တစ်လအတွင်း ပလက်ဝတွင် အရပ်သား ၂၈ ဦးသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၇ ရက်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် တစ်လအတွင်း ဒေသခံပြည်သူ ၂၈ ဦးသေဆုံးပြီး၊ ၄၀ နီးပါး ဒဏ်ရာရရှိခဲ့သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ ကပြောသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလျန် က “မတ်လ ၉ ရက်နေ့ ၁၄၊ ၁၅ ပြီးတော့ ဧပြီ ပထမအပတ်အထိပေါ့ အဲဒီ ရက်ပေါင်း ၃၀ အတွင်းမှာ ဒေသခံ ချင်းပြည်သူ ၂၈ ယောက်သေတယ်။ ဒဏ် ရာရတဲ့သူက ၃၀၊ ၄၀ ကျော်တယ်။ ဆိုတော့ အခု ဒဏ်ရာရပြီးတော့ ကုသနေတဲ့ လူတွေက မန္တလေးဆေးရုံ မှာလည်း ရှိတယ်။ မင်းတပ်ဆေးရုံမှာလည်းရှိတယ်။ ဆမီးဆေးရုံးမှာလည်းရှိတယ်။ ဆမီးကတော့ မင်းတပ် မြို့နယ်ထဲကပဲ။ ဆိုတော့ ဒဏ်ရာရတဲ့လူနဲ့ သေသွားတဲ့လူက အဲ့လောက်ရှိတယ်” ဟု ပြောသည်။

ချင်းပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများအတွင်း အရပ်သား ပြည်သူများ အများ အပြား ထိခိုက်သေဆုံးခြင်း၊ လူထုကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းများသည် စစ်ရာဇဝတ်မှု မြောက်သည် ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလျန် က ပြောသည်။

“အခု ရက် ၃၀ အတွင်းမှာ ဒီလောက်လူ အများကြီး သေတာကတော့ ကျနော်တို့ မြန်မာနိုင်ငံက လိုက်နာရမယ့် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံနှုန်းအရ ချိုးဖောက်ရာရောက်တဲ့အတွက် ဒါက စစ်ရာဇဝတ်မှုမြောက်တယ်။ War Crime ဖြစ်တယ်။”

ထိခိုက်သေဆုံးသူများတွင် ကလေးသူငယ်များလည်း ပါဝင်နေပြီး မြန်မာနိုင်ငံသည် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်ကို ချုပ်ဆိုထားပြီးဖြစ်သည့်အတွက် လိုက်နာရန် လိုအပ်ကြောင်းနှင့် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်သည်ဟု သူက ဆက်ပြောသည်။

အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ အရပ်ဘက်အဖွဲ့အစည်းများက တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကို အမြန်ဆုံးရပ်တန့်ပေးရန် ဧပြီလ ၁၅ ရက်နေ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။

နိုင်ငံပေါင်း ၂၉ နိုင်ငံက အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ “မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခအတွင်း ကျရောက်နေသော အရပ်သားပြည်သူများအား ယခုချက်ချင်း အကာအကွယ်ပေးရန် အရပ်ဘက်လူထု အဖွဲ့အစည်းများမှ တိုက်တွန်းတောင်းဆိုခြင်း” ဆိုသည့် အဆိုပါ ပူးတွဲသဘောထား ထုတ်ပြန်ချက်ထဲတွင် တပ်မတော်မှ လေယာဉ်ဖြင့် ပစ်ခတ်မှုများအတွင်း အရပ်သားပြည်သူများ သေဆုံးခဲ့ရခြင်း ဖြစ်သည် ဟု ဖော်ပြထားသည်။

“အများဆုံး ဒီနှစ်ရက်ထဲမှာသေတာက ၂၁ ယောက် သေတယ်။ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့ မတ်လမှာ။ ဒီတပ်မတော်က တိုက်လေယာဉ်နဲ့ တိုက်လို့၊ လေယာဉ်နဲ့တိုက်လို့။ လေကြောင်းနဲ့တိုက်လို့ပေါ့နော်။ နှစ်ရက် အတွင်းမှာ ၂၁ ယောက်သေတယ်။ ၂၈ ယောက် ဒဏ်ရာရတယ်။ အဲ့ထဲက ၂၅ ယောက်က ဒဏ်ရာပြင်းထန် လို့ ဆေးရုံကို ချက်ချင်းခေါ်သွားတာရှိတယ်။”

မတ်လ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် ပလက်ဝမြို့နယ်အတွင်းက ကျေးရွာများအတွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများအတွင်း ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၂၁ ဦး သေဆုံးခဲ့ပြီး၊ မတ်လ ၃၁ ရက်နေ့က လေကြောင်းပစ်ခတ်မှုအတွင်း ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြရသည်ဟု နိုင်ငံပေါင်း ၂၉ နိုင်ငံမှ အရက်ဘက် လူထုအဖွဲ့အစည်းများ၏ ပူးတွဲသဘောထား ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထား သည်။

ထို့အပြင် ဧပြီလ ၇ ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့နယ် နန်းချောင်းကျေးရွာအား တပ်မတော်မှ တိုက် လေယာဉ်နှစ်စင်းဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၇) ဦးသေဆုံး၊ (၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်များလည်း မီးလောင်ခဲ့ရသည်။

ပလက်ဝဒေသသို့ ဧပြီလ ၁၆ ရက်နေ့အထိ ဖုန်းဆက်သွယ်၍ မရဟုလည်း ဆလိုင်းလျန် က ဆက် ပြောသည်။

“သေဆုံးသွားတဲ့လူတွေက မိတ်စာဝ၊ မိတ်စာဝမှာ ၁၊ ၂၊ ၃ ရှိတယ်။ ကျောက်တော်နဲ့ နည်းနည်း ဆက်တဲ့ နေရာပေါ့။ ပြီးတော့ အခုမကြာသေးခင်က မနေ့တနေ့က ရက်စွဲအတိအကျနဲ့ ပြောမယ်ဆိုရင် ၇ ရက်နေ့မှာ ၇ ယောက်သေတယ်။ ပြီးတော့ ၈ ယောက် ဒဏ်ရာရတယ်။ ၈ အိမ်မီးလောင်သွားတယ်။ အဲ့ဒါတော့ နန်းချောင်းဝမှာ။ အဲ့ဒီရွာတွေမှာ အခုလိုဖြစ်နေတာပေါ့။ ပြီးတော့ မြို့နဲ့ သိပ်ပြီးတော့ မဝေးတဲ့နေရာမှာ ပစ်ခတ်သံတွေ အမြဲတမ်းကြားနေရတယ်လို့ ကျနော်တို့ကို သတင်းပေးထားတယ်။ ဒါပေမယ့် အခု ဧပြီလ ၁၄ ရက် နေ့ ကနေ ဖုန်းလိုင်းပိတ်ထားတယ်။ ဖုန်းလိုင်းမရဘူး။ ဖုန်းခေါ်လို့မရဘူး။ ဆက်သွယ်လို့လည်း မရဘူး အခု ဒီနေ့ ဒီအချိန်ထိ။ အခုနလေးထိ ကြိုးစားကြည့်တာ မရဘူး။ ပလက်ဝမှာ အခုဖုန်းခေါ်လို့မရဘူး။”

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း ဖြစ်ပွားသော တိုက်ပွဲများ၊ ပဋိပက္ခများအတွင်း အပြစ်မဲပြည်သူများ ကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေမှုများသည် စစ်ရာဇဝတ်မှုမြောက်ကြောင်းနှင့် ထိုကဲ့သို့သော လုပ်ရပ်များကို ချက်ချင်းရပ်တန့်ပေးရန် တောင်းဆိုထားသည်။

အာဆီယံ နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံက အရပ်ဘက်လူမှုအဖွဲအစည်းပေါင်း ၁၃၉ ဖွဲ့၏ ပူးတွဲ ထုတ်ပြန်ချက်ထဲတွင် မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများတွင် အရပ်သားပြည် သူများအား ကာကွယ်စောင့်ရှောက်ပေးရန်နှင့် နိုင်ငံတော်အနေဖြင့် ဂျီနီဗာသဘောတူစာချုပ်များနှင့် ကမ္ဘာ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်ရန် တောင်းဆိုထားသည်။