ဖမ်းဆီးခံ ရွာသားငါးဦး ပြန်မလွတ်သေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဧပြီလ ၂၈ ရက်။
တပ်မတော်က ဖမ်းဆီးထားသည့် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာသား ၅ ဦး ပြန်လည်လွှတ်မြောက် လာခြင်း မရှိသေးဟု သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ဟုတ်တယ် ပြန်မလွှတ်သေး ဘူး။ ပြန်မလွှတ်တာတော့ သေချာတယ်။ အဲဒါရဲစခန်းမှာ အပ်လာတယ် ၅ ယောက် ရဲစခန်းမှာ တစ်ရက် နှစ်ရက်ထားပြီးတော့ စစ်တပ်က ကားနဲ့ ပြန်ခေါ်သွားတယ်” ဟု ပြောသည်။
ကျောက်ဆိပ်ဒေသခံ ၅ ဦးကို ဧပြီလ ၂၃ ရက်နေ့တွင် တပ်မတော်မှ ပုဏ္ဏားကျွန်း ရဲစခန်းတွင်လာရောက် အပ်နှံခဲ့ပြီးနောက် ဧပြီလ ၂၇ ရက်နေ့တွင် ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။
“သူတို့ အဲဒီကားနဲ့ခေါ်သွားပြီးတော့ ရဲရေယာဉ်ထဲကိုတင်တယ်။ ရဲရေယာဉ်နဲ့ စစ်တွေခေါ်သွားတယ် အဲဒါပဲ ကြားတယ်” ဟု ဦးခင်မောင်လတ် က ပြောသည်။
သို့သော်လည်း ထိုသူ ငါးဦးမှာ စစ်တွေ အမှတ် ၁ ရဲစခန်းသို့ ရောက်ရှိလာခြင်း မရှိဟု စစ်တွေ ဒေသခံ ကိုခိုင်မျိုးထွန်းက ပြောသည်။
“စစ်တပ်ကခေါ်သွားတယ် ပုဏ္ဏားကျွန်းရဲစခန်းကနေပြီးတော့ စစ်တွေ အမှတ် ၁ ရဲစခန်းလည်း သူတို့ မပို့ဘူး။ သူတို့က စစ်တပ်ထဲမှာပဲ ရှိနေတယ်။ ရဲစခန်းက တစ်ချို့ကိုယ့်မိတ်ဆွေတွေ အဲဒီ ရဲသားတွေလည်း မေးကြည့် ပြီးပြီ အဲဒီမရောက်ဘူး။ ဆိုတော့ စစ်တပ်ထဲမှာတော့ သေချာပါတယ်။”
ကျောက်ဆိပ်ကျေးရွာသား ၅ ဦးမှာ ရက္ခိုင့်တပ်တော် AA နှင့် ပတ်သက်မှု ရှိသည်ဟုဆိုကာ ဧပြီလ ၂၄ ရက် နေ့က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) ၊ ၅၂ (က) တိုဖြင့် ပုဏ္ဏားကျွန်း ရဲစခန်းတွင် အမှုဖွင့် ခံထားရသည်ဟု ဦးခင်မောင်လတ်က ပြောသည်။
ကျောက်ဆိပ်ဒေသခံ ၅ ဦးကို တပ်မတော်က ပုဏ္ဏားကျွန်းရဲစခန်းမှ တစ်ဆင့် မည်သည့် နေရာသို့ ထပ်မံခေါ် ဆောင်သွားသည်ကို အတိအကျ မသိရှိရသောကြောင့် မိသားစုဝင်များက စိုးရိမ်နေကြသည်ဟု ဆိုသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။
ရခိုင်ပြည်နယ်အတွင်း အလားတူ အဖြစ်အပျက်မျိုး အခြား ဖြစ်ပွားသည်များ ရှိနေသည်ဟု ဦးခင်မောင်လတ်က ပြောသည်။
“ဒီလိုကိစ္စမျိုးက ရခိုင်မှာ အများကြီးပဲ ဒါဘယ်သူမှ မသိနိုင်ဘူး။ ရဲတောင်မသိဘူး။ တပ်ကစစ်ဆေးရင် ဒီလိုပဲ ကြာတတ်တယ် ဒီလိုပဲ တစ်ခါတစ်လေ သတင်းမရပဲ ပျောက်သွားတာပဲ နောက်မှ ပြန်ပေါ်လာတယ်။ မိဘဆွေမျိုး မက ရဲကလည်း ဘာမှမသိဘူး။ ဒါက သိပ်မဆန်းဘူး နောက်ဆုံးရဲစခန်းအပ်ပြီးတော့ တရားရုံးပေါ်ရောက်မှ သိရတယ်။”
တပ်မတော်က ဖမ်းဆီးထားသည့် ကျောက်ဆိပ်ရွာသား ၅ ဦးမှာ မောင်ချေ(၂၇ နှစ်)၊ မျိုးမင်းအောင် (၂၆ နှစ်)၊ ကိုညီညီအောင်(၂၄ နှစ်)၊ ကျော်ဝင်းဟိန်း(၂၂ နှစ်) နှင့် ကိုမျိုးလင်းဦး(၂၄ နှစ်) တို့ ဖြစ်ကြသည်။
ကျောက်ဆိပ်ကျေးရွာအတွင်းသို့ ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့က လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့်အ တွက် ဒေသခံ ၈ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ လက်နက်ကြီးမှာ တပ်မတော်မှ ပစ်ခတ် သည့် လက်နက်ကြီးဖြစ်သည်ဟု ဒေသခံများကဆိုသည်။
သို့သော် တပ်မတော်က ဧပြီလ ၁၃ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ဒေသခံများ ထိခိုက်သေဆုံးကာ ဒဏ်ရာ ရရှိခဲ့သည်ဟု လူမှုကွန်ရက် တွင် ပြောဆိုဖြန့်ချီ ရေးသားမှုများမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထု အထင်အမြင် လွဲမှားစေရန် ရေးသား ပြောဆိုမှုများသာ ဖြစ်သည်ဟု ဧပြီလ ၁၃ ရက်နေ့က တပ်မတော်၏ သတင်းထုတ်ပြန်ချက်သည်။
အဆိုပါ ထုတ်ပြန်ချက်ပြီးနောက် ဧပြီလ ၁၉ ရက်နေ့တွင် ကျောက်ဆိပ်ရွာသား ၃၈ ဦးကို ပုဏ္ဏားကျွန်းမြို့ရှိ ၅၅၀ တပ်ရင်းက ဖမ်းဆီးခေါ်ဆောင်သွားပြီး ဧပြီလ ၂၀ ရက်နေ့တွင် ၃၃ ဦးကို ပြန်လည်လွတ်ပေး ခဲ့သည်။
ကျန်ရှိနေသည့် ဒေသခံ ၅ ဦးမှာ ရက္ခိုင့်တပ်တော် AA နှင့် ပတ်သက်ဆက်နွယ်မှု ရှိ မရှိ ထပ်မံစစ်ဆေးရန် ရှိသည်ဟု ဆိုကာ ပြန်လည်လွတ်ပေးခဲ့ခြင်း မရှိဟု ဒေသခံများက ပြောသည်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် တော်တော်များများနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ရက္ခိုင့် တပ်တော် AA နှင့် တပ်မတော်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲအတွင်း ဒေသခံများမှာ နှစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံနေရသည်ဟု လူ့အခွင့်အရေး အဖွဲ့အစည်းများက ဆိုသည်။