရပါသည်” ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

KNU သည် အခြားသော တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နှင့်အတူ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက် နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးထားသော်လည်း တပ်မ တော်နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။