ဘုရားထီးတော်ပင့်ဆောင်သူအား လူစုလူဝေး ပြုလုပ်မှုဖြင့် တရားစွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဧပြီလ ၂ ရက်။

ဘုရားထီးတော်ပင့်ဆောင်ခဲ့သည့်အတွက် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်နေ ဒေသခံ တစ်ဦးကို လူစုလူဝေး ဦးဆောင်ပြုလုပ်ခဲ့မှုဖြင့် တရားစွဲဆိုလိုက်သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေး မပြုလုပ်ရန် ညွှန်ကြားချက် ထုတ် ပြန်ထားသည့်အပေါ် လိုက်နာမှုမရှိသည့် ကော့ခလိန်းကျေးရွာအုပ်စု ကြာအင်း ချောင်းကျေးရွာနေ ဦးဇော်မင်းကို ကျိုက်မရောမြို့ နယ် အုပ်ချုပ်ရေးမှူးက ဧပြီလ ၁ ရက်နေ့က တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။

ဘုရားထီးတော်တင်ပင့်ဆောင်သည့် ကိစ္စကို ကျေးရွာခံအချို့ တို့က မတ်လ ၂၉ ရက်နေ့က ရပ်ကျေး အုပ်ချုပ် ရေးမှူးထံ အသိပေးခဲ့ရာ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးက လတ်တလောတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မဖြစ်ပွား စေရေးအတွက် မြို့ နယ်ရုံးမှ လူစုလူဝေးဖြင့် ဆောင်ရွက်သည့်ကိစ္စများ မပြုလုပ်ရန် ညွှန်ကြားထားသည့် အတွက် လူစုလူဝေးဖြင့် ဆောင်ရွက်၍မရကြောင်း တားမြစ်ခဲ့သည်။

သို့သော်လည်း မတ်လ ၃၀ ရက်နေ့က ကြာအင်းချောင်းကျေးရွာနေ ဦးဇော်မင်းမှ ဦးဆောင်၍ ရွာသူ/သား ၁၅၀ ဦးခန့်တို့သည် မော်တော်ယာဉ် ၁၈ စီးနှင့် အသံချဲ့စက် တင်ကား ၂ စီးဖြင့် ဘုရားထီးတော်တင်ပင့်ဆောင်ရန် လူစုလူဝေးပြုလုပ်ခဲ့သည်။

ဦးဇော်မင်းအား သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကော်မတီ ဥပဒေ ပုဒ်မ ၃၀(က) ဖြင့် တရားစွဲဆို လိုက်ခြင်း ဖြစ်ကြောင်း ကျိုက်မရောမြို့နယ် အုပ်ချုပ်ရေးမှုး ဦးကျော်မြင့် က ပြောသည်။

“မွန်ပြည်နယ်အစိုးရအဖွဲ့ ရဲ့ ဆုံးဖြတ်ချက်အရ ကျနော်က ဒီဟာနဲ့ ပတ်သက်ပြီး ဥပဒေအရာရှိနဲ့ ညှိနှိုင်းပြီးတော့မှ ဘယ်ဥပဒေနဲ့ ညှိလဲပေါ့။ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀(က) နဲ့ ညှိ စွန်းမှုရှိတဲ့အတွက် ဒါကို ၃၀(က)နဲ့ တရားစွဲဆို ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်”

အသံချဲ့ စက် တင်ကား ၂ စီးကိုလည်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးမှ ရပ်/ကျေးဥပဒေနှင့်အညီ အမှုဖွင့် အရေး ယူဆောင်ရွက်သွားမည်ဟုလည်း ကျိုက်မရောမြို့ နယ်အုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

ပြည်သူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့်တပြေးညီ ထုတ်ပြန်ထားသည့် အသိပေးချက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရန် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများဖြစ်သည့် ရာဇာသတ်ကြီးဥပဒေ၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေဖြင့် အရေးယူ မည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့က မတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်သည် ဧပြီလ ၃၀ ရက်နေ့ထိ အတည်ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပြောဆို ထားသည်။