ထိုင်းမှ ဆက်လက်ဝင်ရောက်လာသူများကို မော်လမြိုင် တက္ကသိုလ်အဆောင်တွင် ထားရှိမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ် ဧပြီလ ၂ ရက်။

ထိုင်းနိုင်ငံ မှ ဆက်လက်၍ ပြန်လည် ဝင်ရောက်လာသူ အယောက် ၄၅၀ နီးပါးကို သီးသန့် သတ်မှတ်ထားသည့် မော်လမြိုင် တက္ကသိုလ် အဆောင်နေရာတွင် ၁၄ ရက် အကြာ စောင့်ကြည့်မှု (Facility Quarantine) ပြုလုပ်သွား မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူဦးရေ ၄၅၀ ခန့်မှာ မြန်မာနိုင်ငံ နေရာအနှံ့အပြားက လူများ ဖြစ်သည်။

မြန်မာနိုင်ငံ နေရာရပ်အသီးသီးက ထိုင်းပြန် အမျိုးသမီး ၁၃၂ ဦး၊ အမျိုးသား ၃၁၅ ဦး စုစုပေါင်း ၄၄၇ ဦးတို့ကို မတ်လ ၃၁ ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့က မြဝတီမြို့ မှ သွားရောက်ခေါ်ဆောင်ခဲ့ပြီး ကျန်မာရေးစစ်ဆေး မှုများ ပြုလုပ်ကာ မော်လမြိုင် တက္ကသိုလ် အဆောင်တွင် စီစဉ်နေရာချထားပေးခဲ့သည်။

ပြည်ထောင်စု အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ယခုကဲ့သို့ စီစဉ်လုပ်ဆောင်ရခြင်းဖြစ်သည်ဟု မွန်ပြည်နယ် အစိုးရအဖွ့ဲ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး က ပြောသည်။

“လက်ခံဖို့အတွက်ကို ညွှန်ကြားလာတယ်။ ညွှန်ကြားလာတဲ့အတွက် ဒီမှာ စီစဉ်ပေးတယ်။ ကရင်ကလည်း လက်ခံထားတာရှိတယ်။ ဟိုမှာက များသွားတဲ့အတွက် ဒီဘက်ထိ လက်ခံပေးတာပါ။ တနိုင်ငံလုံးအတွက် ကောင်းဖို့အတွက် ရည်ရွယ် ဆုံးဖြတ်ပြီး ဆောင်ရွက်တာဖြစ်တယ်”

ထိုင်းနိုင်ငံမှ ပြန်ဝင်လာသည့် တိုင်းနှင့် ပြည်နယ်အသီးသီးက မြန်မာနိုင်ငံသားများကို ကရင်ပြည်နယ်၊ ဘားအံမြို့ တွင်လည်း နေရာ စီစဉ်ထားပေးပြီး၊ လူဦးရေများလွန်းလှသည့်အတွက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်လည်း ထားရှိရန် စီစဉ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

လက်ရှိတွင် မော်လမြိုင်တက္ကသိုလ်တွင် ဖွင့်လှစ်ထားသည့် Facility Quarantine နေရာအတွက် စောင်၊ ခြင်ထောင် ခေါင်းအုံးကအစ စားရေးသောက်ရေးကို မွန်ပြည်နယ်အစိုးရအဖွဲ့ကသာ တာဝန်ယူ စီစဉ်ဆောင် ရွက်ပေးထားသည်ဟုလည်း ၎င်း က ဆက်ပြောသည်။

Facility Quarantine နေရာသို့ ရောက်ရှိနေသူများကို ကျန်းမာရေးစစ်ဆေးမှု နေ့စဉ်ပြုလုပ်သွားမည်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ရောဂါလက္ခဏာပြသသူများကို သံသယ လူနာအဖြစ် ဆေးရုံတွင် သီးခြားခွဲခြား စောင့်ကြည့်မှု လုပ်ဆောင်သွားရန် စီစဉ် ထားသည်ဟု ဆိုသည်။

စောင့်ကြည့်ရမည့် လူဦးရေများပြားလာသည့်အတွက် တကိုယ်ရေး ကာကွယ်ရေးပစ္စည်းများ လိုအပ်ချက်ရှိလာသကဲ့သို့ စေတနာ့ ဝန်ထမ်းများလည်း လိုအပ်နေသည်ဟု မော်လမြိုင်ခရိုင် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများ က ပြောသည်။

မော်လမြိုင် တက္ကသိုလ်အဆောင်တွင် ပြည်ပမှ ပြန်လာသူ တစ်ထောင်ခန့် သီးသန့်ထား စောင့်ကြည့်နိုင်ရန် စီစဉ် ထားဆောင်ရွက်ထားသည်။

လက်ရှိတွင် မွန်ပြည်နယ်တစ်ခုလုံး၌ Facility Quarantine စီစဉ်ဆောင်ရွက်ထားသည့် နေရာ ၃၅၀ ကျော်ရှိပြီး လူဦးရေ ၃၀၀၀ ဦးကျော်ကို စောင့်ကြည့်နေသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။