ကေအိုင်အေ ဌာနချုပ် လိုင်ဇာတွင် COVID-19 သံသယ လူနာ တစ်ဦး တွေ့ရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၃ ရက်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ဌာနချုပ် အခြေစိုက်ရာ လိုင်ဇာမြို့တွင် COVID-19 သံသယ လူနာတစ်ဦး တွေ့ရှိထားကြောင်း KIO နယ်မြေတွင် ဖွဲ့စည်းထားသည့် COVID-19 ရောဂါ တားဆီးနှိမ်နင်းရေး ကော်မတီက သတင်းထုတ်ပြန်သည်။

ထိုကော်မတီ၏ ကြေညာချက်တွင် “လိုင်ဇာမြို့တွင် COVID-19 ကပ်ရောဂါပိုး ရှိသည်ဟု ယူဆရသော သူတစ်ဦးကို တွေ့ရှိထားသည်၊” ဟု ဖော်ပြသည်။

ကော်မတီက လူနာနှင့်ပတ်သက်၍ အသေးစိတ်ထုတ်ပြန်ခြင်း မပြုသော်လည်း လူနာကို လိုင်ဇာဆေးရုံ သီးသန့်အဆောင် (Quarantine Ward) တွင် ခွဲထားကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်နယ်မြေများတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများက COVID-19 ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြရာ KIO ထိန်းချုပ်နယ်မြေတွင် ပထမဆုံးအဖြစ် သံသယ လူနာတွေ့ရှိကြောင်း သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။

ကြေညာချက် ထုတ်ပြန်ခဲ့သည့် ကော်မတီက လိုင်ဇာမြို့တွင် နေထိုင်သူများအား “COVID-19 ရောဂါ ကာကွယ် နှိမ်နင်းရေး ကော်မတီနှင့် ကျန်းမာရေး ဌာနတို့မှ ချမှတ်ထားသော လမ်းညွှန်ချက်များကို တသွေမတိမ်း လိုက်နာကြရန်” လည်း တိုက်တွန်း ထားသည်။

KIO ဌာနချုပ်လိုင်ဇာသည် တရုတ် နယ်စပ်တွင် တည်းရှိသော မြို့ဖြစ်သည်။