COVID-19 ကာကွယ်တိုက်ဖျက်ရေး အစိုးရနှင့် လက်တွဲရန် အခက်အခဲများရှိကြောင်း EAO အချို့ပြော
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့။
COVID-19 ကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းများတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် အစိုး ရနှင့် ပူးပေါင်းဆောင်ရွက်ရန် အခက်အခဲ ရှိကြောင်း ပြောကြသည်။
ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP/SSA အဖွဲ့အနေဖြင့် အစိုးရနှင့် ပူးပေါင်း လုပ်ဆောင် ရန် သဘောထား ရှိသော် လည်း လက်ရှိ အနေအထားအရ အစိုးရတွင်လည်း အခက်အခဲများစွာရှိနေသည် ဟု SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဘုန်းဟန်က ပြောသည်။
“ဒါပေမယ့် အစိုးရကိုယ်၌ကလည်း သူတို့မှာလည်း အခက်အခဲရှိနေတယ်။ ကျနော်တို့က လောလောဆယ် သူတို့မှာလည်း တတ်နိုင်သလောက် သူတို့ မလုပ်နိုင်ဘူး။ အဲဆိုလည်း သူတို့မှာလည်း အခက်အခဲ တစ်စုံ တစ် ရာ ရှိတာပေါ့ အဲကြောင့်မို့လို့ ကျနော်တို့က တတ်နိုင်တဲ့ ဖက်က ကျနော်တို့ လုပ်နေတာ ဖြစ်တယ်။ ဘယ်အဖွဲ့နဲ့ မဆို ကျနော်တို့ ပူးပေါင်းဖို့ ဆန္ဒရှိပါတယ်။ ပူးပေါင်းဆောင်ရွက်ဖို့လည်း ကမ်းလှမ်းတာပေါ့လေ။”
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အနေဖြင့် ဒေသအတွင်း Covid – 19 ရောဂါကာကွယ်တားဆီးရေးကို ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရန်အတွက် မတ်လ ၂၈ ရက်နေ့က ကော်မတီတစ်ခုကို ဖွဲ့စည်းထားသည်ဟု ဆိုသည်။
ဒေသအတွင်း Covid – 19 ကို ထိရောက်စွာ ကာကွယ် တားဆီးနိုင်ရန်အတွက် အစိုးရအပါအဝင် အခြားသော လူမှု အသင်းအဖွဲ့များနှင့် ပူးပေါင်း လုပ်ဆောင်သွားရန် မူဝါဒ ချမှတ်ထားသည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ကပြော သည်။
SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဘုန်းဟန်က “ကျနော်တို့ အဖွဲ့အစည်းက အထူးအလေးထားပြီး တော့ ဆောင်ရွက်နေပါတယ်။ တတ်နိုင်တဲ့ အနေအထားပေါ့နော်။ ဒါကို ကျနော်တို့ တစ်ခြား ပရဟိတ အဖွဲ့ အစည်းများ လူမှုအဖွဲ့အစည်းများ၊ ကျန်းမာရေး အဖွဲ့အစည်းများ ဘယ်အဖွဲ့အစည်းမဆို ကျနော်တို့ ပူးပေါင်း ဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်” ဟု ပြောသည်။
SSPP ထိန်းချုပ်ရာ ဒေသအတွင်း Covid – 19 ရောဂါ ကာကွယ်တားဆီးရေးကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ချမှတ်ထားသည့် ကျန်းမာရေး လမ်းညွှန်းချက်အတိုင်း ဒေသခံ ပြည်သူများအား အသိပညာပေး အစီအစဉ်များကို လုပ်ဆောင်နေသည်ဟု ဆိုသည်။
ထို့အပြင် SSPP ဌာနချုပ်ဝန်းကျင်နှင့် အဝင်အထွက် လမ်းများတွင် ကိုယ်ပူချိန်တိုင်းကိရိယာများဖြင့် စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု SSPP က ပြောသည်။
မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်လည်းဖြစ် ပြည်ထောင်စု နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ကော်မတီ FPNCC ၏ အဖွဲ့ ဝင်လည်း ဖြစ်သည့် တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA ကလည်း ၎င်းတို့ ထိန်းချုပ် ရာဒေသတွင် ရောဂါတားဆီးကာကွယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသော်လည်း အစိုးရနှင့် ပူးပေါင်း လုပ် ဆောင်မည့် ကိစ္စတွင် အဟန့်အတား ရှိနေသည်ဟု PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။
“အစိုးရနဲ့ ပူးပေါင်းပါဝင်မှု ဆိုတာကတော့ ကျနော်ထင်တာကတော့ အစိုးရကလည်း ဖိတ်ခေါ်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ မူလကတည်းက ကျနော်တို့က လက်မှတ်မထိုးတဲ့ အဖွဲ့လည်း ဟုတ်တယ်ပေါ့နော်။ တစ် ဖက်က တစ်ဖက်က အစိုးရက ကျနော်တို့နဲ့ ပူးပေါင်းဖို့ မပြောနဲ့ပေါ့နော ကျနော်တို့ နဂိုကတည်းက ဒီရောဂါ မဖြစ်ခင်ကတည်းက ကျနော်တို့ အခြားပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းတွေပေါ့နော ဒီသူတို့က လက်ခံမှုမှာ မရှိ ဘူးပေါ့နော်။ အထူးသဖြင့်က လက်မှတ်မထိုးသေးတဲ့ အဖွဲ့အနေနဲ့ အတားအဆီးဖြစ်တော့ သူတို့က ပူးပေါင်း မှုတော့ သူတို့က မရှိဘူး။ အဲလိုမျိုးပုံစံမျိုးရှိတယ်။”
Covid – 19 ရောဂါ ဖြစ်ပွားလာသည့်အတွက် ကမ္ဘာအရပ်ရပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရပ်တန့် ပေး ရန် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူးတာရက်စ်က မေတ္တာရပ်ခံ တောင်းဆို ထားသည်။
အဆိုပါ တောင်းဆိုချက်ကို ကရင်အမျိုးသား အစည်းရုံး KNU၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KSPP တို့ က ထုတ်ပြန်ချက် ထုတ်ကာကြိုဆိုခဲ့ သကဲ့သို့ လက်ရှိ မြန်မာပြည်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကို တစ်နိုင် ငံလုံး အတိုင်းအတာဖြင့် ရပ်တန့်ပေးရန် အစိုးရနှင့် တပ်မတော်ကို တောင်းဆိုထားသည်။
SSPP/SSA မှ ဗိုလ်မှူးစိုင်းဘုန်းဟန်ကလည်း “ကျနော်တို့က ပြောတာက ဒီကိုရိုနာ ဖြစ်လာမှ တိုက်ပွဲရပ်ဖို့ဆိုတဲ့ ဆန္ဒရှိလာတာ မဟုတ်ပါဘူး။ ကျနော်တို့ အမြဲတမ်းတောင်းဆိုလာတာက တည်ငြိမ်းအေးချမ်းဖို့ရယ် ငြိမ်းချမ်း ရေးရယ် ကျနော်တို့ လက်ကိုင်တဲ့ မူဝါဒဖြစ်တယ်။ အဲကြောင့်မို့လို့ အရင်တုန်းကလည်း ကျနော်တို့ ဒီရောဂါ မဖြစ်လာခင်ကတည်းကလည်း ကျနော်တို့က ဒီဟာကို အစဉ်တစ်စိုက်တောင်းဆိုတာ ရှိတယ်ခင်ဗျာ။ ဒါပေမယ့် အခုက ပိုပြီးတော့ အရေးကြီးတယ်ဆိုတာ ကျနော်တို့ အစိုးရရယ် တပ်မတော်ရယ်က အထူးပြုပြီးတော့လေ စဉ်းစားရမယ့် ဆင်ဆင်ခြင်ခြင်လုပ်ရမယ့် သဘောထား ကျနော်တို့က ရှိပါတယ်။ ဒါကတော့ တိုင်းပြည်အတွက် အရေးကြီးတဲ့ အချိန်မှာ ကျနော်တို့ ဘာလုပ်သင့်သလဲ ဆိုတဲ့ဟာကို တာဝန်ရှိတဲ့ လူတိုင်းက အဖွဲ့အစည်းတိုင်း က စဉ်းစားရမယ့် အချက်ထဲမှာ ပါတယ်ခင်ဗျာ” ဟု ပြောသည်။
ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူးပေပြည်နယ် ဝူဟန်မြို့မှ စတင်ဖြစ်ပွားလာသည့် ကိုရိုနာ အဆုတ်ရောင်ရောဂါ covid – 19 သည် လက်ရှိတွင် ကမ္ဘာအရပ်ရပ်သို့ ကူးစက်ပြန့်ပွားလျက်ရှိပြီး ကမ္ဘာ့ ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO မှ ကြေငြာထားသည်။
မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ရောဂါပိုး ကူးစက်ခံထားရသူ ၁၆ ဦးရှိပြီး ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ က ရောဂါကူးစက်ခံထားရသည့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် နေထိုင်သူ အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။