လိုင်ဇာတွင် COVID-19 သံသယ လူနာတွေ့ရှိပြီး လူအဝင်အထွက် ကန့်သတ်ရန် ရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ် ဧပြီလ ၁၃ ရက်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ဌာနချုပ် အခြေစိုက်ရာ လိုင်ဇာမြို့တွင် COVID-19 သံသယ လူနာတစ်ဦး တွေ့ရှိထားသည့်အတွက် လူဝင်လူထွက်နှင့် အသွားအလာ ကန့်သတ်မှု များ ပိုမို တင်းကြပ်မှုများ လုပ်ဆောင်သွားရန် ရှိသည်ဟု သိရသည်။

ဧပြီလ ၁၃ ရက်နေ့တွင် လိုင်ဇာမြို့တွင် COVID-19 သံသယ လူနာတစ်ဦး တွေ့ရှိ ထား သည်ဟု KIO နယ်မြေတွင် ဖွဲ့စည်းထားသည့် COVID-19 ရောဂါ တားဆီးနှိမ်နင်းရေး ကော်မတီ က သတင်းထုတ်ပြန်ထားသည်။

ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ အသွားအလာ ကန့်သတ် တာတွေ ထိန်းချုပ်တာတွေ လူဝင်လူထွက်တွေ အဓိက လုပ်နေပါတယ်။ အထဲကို မဝင်လာ အောင်ပေါ့။ အထူးသဖြင့်တော့ အဲလိုမျိုးတွေ လုပ်နေပါတယ်။ တကယ်လို့ လူနာက Confirm ဖြစ် ခဲ့ရင် ဒီထက်ပိုပြီး ဝင်ထွက်တာတွေကို စိစစ်သွားဖို့တော့ရှိတယ်။ ဒါပေမယ့် အခု အဝင်အထွက် ကို တော့ အဓိက ကန့်သတ်ဖို့တော့ လုပ်နေကြပြီပေါ့” ဟု ပြောသည်။

ဧပြီလ လဆန်းပိုင်းမှစတင်၍ လက်ရှိဖြစ်ပွားနေသည့် covid – 19 ဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ် တားဆီးသည့်အနေဖြင့် ကချင်လွတ်လပ်ရေး အဖွဲ့ ထိန်းချုပ်ရာ တရုတ်-မြန်မာနယ်စပ်ဂိတ်မှ ဝင် ရောက်လာသူများကို ကန့်သတ်လိုက်သည်ဟု သတင်းနှင့်မီဒီယာကွန်ရက် မှ ဆက်သွယ် မေးမြန်းရာတွင် KIO က ဖြေကြားခဲ့သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “အဝေးက ဧည့်သည်တွေကိုတော့ ပိတ်ထားကြပါတယ်။ ကျနော်တို့ ရွာကလူတွေကိုတော့ အဝင်အထွက် တော့ ဈေးဝယ်ဈေးရောင်း ကတော့ ကျနော်တို့ ခွင့်ပြုထားတာ ရှိပါတယ်။ အခုလောလောဆယ် ကတော့ ပိတ်တာတော့ မဟုတ်ပါဘူး စစ်တာပါ။ ဧည့်သည်တွေ ကို စစ်တာပါ။ ဖြေးဖြေးချင်း လျှော့ချမှုပေါ့နော် စစ်တာတွေ ရှိပါတယ်။ ဒီထက်ပိုပြီးတော့မှ အခြေအနေ ဆိုးလာမယ် ဆိုရင် တော့ ပိတ်ဖို့တော့ ရှိပါတယ်” ဟု ဧပြီလဆန်းပိုင်းက ဆက်သွယ်မေးမြန်းရာတွင် ပြောဆိုခဲ့သည်။

သံသယလူနာနှင့် ပတ်သက်သည့် ခရီးသွားမှတ်တမ်းနှင့် အခြားအချက်အလက်များနှင့် နောက် ဆက်တွဲအခြေအနေများအား လူနာ၏ အခြေအနေပေါ်မူတည်၍ အတည်ပြုချက် ရရှိပါက KIO ဗဟိုမှ ထပ်မံထုတ်ပြန် အသိပေးမှုများ ပြုလုပ်သွားမည်ဟု အဆိုပါ ကျန်းမာရေးဌာနမှ တာဝန်ရှိသူ က ဆက်ပြောသည်။

“travel history(ခရီးသွားမှတ်တမ်း)တွေ အားလုံးလိုက်ထားတယ် အချက်အလက်တွေလည်း ရထားပြီ။ လူနာက လုံးဝ Confirm မဖြစ်သေးတာ ထုတ်ပြန်လို့မရသေးဘူး။ ဗဟိုကနေ ထုတ်ပြန်လိမ့်မယ်။ လူနာရဲ့ အခြေအနေကတော့ ကောင်းကောင်းမွန်မွန်ပါပဲ။ ကျနော် တို့ ကုသဖို့ပြင် ဆင်ထားတဲ့ နေရာမှာ ထားထားတယ်။”

ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက “လူနာက အဆုတ်ရောင်ပုံစံပေါ့၊ ပြင်းပြင်းထန်ထန်တော့ မဟုတ်ဘူး။ နမိုးနီးရား လက္ခဏာပုံစံနဲ့ ရောက်လာတာ။ ရောက်လာတော့ ခရီးသွား မှတ်တမ်း လည်းရှိတော့ ကျနော်တို့က test stick စစ်လိုက်တာ ဟုတ်တယ်။ test stick မှာတော့ positive တွေ့တာမျိုးပေါ့။ လုံးဝကြီးတော့ Confirm တော့ မဟုတ်ဘူးပေါ့။ positive တွေ့တဲ့အတွက်ကြောင့် ကျနော်တို့က အဲ့ဒါကို သံသယဆိုပြီးမှ ထည့်ထားတာ ပေါ့နော်” ဟု ပြောသည်။

“လိုင်ဇာမြို့တွင် COVID-19 ကပ်ရောဂါပိုး ရှိသည်ဟု ယူဆရသော သူတစ်ဦးကို တွေ့ရှိ ထားသည်” ဟု ယနေ့ထုတ်ပြန်လိုက်သည့် KIO ၏ COVID-19 ရောဂါ တားဆီးနှိမ်နင်းရေး ကော်မတီ က ကြေညာချက်တွင် ဖော်ပြသည်။

လက်ရှိတွင် အဆိုပါ သံသယ လူနာကို လိုင်ဇာဆေးရုံ သီးသန့်အဆောင် (Quarantine Ward) တွင် ခွဲထားကြောင်း သိရသည်။

KIO အနေဖြင့် ၎င်းတို့၏ ထိန်းချုပ်နယ်မြေများအတွင်း လူဝင်လူထွက်များကို ကန့်သတ်မှုများ စစ် ဆေးမှုများပြုလုပ်နေသကဲ့သို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ၏ လမ်းညွှန်မှုများ အတိုင်း ဒေသခံ များ၊ စစ်ဘေးရှောင်စစ်စခန်းရှိ ပြည်သူများကို အသိပညာပေး လုပ်ငန်းများကို လုပ်ဆောင် လျက်ရှိ သည်ဟု ဆိုသည်။

ထိုသို့ ကန့်သတ်မှုများပြုလုပ်ထားသော်လည်း “ကျနော်တို့က အခက်အခဲကတော့ ပြောမယ်ဆို လို့ရှိရင်တော့ နည်းပညာပိုင်းကတော့ အခက်အခဲတွေရှိတာပေါ့နော်။ နောက်ပြီးတော့ ပစ္စည်း တွေလည်း လုံလုံလောက်လောက် ရရှိမှု မရှိတာကတော့ ကျနော်တို့ အခက်အခဲပါ။ နောက် ကျနော်တို့ကတော့ အားလုံးကတော့ ဒီစစ်ရှောင်ပြည်သူတွေလည်း စုစုစည်းစည်းနေနဲ့ နေရာတွေ ဖြစ်တဲ့ အတွက်တော့ ကျနော်တို့ အတွက်တော့ အခက်အခဲတော့ ရှိတာပေါ့” ဟု ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်နယ်မြေများတွင် သက်ဆိုင်ရာ အဖွဲ့ အစည်းများက COVID-19 ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြရာ KIO ထိန်းချုပ် နယ်မြေတွင် ပထမဆုံးအဖြစ် သံသယ လူနာတွေ့ရှိကြောင်း သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။

ကြေညာချက် ထုတ်ပြန်ခဲ့သည့် ကော်မတီက လိုင်ဇာမြို့တွင် နေထိုင်သူများအား “COVID-19 ရောဂါ ကာကွယ် နှိမ်နင်းရေး ကော်မတီနှင့် ကျန်းမာရေး ဌာနတို့မှ ချမှတ်ထားသော လမ်းညွှန် ချက်များကို တသွေမတိမ်း လိုက်နာကြရန်” လည်း တိုက်တွန်း ထားသည်။