တရုတ်-မြန်မာ နယ်စပ်ဂိတ်များ ပိတ်လိုက်ပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဧပြီလ ၂ ရက်။

တရုတ်-မြန်မာ နယ်စပ်ဂိတ် အဝင်အထွက်များအား ဧပြီလ (၁) ရက်နေ့မှ စတင်၍ အကန့်အသတ်မရှိ ပိတ်လိုက်ပြီဟု ဒေသခံများနှင့် အလုပ်သမားများက ပြောသည်။

မူဆယ် ခရိုင်အတွင်းရှိ လူဝင်၊ ထွက် ဂိတ်များဖြစ်သည့် မန့်ဝိန်းဂိတ်၊ ဆင်ဖြူဂိတ်၊ နန်းတော်ပေါက်၊ မန့်ဟီးရိုး ဂိတ်၊ ကျင်ဆန်ကျော့ဂိတ်နှင့် ကြူကုတ်(ပန်ဆန်း) ဂိတ်များမှ လူအဝင်အထွက်များ အားလုံးကို ပိတ်လိုက် ခြင်း ဖြစ်သည်ဟု သိရသည်။

“ဟုတ်ပါတယ်။ နှစ်ဖက်တာဝန်ရှိသူတွေ ဆွေးနွေးပြီး လုပ်လိုက်တဲ့ သဘောရှိပါတယ်ဗျ။ မြန်မာနိုင်ငံဘက် မှာ Covid 19 ကူးစက်တာ ၁၅ ဦး ရှိလာတဲ့နောက်ပိုင်း တရုတ်ဘက်က ပိတ်ဖို့ဖြစ်လာတယ်လို့ ပြောလို့ရ တယ်။ အဲ့မှာ နှစ်ဖက်တာဝန်ရှိသူတွေညှိလိုက်ကြတာပါ။ တချို့ ပြောတော့ အကန့်အသတ်မရှိဘူး။ တချို့ ပြောတာကလည်း အခုက ၁၄ ရက် ကြာမယ်လည်း ပြောတယ်။ လူဝင် လူထွက် မြန်မာဘက်က လုံးဝ လုပ်လို့မရတော့ဘူး” ဟု မူဆယ်မြို့ က ဦးနော်ဆန် က ပြောသည်။

မြန်မာနိုင်ငံတွင် Covid 19 ရောဂါပိုး ကူးစက်ခံရသူ လူနာများ တစ်ရက်ထပ် တစ်ရက်တိုးလာနေသည့် အတွက် နယ်စပ်အဝင်အထွက်များကို ပိတ်လိုက်ခြင်း ဖြစ်သည်ဟု မူဆယ်ဒေသခံများ က ပြောသည်။

ယခုကဲ့သို့ နယ်စပ် အဝင်အထွက်ကို ပိတ်လိုက်သည့်အတွက် မြန်မာနိုင်ငံက တရုတ်ဘက်ခြမ်းတွင် အလုပ် လုပ်ကိုင်နေကြသည့် အလုပ်သမားများအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ပြောသည်။

ရွှေလီမြို့တွင် အလုပ်လုပ်ကိုင်နေသည့် မဘောက်က “ပိတ်လိုက်ပါပြီ။ တကယ်လို့ ထွက်မယ်ဆိုရင် မူဆယ်မှာ မြန်မာဘက်ခြမ်းမှာပဲ ပြန်နေရမယ် ပြောတယ်။ အချိန်ဘယ်လောက်ကြမယ်ဆိုတာတော့ အတိအကျ မသိသေးဘူး။ ထွက်ပြီဆိုတာနဲ့ တရုတ်ဘက်ခြမ်းကို ပြန်ဝင်လို့မရတော့ဘူး။ အရင်က တပတ်တစ်ကြိမ် နယ်စပ်အဝင်အထွက် စာအုပ်တံဆိပ်တုံးထုရတယ်။ အခုတော့ အဲ့ဒါသွားထုရင် ပြန်ဝင်လို့ မရဘူးဆိုတော့ သွားမထုတော့ဘူး” ဟု ပြောသည်။

ယခုကာလအတွင်း တရုတ်အာဏာပိုင်များဘက်က နယ်စပ်ဖြတ်ကျော် စာအုပ် အနီရက်ကျော်သော်လည်း ဖမ်းဆီးမှုများ မလုပ်ဘူးဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်ဟု ရွှေလီမြို့တွင် နေထိုင်နေသူများ က ပြောသည်။

“အခုလောလောဆယ်က ဒီအတိုင်းပဲ နေရတော့မှာလေ။ တရုတ်ကတော့ ဒီကြားထဲ အဖမ်းအဆီး မလုပ် ဘူးလို့လည်း ပြောတယ်။ မောင်းထုတ်တာမျိုးလည်း မရှိသေးဘူး။ တရုတ်ဘက်ခြမ်းမှာ နေမယ့်လူတွေ ကောင်းကောင်းနေပေါ့။ ဒီကာလအတွင်းတော့ စာအုပ်ရက်ကျော်တာမျိုးတော့ မဖမ်းဘူးပေါ့ အဲ့လိုလည်း ပြောနေကြတယ်။ ဒါလည်း အတိအကျ တော့ ဘာမှ မထုတ်ပြန်ထားဘူး။ မတတ်နိုင်ဘူးလေ ဒီအတိုင်း အခြေအနေကြည့် နေရအုံးမှာပဲ။ ရေရှည် မှာ ဘာဖြစ်လာမလဲတော့ မသိဘူး” ဟု မဘောက် က ဆက် ပြောသည်။

ဧပြီလ ၁ ရက်နေ့ မှ စတင်၍ မည်သည့်ဂိတ်မှ လူဝင်ထွက်ခွင့်ကို ခွင့်မပြုဘူးဟု ပြောသည်။

သို့သော်လည်း မန့်ဝိန်းဂိတ်နှင့် ကျင်စန်းကျော့ဂိတ်များမှ ကုန်ကားများကို ဆက်လက်ဝင်ခွင့်ပြုထား ကြောင်း၊ ထိုသို့ ဝင်ခွင့်ပြုထားသော်လည်း ပစ္စည်းပို့သည့် ကားဒရိုင်ဘာ(ယာဉ်မောင်း) တစ်ဦးကိုသာ ဝင် ခွင့်ပြုထားသည်ဟု မူဆယ်ဒေသခံများ ကပြောသည်။

မတ်လ ၃၁ ရက်နေ့ က စတင်၍ မူဆယ်ဘက်အခြမ်းတွင် “မိဘပြည်သူများခင်ဗျာ၊ မနက်ဖြန် ၁-၄-၂၀၂၀ ရက်နေ့မှစတင်၍ မန်ဝိန်းဂိတ်၊ ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်၊ ကျင်ဆန်ကျော့ဂိတ်၊ ကြူကုတ်(ပန်ဆန်း)ဂိတ်၊ မန့်ဟီးရိုးဂိတ် အစရှိသော မူဆယ်ခရိုင်နှင့် ထိဆက်လျှက်ရှိသည့် ဂိတ်ပေါက်များမှ တဆင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်သို့ လူဝင်ခွင့် မပြုလုပ်ကြောင်း၊ ကုန်ကားကြီးသီးသန့် မန့်ဝိန်းဂိတ်နှင့် ကျင်ဆန်ကျော့ဂိတ် တို့မှ ဆက်လက် ဆောင်ရွက် ခွင့်ပြုထားကြောင်း လေးစားစွာ အသိပေးကြေညာအပ်ပါတယ် ခင်ဗျာ” ဟု အသံချဲ့စက် ကားဖြင့် လိုက်လံ ကြေညာနေသည်ဟု မူဆယ် ဒေသခံများက ပြောသည်။

ဗန်းမောင်ခရိုင်ရှိ လွယ်ကျယ်ဂိတ်ကိုလည်း ယမန်နေ့မှ စတင်၍ လူဝင်လူထွက် ပိတ်လိုက်သည်။

တရုတ်-မြန်မာနယ်စပ် မူဆယ်ခရိုင်အတွင်း မတ်လ ၂၉ ရက်နေ့မှ စတင်၍ နယ်စပ်အဝင်အထွက်များ ကန့်သတ်မှုများ ရှိလာခဲ့ရသည်။

ထို့နောက် မတ်လ ၃၀ ရက်နေ့တွင် ပြန်လည် ဝင်ထွက်ခွင့်ပေးခဲ့ပြီးနောက် ဧပြီလ ၁ ရက်နေ့မှ စတင်၍ တဖန် နယ်စပ်ဝင်ထွက်ခွင်ကို ပိတ်ခဲ့ခြင်းဖြစ်သည်။

ယခုခါ မြန်မာနိုင်ငံထဲတွင် Covid 19 ရောဂါပိုး ကူးစက်ခံရသူ ၁၆ ဦး ရှိပြီဖြစ်ပြီး ၎င်းတို့ထဲမှ တစ်ဦးမှာ သေ ဆုံးသွားပြီ ဖြစ်သည်။