တိုက်ပွဲများ ကြောင့် ရခိုင်တွင် စစ်ရှောင် ဦးရေ ဆက်လက် တိုးပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဧပြီလ ၉ ရက်။

ရခိုင်ပြည်နယ် အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင် လူဦးရေတိုးများ လာနေ သည်ဟု ဒေသခံများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေသခံ အရပ်ဘက် လူမှု အဖွဲ့အစည်းများက ပြောသည်။

ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး REC ၏ စာရင်များအရ ကျောက်တော်၊ မင်းပြားနှင့် ပုဏ္ဏားကျွန်း မြို့နယ် ၃ မြို့နယ်တွင် လူဦးရေ ၃၀၀၀၀ ကျော်ခန့် တိုးသွားသည်ဟု သိရ သည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “ကျနော်တို့ ဖေဖော် ဝါရီလကုန်ရက် ထုတ်တဲ့ ထုတ်ပြန်ချက်မှာဆိုရင် ၁၂၈၀၀၀ ကျော်လောက်ရှိတယ်။ အခု လက်ရှိ ကျနော်တို့ ထပ်ရတဲ့ နောက်ဆုံးအခြေအနေအရဆိုရင် စာရင်းက ၁၅၇၀၀၀ ကျော်ရှိလာပြီ။ ဆိုတော့ ၃၀၀၀၀ လောက် တိုးသွားတာပေါ့နော်။” ဟုပြောသည်။

ယခုနှစ် ဖေဖော်ဝါရီနှင့် မတ်လ အတွင်း ဖြစ်ပွားခဲ့သည့် ရက္ခိုင့်တပ်တော်နှင့် တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် စစ်ရှောင်များ တိုးလာခြင်းဖြစ်ကြောင်း ဦးဇော်ဇော်ထွန်းက ပြောသည်။

“ဒီကျောက်တော်၊ ပလက်ဝဘက်မှာ ရှိတဲ့ မီးဝမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ နောက်ပိုင်း၊ ကုလားတန်မြစ်ကြောင်းတလျှောက်ပေါ့နော်။ ကျောက်တော်နားနီးတဝှိုက်က ပစ်ခတ်မှုတွေ၊ တိုက်ပွဲတွေနဲ့ တပ်မတော်က လုပ်တဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေကြောင့် ရွာသားတွေ ထွက်ပြေးလာ ကြတယ်”

မြို့နယ် ၃ မြို့နယ်တွင် စစ်ဘေးရှောင်စခန်းသစ်များ ထပ် တိုးလာသည်ဟု ဦးဇော်ဇော်ထွန်းက ဆက်ပြောသည်။

“အဓိက တိုးသွားတာ ကတော့ ဒီ ကျောက်တော်မြို့နယ်မှာ ပိုပြီးမှ တိုးသွားတာပေါ့နော်။ အဲ့မှာ တစ်သောင်း ဝန်းကျင်လောက် တိုး သွားတာပေါ့နော်။ နောက်ပြီးတော့ မင်းပြားမြို့နယ်မှာလည်း ရှိတယ်။ ရသေ့ တောင်မြို့နယ်မှာလည်း ရှိတယ်။ ပုဏ္ဏားကျွန်းမြို့နယ်မှာလည်းရှိတယ်။ ဒီသုံးမြို့နယ်မှာ အဓိက တိုးသွား တာဖြစ်ပါတယ်။” ဟု ပြောသည်။

ကျောက်တော်၊ ရသေ့တောင်နှင့် မင်းပြားမြို့နယ်တို့တွင် စစ်ရှောင်အသစ်ထပ်တိုးလာသည့်အတွက် စစ်ရှောင်စခန်းသစ်များ ထပ်တိုးချဲ့ထားရသည်ဟု သိရသည်။

စစ်ရေးပဋိပက္ခများအကြား ဒေသခံပြည်သူများ လူ့အခွင့် အရေးချိုးဖောက်ခံရမှု အမျိုးမျိုးနှင့် ကြုံနေရသည် ဟုလည်း ကျောက်တော်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်း က ပြောသည်။

“ဒီ ၂၀၂၀ ဖေဖော်ဝါရီလ ဖြစ်တဲ့ ကုလားတန် အထက်ပိုင်း ပလက်ဝနဲ့ ကျောက်တော်ကြားမှာဖြစ်တဲ့ တိုက် ပွဲပေါ့၊ အဲ့ဒီမှာ ဖေဖော်ဝါရီ ၆ ရက် ၇ ရက် လောက်ကတည်းက စဖြစ်တာပေါ့။ နေ့တိုင်းလိုလိုဖြစ်တာပေါ့။ အဲ့ဒီမှာ ရွာတချို့ မီးရှို့ခံလိုက်ရတာ ပေါ့။ ရွာသားတွေ ဖမ်းဆီးခံရတာတို့၊ လက်နက်ကြီးတွေကျလို့ ရွာသား တွေ သေတာတို့ ရှိတယ်။ အဲ့ဒီ ၂၀၂၀ နှစ်ဆန်းအတွင်းမှာကိုက သေဆုံးစာရင်းက ၂၀ ကျော်လောက်ရှိ တယ်။ ဖမ်းဆီးခံရတာတွေလည်း ခပ်စိပ် စိပ်ဖြစ်လာတယ်။ တိုက်ပွဲတွေကလည်းဖြစ်၊ ရွာသားတွေကို ခေါ် စစ်လိုက်၊ သံသယရှိတဲ့လူတွေကို ဖမ်းသွား လိုက်၊ တချို့ကျတော့ စစ်ကြောရေးကနေ ဒဏ်ရာဒဏ်ချက် တွေနဲ့ ပြန်ရောက်လာလိုက်၊ တချို့ က လည်း အသက်မပါတော့ဘူး။ သေပြီးမှ အလောင်းတွေ ရောက် လာ လိုက်ပေါ့ အဲ့လိုပုံစံမျိုးတွေ ဆက်တိုက် ဖြစ်လာ တယ်ပေါ့။”

ကျောက်တော်နှင့် ပလက်ဝကြားက ရေလမ်းကြောင်းနှင့် ကုန်းလမ်း ကြောင်း နှစ်ခုစလုံး ပြတ်တောက်သွားပြီး အဆိုပါ ဒေသအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများမှာ စစ်ဘေးလွတ်ရာသို့ အသီးသီး ထွက်ပြေးလာပြီး ကျောက်တော်မြို့ အတွင်းသို့ ရောက်ရှိလာကြသည်ဟု ဦးဦးထွန်းဝင်း က ဆက်ပြောသည်။

“လမ်းပြတ်တောက်သွားတော့ အဲ့ဘက်က လူတွေက မနေနိုင်တော့ ထွက်ပြေးကြတယ်။ အဲ့မှာ တချို့ ရွာ တွေ မီးရှို့ခံလိုက်ရတာတွေရှိတယ်။ တချို့ကတော့ ရွာတော့ရှိတယ်။ ခဏ ခဏ လက်နက်ကြီးတွေ ကျ တယ်။ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်တယ်။ အခုက ကျောက်တော်မှာ ဒီလ ပိုင်းလေးမှာပဲ ၈၀၀၀ ကျော် လောက် ထပ်တိုးတယ်လို့ ပြောလို့ရတယ်။ ထပ်တိုးတာနော်။ ၂၀၁၉ က ရှိတဲ့ စစ်ရှောင်တွေကို ပြောတာ မဟုတ်ဘူးနော်။ ကုလားတန်မြစ်၊ ကစ္စပ္ပနဒီမြစ် အထက်ပိုင်းက ရွာတွေကနေ ထွက်ပြေးလာကြတဲ့ လူတွေ ပေါ့။ အခုလည်း တစ်ရက်နေ့က စဖြစ်တဲ့ ဖြစ်စဉ်ကြောင့် ထွက်ပြေးလာတဲ့ လူတွေလည်း အပေါက်ဝဆိုတဲ့ ရွာကို ၆၀၀ ကျော်လောက် ထပ်ရောက်တယ်။ ကျောက်တော်တစ်မြို့ နယ် လုံးဆိုရင် တစ်သောင်းဝန်းကျင် လောက် ထပ်ရောက်နေတယ်လို့ ပြောလို့ရပါတယ်။”

စစ်ဘေးရှောင်များကို ကျောက်တော်မြို့နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းများနှင့် ဘာသာရေး အဆောက်အဦများ အတွင်း နေ ရာစီစဉ်ထားပေးပြီး၊ ရိက္ခာအတွက်လည်း ကျောက်တော်ဒေသခံများက တတ်နိုင်သည့်ဘက်က ကူညီ ပံ့ပိုး ပေးနေရသည်ဟု သိရသည်။

မင်းပြားမြို့နယ်အတွင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူ တစ်ဦးက “မတ်လမကုန်ခင်က ထွက်ပြေး လာကြတာတွေ ရှိတယ်။ ဖုံသာချောင်းဝဘက်က အဲ့ဒီနားက ရွာကတွေက ဒေသခံတွေပါ။ ကျောက်မော် ပါတယ်။ ပုလဲတောင်၊ တောင်ပေါက်ကေ၊ စိတ္တရ အကုန်ပါတယ်။ အဲ့ဘက်က ၁၀၀၀ ကျော်လောက်ပေါ့။ ဒီတပ်မတောက် လက်နက်ကြီးတွေနဲ့ ပစ်တော့၊ လက်နက်ကြီးမကျတဲ့ ရွာတွေကို ထွက်ပြေးရတာ။ အခုထိ မပြန်ရဲကြသေးဘူး။ ပြန်လို့လည်း မရတော့ဘူး” ဟု ပြောသည်။

ကိုဇော်ဇော်ထွန်းက “တချို့နေရာမှာက စခန်းအသစ်တိုးတယ်။ တချို့မှာက ရှိနေပြီးသား Camp(စခန်း)မှာ လူဦးရေတိုးသွားတယ်။ မင်းပြားမှာက အဓိက တိုင်းဗဟို ၉ ကို တိုက် ခိုက်ခံရပြီးနောက်ပိုင်းမှာပေါ့နော် တပ် မတော်ကနေပြီးတော့ အဲ့အနီးအနားတဝှိုက်ကျေးရွာတွေပေါ့နော် အဲ့မှာ လေကြောင်းကနေ တိုက်ခိုက်တဲ့ နောက်မှာ ရွာသားတွေက မနေနိုင်ကြတော့ ထွက်ပြေးလာကြတာဖြစ်ပါတယ်။ အဲ့ကလူတွေ တိုးလာတာ ပါ။ ကျောက်တော်မှာ မြို့ပေါ်မှာတွေ၊ အပေါက်ဝကျေးရွာတွေမှာရော အသစ်တိုးတယ်။ စစ်တွေမှာလည်း အရင်က စစ်ရှောင်စခန်း ၄၊ ၅ ခုပဲ ရှိတာ။ အခုတော့ ၁၆ ခု အထိတိုးသွားတာပေါ့နော်” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဆက်တိုက် ပြင်းပြင်းထန်ထန် ဖြစ်ပွားလာနေခြင်း၊ တိုက်ပွဲများ၊ စစ်ရေး ပဋိပက္ခများ ပြည်နယ်မြောက်ပိုင်းမှ တောင်ဘက်ပိုင်းမြို့နယ်များသို့ ကူးစက်ကျယ်ပြန့်လာခြင်းတို့ကြောင့် မှန်ကန်တိကျဆုံးသော စာရင်းအချက်အလက်ရရှိအောင် ကြိုးပမ်းရန်လည်း လွန်စွာ ခက်ခဲ လာသည်ဟု REC က ပြောသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ၏ စာရင်းများအရ ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင် ဦးရေ ၁၅၇၀၀၀ ကျော်ရှိပြီဖြစ်သည်။