အပစ်မရပ်သည့်အတွက် COVID-19 တားဆီးကာကွယ်ရေး အခက်အခဲများ ရှိ

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဧပြီလ ၂ ရက်။

အစိုးရနှင့် တပ်မတော်တို့မှ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် အပစ်ရပ်စဲခြင်း မရှိသည့်အတွက် covid – 19 ရောဂါကာကွယ် တားဆီးရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အခက်အခဲများစွာ ရှိနေသည် ဟု မြောက် ပိုင်း မဟာမိတ် အဖွဲ့ဝင်များက ပြောသည်။

တအန်း (ပလောင်) အမျိုးသား “ဒီထိုးစစ်တွေ ရှိတဲ့ နေရာတွေမှာတော့ အဲလိုမျိုးက ကျနော်တို့က မသွားနိုင်ဘူး” ဟု ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် covid – 19 ရောဂါ ကာကွယ် တားဆီးရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် တိုက်ပွဲ များ ဖြစ်ပွားနေမည်ဆိုပါက ဒေသခံပြည်သူများမှာ အခက်အခဲများနှင့် ပိုမိုကြုံတွေ့နိုင်သည့် အတွက် အစိုးရနှင့် တပ်မတော်ဖက်မှ အပစ်ရပ်ပေးပါက ပိုမို ထိရောက်စွာ လုပ်ဆောင်နိုင်မည်ဟု ဗိုလ်မှူး မိုင်းအိုက်ကျော် က ဆက် ပြောသည်။

“နောက်တစ်ခုက အထူးသဖြင့်တော့ ဒီထိုးစစ်မရှိရင် ပိုပြီးတော့ အဆင်ပြေတာပေါ့။ ခုနကျရင် ထိုးစစ်တွေများ တော့ တိုက်ပွဲဖြစ်ပွားလို့ရှိရင်တော့ လူထုတွေက ရောဂါကို ကြောက်ရတာက တစ်ခုပေါ့နော်။ ရောဂါကို ရှောင်ရ တာက တစ်ခု ပြီးရင် စစ်ဘေးဓာတ်ရှောင်ရတာက တစ်ခု။ အဲမျိုးတွေ ရှိလာနိုင်တယ်။ ဒီအချိန်မှာတော့ အစိုးရ နဲ့ တပ်နဲ့က ကျနော်တို့ တိုင်းရင်းသားဒေသမှာ ထိုးစစ်တွေ လျှော့ချဖို့တော့ လိုတယ်။ တိုက်ပွဲ မဖန်တီးဖို့တော့ လိုတာပေါ့။”

အစိုးရတပ်မတော်နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်အတွင်းမှာတော့ စစ်ရှိန်လျှော့ပြီး ကမ္ဘာ့ကပ်ရောဂါ ပညာပေးလုပ်ငန်းများ လူထုအတွက် လုပ်ဆောင်ပေးနိုင်ဖို့ အခြေအနေမပေးဘူးဟု ရက္ခိုင့်တပ်တော် AA အဖွဲ့က တာဝန်ခံ တစ်ဦးက ပြောသည်။

“လောလောဆယ်မှာတော့ ကျနော်တို့ ရခိုင်ပြည်သူတွေ အားလုံးက ကိုဗစ်ထက် မြန်မာစစ်တပ်ကို ကြောက်ပြီး တော့မှ ပြေးလွှားရှောင်တိမ်းနေရတဲ့ အနေအထားရှိတယ်။ တောကလူတွေ သက်သက်မဟုတ်ဘူး။ မြို့ပေါ်က လူတွေအတွက်လည်းပဲ ကျီးလန့်စာစားနေရတယ်။ ဒီလိုမျိုး အနေအထား ဒီလိုပဲ နေ့ညမပြတ် မြန်မာစစ်တပ် ဖက်က လက်နက်ကြီးမျိုးစုံနဲ့ ကျနော်တို့ရဲ့ ရခိုင်ရွာတွေကို ဦးတည်ပြီးတော့မှ ပစ်ခတ်နေတာတွေရှိတယ်။ ဒါကြောင့်မို့လို့ ဒီအချိန်မှာ covid ထက် ကျနော်တို့က မြန်မာစစ်တပ်ကိုပဲ ကြောက်ဖို့ကောင်းနေတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ဒီကပ်ကို ကျနော်တို့ ရခိုင်တွေက ဘယ်လိုကျော်လွှားမလဲဆိုတာကို ကျနော်တို့ အာရုံစိုက်ပြီးတော့ လုပ်ဆောင်နေတယ်ဗျာ။”

တစ်ဖက်တွင်လည်း Covid – 19 ရောဂါ ဖြစ်ပွားလာသည့်အတွက် ကမ္ဘာအရပ်ရပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲ များကို ရပ်တန့်ပေးရန် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူးတာရက်စ်က မေတ္တာ ရပ်ခံ တောင်းဆိုထားသည်။

အဆိုပါ တောင်းဆိုချက်ကို ကရင်အမျိုးသား အစည်းရုံး KNU၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KSPP တို့က ထုတ်ပြန်ချက်ထုတ်ကာ ကြိုဆိုခဲ့ကြသကဲ့သို့ လက်ရှိ မြန်မာပြည်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရပ်တန့်ပေးရန် အစိုးရနှင့် တပ်မတော်ကို တောင်းဆိုထားသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ပြောရေးဆိုခွင်ရှိသူ ဗိုလ်မှူးစိုင်းဘုန်းဟန်က”အခုက ပိုပြီးတော့ အရေး ကြီးတယ်ဆိုတာ ကျနော်တို့ အစိုးရရယ် တပ်မတော်ရယ်က အထူးပြုပြီးတော့လေ စဉ်းစားရမယ့် ဆင်ဆင်ခြင် ခြင်လုပ်ရမယ့် သဘောထား ကျနော်တို့က ရှိပါတယ်။ ဒါကတော့ တိုင်းပြည်အတွက် အရေးကြီးတဲ့ အချိန်မှာ ကျနော်တို့ ဘာလုပ်သင့်သလဲ ဆိုတဲ့ဟာကို တာဝန်ရှိတဲ့ လူတိုင်းက အဖွဲ့အစည်းတိုင်း က စဉ်းစားရမယ့် အချက်ထဲမှာ ပါတယ်ခင်ဗျာ” ဟု ပြောသည်။

ထိုသို့တောင်းဆိုထားသော်လည်း တိုက်ပွဲများမှာ ရပ်တန့်သွားခြင်း မရှိပဲ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝတို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

PSLF/TNLA အနေဖြင့် ၎င်းတို့လှုပ်ရှားရာ ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသော်လည်း covid – 19 ရောဂါ ကာကွယ်တားဆီးရေးများကို လုပ်ဆောင်နေသည်ဟု PSLF/TNLA ပြောသည်။

“ပြီးခဲ့တဲ့ ၁၇ ရက်နေ့မှာလည်း ကျနော်တို့က နှိုးဆော်စာတွေလည်း ထုတ်ထားတယ်။ ဟိုးတရုတ်ပြည်မှာ စပေါ် ကတည်းက ဒီရုပ်ပြတွေနဲ့ ကျနော်တို့ တအာင်းလို ဘာသာပြန်ပြီးမှ အသိပညာပေး လုပ်ငန်းတွေ လုပ်တယ်။ အခုလည်း ကျနော်တို့ ကျန်းမာရေးဌာနဖက်နဲ့ အုပ်ချုပ်ရေးဌာနပေါ့နော် မြေပြင်မှာလည်း ပညာပေး လုပ်ငန်း တွေ လုပ်တယ်။ အဲလိုမျိုး သူ့ရဲ့ လက္ခဏာရယ် နောက်ထပ် အခြားဒေသက ပြန်လာတဲ့ ဒီလူတွေပေါ့နော် ပြန်လာတဲ့ လူတွေစောင့်ကြည့်ဖို့ အဲလိုမျိုး ပညာပေးတာလည်း ရှိတယ်။ လူစုလူဝေး မပြုလုပ်ဖို့လည်း ကျနော် တို့က ကြေငြာထားတာဖြစ်တယ်” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။

ထို့သို့လုပ်ဆောင်ရာတွင် တိုက်ပွဲဖြစ်ပွားမှုကို ရှောင်ရှားရသည့် အခက်အခဲအပြင် နှာခေါင်းစည်း၊ လက်အိတ် စသည့် အသုံးအဆောင်ပစ္စည်း မလုံလောက်မှုနှင့် နည်းပညာ အခက်အခဲများစွာ ရှိသူဟု PSLF/TNLA က ဆို သည်။

ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူးပေပြည်နယ် ဝူဟန်မြို့မှ စတင်ဖြစ်ပွားလာသည့် ကိုရိုနာ အဆုတ်ရောင်ရောဂါ covid – 19 သည် လက်ရှိတွင် ကမ္ဘာအရပ်ရပ်သို့ ကူးစက်ပြန့်ပွားလျက်ရှိပြီး ကမ္ဘာ့ ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO မှ ကြေငြာထားသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ရောဂါပိုး ကူးစက်ခံထားရသူ ၁၆ ဦးရှိပြီး ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က ရောဂါကူးစက်ခံထားရသည့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် နေထိုင်သူ အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။