ကလေးအပါအဝင် မိသားစု ၅ ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ် ဧပြီလ ၉ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်တွင် ကလေးတစ်ဦး အပါအဝင် မိသားစု တစ်စု၏ ရုပ်အလောင်း ၅ လောင်းကို သေနတ်ဒဏ်ရာများဖြင် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်ဟု သိရသည်။

ဧပြီလ ၉ ရက်နေ့ ယနေ့တွင် သီပေါမြို့နယ် ကုံးမုံရွာအနီးရှိ ပြည်ထောင်စု ကားလမ်းမကြီးမှ ၆ မိုင်ခန့်အကွာ ရှိ တောတွင်းတစ်နေရာတွင် အဆိုပါ လူသေ အလောင်း ၅ ခုကို သွားရောက်သယ်ယူခဲ့သည်ဟု သီပေါမြို့ နယ်စည်းမခြား ပရဟိတအဖွဲ့မှ ကိုမျိုးက ပြောသည်။

“ကျနော်တို့ကို ဒီကနေ့ ၉ နာရီကျော်ကျော်လောက်မှာ ဖုန်းဆက်အကြောင်းကြားလာတယ်လေ။ ကူညီပေးဖို့ လေနော်။ ကျနော်တို့တွေက ဖြစ်တဲ့ နေရာပေါ့ သီပေါမြို့နယ် ကုံးမုံကျေးရွာရဲ့ အနောက်ဖက်ပေါ့ ၅ မိုင်ကျော် ၆ မိုင် လောက်နီးပါးရှိတဲ့ တောထဲမှာ မိသားစု ၅ ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာပေါ့။ ကလေးတစ်ယောက် ပါတယ်။ သေဆုံးနေတာကို အဲဒါကို ကျနော်တို့က သယ်ပြီးမှ သီပေါဆေးရုံကို ပို့ပေးတာပေါ့နော်။”

ယနေနံနက် ၉ နာရီကျော်အချိန်တွင် ရဲစခန်းမှ အကြောင်းကြားလာသည့်အတွက် သွားရောက် သယ်ယူခဲ့ခြင်း ဖြစ်သည် ဟု ကိုမျိုးက ပြောသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသူများမှာ အသက် ၁၂ နှစ် အရွယ် ယောကျ်ားလေးတဦး အပါအဝင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦးတို့ဖြစ်သည်ဟု သီပေါမြို့ နယ်စည်းမခြား ပရဟိတအဖွဲ့က ဆိုသည်။

သေဆုံးသူများမှာ မည်သူမည်ဝါ ဖြစ်သည်ကို မသိရှိရသေးဟု ကိုမျိုးက ပြောသည်။

ဇန္နဝါရီလအတွင်းကလည်း အဆိုပါဒေသတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးသူ ၅ ဦးရှိခဲ့သည်ဟု ဒေသခံများက ဆိုသည်။

၂၀၂၀ ခုနှစ် ပထမ ၄ လအတွင်း သီပေါမြို့နယ်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးသူ “ဒါနဲ့ ဆိုတော့ ၁၃ ယောက်ရှိပြီပေါ့” ဟု ကိုမျိုးက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံနှင့် ပြည်သူ့စစ်များ သွားလာလှုပ်ရှားသည့် ဒေသဖြစ်သည့်အတွက် ဒေသခံများ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးပါက တရားမျှတမှု ရရှိရန် အလွန်ခက်ခဲသည့် အနေအထားတွင် ရှိသည်ဟု တအာင်းအမျိုးသမီး အဖွဲ့အစည်း TWO က ပြောသည်။

တအာင်းအမျိုးသမီး အဖွဲ့အစည်း TWO မှ ပြောရေးဆိုခွင့်ရှိသူ လွေးချိဆငါးက “မကြာခဏပဲ အခုလိုမျိုး လူသေ အလောင်းတွေ ပြီးတော့ မကြာခဏ အသတ်ခံရတယ်။ ဒါတွေက လက် သည် မပေါ်တဲ့ အရာတွေက မကြာခဏ တွေ့နေရတယ်။ သီပေါမှာလည်း ဖြစ်သလိုမျိုး ပြီးခဲ့တဲ့ နမ့်ခမ်းတို့ ဖက်မှာ လည်းပဲ မကြာခဏ ဖြစ်တယ်။ ဒါပေ မယ့် အခုအချိန်အထိ ဘယ်သူလုပ်မှန်းလည်း မသိဘူး။ အဲဒီသေဆုံးတဲ့ သူတွေ အတွက်လည်း တရားမျှတမှု အမှန်တရားဆိုတာ လုံး၀ မရှိတဲ့ အနေအထား ကျမတို့ တွေ့နေရတယ်” ဟု ပြောသည်။

ထို့သို့အနေအထားတွင် အစိုးရမှ ထိရောက်သည့် စုံစမ်းစစ်ဆေးမှုပုံစံဖြင့် အမှုမှန်ပေါ်ပေါက်သည့်အထိ လုပ် ဆောင်ပေးရန် လွေးချဆငါး တောင်းဆိုသည်။

“ဒီဖြစ်စဉ်ဟာ ဘယ်လိုပဲဖြစ်ဖြစ် လက်နက်ကိုင်တွေနဲ့ ပတ်သက်တယ်ဆိုတာ သေချာတယ်။ ပြည်သူအချင်းချင်း ဒီလိုသေနတ်ကိုင်ပြီးတော့ သေဆုံးနေတဲ့ လူတွေမှာ ရတဲ့ဒဏ်ရာတွေ လက်နက်နဲ့ ပစ်တဲ့ ဒဏ်ရာတွေ ဖြစ်တဲ့အ တွက်ကြောင့်မို့လို့ လက်နက်ကိုင်က ပတ်သက်ဆက်နွယ်နေမှာပဲ။ ဆိုတော့ ဒီအချိန်မှာက တစ်နိုင်ငံလုံး အတိုင်း အတာအရ တာဝန်အရှိဆုံးက တပ်ဖက်မှာလည်း တာဝန်ရှိတယ်။ အစိုးရအနေနဲ့ကလည်းပဲ ဒီလိုမျိုး မတရား သတ်ဖြတ်တာတွေ လက်သည်မပေါ်တဲ့ ကိစ္စတွေကို စုံးစမ်းရေး ပုံစံမျိုး တကယ့်ကို တစ်စိုက်မက်မက် ပုံစံမျိုး လုပ်စေချင်တယ်။”

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခုကဲ့သို့ သေနတ်ဖြင့် ပစ်သတ်ခံရပြီး မည်သူမည်ဝါ လုပ်ဆောင်သည်ကို မသိရှိ ရသည့်အတွက် အစိုးရအနေဖြင့် ထိရောက်စွာ ကိုင်တွယ်လုပ်ဆောင်ပေးရန်နှင့် တရားမျှတပြီး ဥပဒေစိုးမိုး သည့် အနေအထားမျိုးရောက်အောင် လုပ်ဆောင်ပေးစေချင်သည်ဟု ဒေသခံများက တောင်းဆိုသည်။