လက်နက်ကြီးကြောင့် အရပ်သား ၈ ဦးသေဆုံး၊ တပ်မတော်မှ ပစ်ခတ်ခြင်းဖြစ်ဟု ဒေသခံများ ဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၃ ရက်၊

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲသည့်အတွက် ဒေသခံ ၈ ဦးသေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဧပြီလ ၂၃ ရက်နေ့ ယနေ့တွင် ပုဏ္ဏာကျွန်းမြို့နယ်ရှိ ကျောက်ဆိပ်ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံ ၈ ဦးသေဆုံးပြီး အချို့မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကျောက်ဆိပ် ကျေးရွာသို့ ရောက်ရှိနေသည့် စစ်တွေမြို့မှ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ကိုခိုင်မျိုးထွန်းက ပြော သည်။

“ပုဏ္ဏားကျွန်းဆေးရုံကို ဝင်တဲ့အခါ အလောင်း ၂ လောင်းက သေနေပြီ ကျနော်တွေ့တယ်။ ပြီးတော့ ကျနော် ကျောက်ဆိပ်ကို လိုက်လာတယ် ကျောက်ဆိပ်ကျေးရွာမှာ ၄ ယောက်သေတယ် ၄ ယောက်စလုံးက သူတို့ ဇရပ်မှာပေါ့နော သူတို့ထားတယ် စုစုပေါင်း ၆ ယောက်ရှိပါပြီ”

ထို့အပြင် ထိခိုက်ဒဏ်ရာ ရရှိသူ ၂ ဦးကို စစ်တွေဆေးရုံသို့ ပို့ဆောင်ရာ လမ်းတွင် တပ်မတော်သားများ၏ ဟန့်တားစစ်ဆေးမှုကြောင့် အချိန်ကြန့်ကြာခဲ့ရသည့်အတွက် လမ်းတွင်သေဆုံးခဲ့ရသည်ဟု အဆိုပါ လူ့အ ခွင့်အရေး တက်ကြွလှုပ်ရှားသူက ဆက်ပြောသည်။

“အခုကျနော်ကို တစ်နာရီ ပတ်ဝန်းကျင်လောက်ပဲ ဖုန်းဆက်လာတယ် စစ်တွေက ပုဏ္ဏားကျွန် ပရဟိတ လုပ်နေ တဲ့ သူတွေက ဆက်လာတယ် အဲမှာပဲ စစ်သားက တားတဲ့ အခါကျတော့ အချိန်က အဲမှာ အရမ်းကုန်သွားတယ် စစ်တွေ ဆေးရုံကို မရောက်လိုက်ဘူး အဲဒီမှာ ၂ ယောက်သေတယ်လို့ပြောတယ်။စုစုပေါင်း ၈ ယောက်ပါပဲ ခိုင်လုံ ပါတယ်။ သေတဲ့သူရော ဒဏ်ရာ ရတဲ့သူရော အပါအဝင် ၁၆ ယောက်ရှိပါတယ် ကျနော် သိသလောက်လေ ကျ နော် အဲဒီရွာကို ရောက်နေပါပြီ အခုလေ။”

ဒဏ်ရာ ရရှိသူ ၈ ဦးအနက် ၂ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိပြီး လက်ရှိတွင် ပုဏ္ဏားကျွန်းဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု ဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျောက်ဆိပ်ကျေးရွာသည် ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်တွင် တည်ရှိပြီး ကုလား တန်မြစ်နှင့်လည်း နီးကပ်စွာတည်ရှိနေသည်။

အဆိုပါ ဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ယနေ့နံနက် ၈ နာရီဝန်းကျင်ခန့်က တပ်မတော်မှ ပစ်ခတ် လိုက် သည့် လက်နက်ကြီးကျည်မှာ ကျေးရွာအတွင်းသို့ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်ဟု ဒေသခံများ၏ ပြောဆို ချက်ကို ကိုးကား၍ ကိုခိုင်မျိုးထွန်းက ပြောသည်။

“ရွာသားတွေအပါအဝင် ဒီပုဏ္ဏားကျွန်းမြို့ပေါ်ကပြောတာက ၅၅၀ တပ်ရင်းဆိုတာက ပုဏ္ဏားကျွန်းနဲ့ နီးနီးလေးပဲ လေ အဲဒီ ၅၅၀ တပ်ရင်းက တောင်ပေါ်ကနေ ပစ်နေတာကတော့ ၂ ရက် ၃ ရက် ရှိပါပြီ ဒီနေ့မှပဲ အဲဒီရွာကို လာကျပြီးတော့ ဒါမျိုးဖြစ်တာပါ”

ယနေ့နံနက်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ တပ်မတော်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လက်နက်ကြီး ကျည်မှာ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ပြောဆိုသော်လည်း သတင်းနှင့် မီဒီယာကွန်ရက်အနေနဲ့ အဆိုပါဖြစ်စဉ်အပေါ် သီးခြား အတည်ပြု၍ မရသေးပေ။

လက်နက်ကြီး ပစ်ခတ်မှုနှင့် ပတ်သက်၍ သိရှိနိုင်ရန် တပ်မတော်မှန်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ များကိုလည်း ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသေးပေ။

ယနေ့နံနက်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ တစ်ချို့မှာ ကြောက် လန့်ကာ ကျောက် ဆိပ်ရွာနှင့် နီးစပ်ရာ အခြားကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်သွားသူများလည်း ရှိသည်ဟု ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသား လွတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

“ရွာသား တစ်ဝက်ကျော်လောက်က အဲဒီဖြစ်ကတည်းက ကြောက်ပြီးတော့ သူတို့ ထွက်ပြေးသွားကြတယ်။ အိမ်နီးနားကျေးရွာတွေ နောက်အဲဒီ မြစ်တစ်ဖက်ကမ်းကို ကူးပြီးတော့ သွားတာရှိတယ် လှေတွေနဲ့”

Covid – 19 ဖြစ်ပွားနေသည့် အခြားတစ်ဖက်တွင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေး ရှောင်များအတွက် စားဝတ်နေရေးမှာ ခက်ခဲလာနိုင်သည်ဟု ဆိုသည်။

Covid – 19 ကို ထိရောက်စွာ တိုက်ဖျက်ရန်အတွက် တိုက်ပွဲများကို ရပ်တန့်ရန်လိုသော်လည်း တိုက်ပွဲများမှာ ရပ်တန့်သွားခြင်း မရှိပဲ ရခိုင်ပြည်နယ်အနှံ ဆက်လက်ဖြစ်ပွားနေသည်။ထို့ကြောင့် လက်ရှိ ဖြစ်ပွားနေသည့် စစ် ရေးပဋိပက္ခများသည် အစိုးရတွင် တာဝန်ရှိသည်ဟု ဦးခင်မောင်လတ်က ဆက်ပြောသည်။

“အမှန်က ဒါက ငြိမ်းချမ်းရေးကို ခေါ်ရမှာလေ ဆွေးနွေးမှု လုပ်ရမှာ ဒီတိုက်ပွဲကို ရပ်စဲသွားအောင် လုပ်ရမယ့် တာဝန်က အစိုးရမှာ တာဝန် ရှိတာကိုး ပြည်သူလူထုကို ကူညီစောင့်ရှောက်ဖို့ကလည်း အစိုးရမှာပဲ တာဝန် ရှိတယ်။ ဒီအစိုးရကလည်း ငြိမ်းချမ်းရေးဆောင်ပုဒ်နဲ့ တက်လာတာလေ ပြည်တွင်းငြိမ်းချမ်းရေး အပစ်အ ခတ်ရပ်စဲရေး ဆောင်ပုဒ်နဲ့ တက်လာတာ ရွေး ကောက်ပွဲ ကတိတည်ဖို့အတွက် ဒီဟာတွေကို လုပ်ရမှာပေါ့”

ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ နန်းချောင်း၀ ကျေးရွာတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း တပ်မတော်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၇ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာ ရရှိခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည်နယ် မြို့နယ် တော်တော်များနှင့် ချင်းပြည်နယ် ပလက်ဝတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း အရပ်သား ထိခိုက်သေဆုံးမှုနှင့် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ခံရသည့်အတွက် ဒေသခံများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက အရပ်သားထိခိုက် သေဆုံးမှုမျိုးကို ဖြစ်စေသည့် တိုက်ခိုက်မှုများကို ရှောင်ရှားပေးရန် နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများအား တောင်းဆိုထားသည်။