ဘုရားသုံးဆူ လမ်းကြောင်း လုံး၀ ပိတ်သွားမည်ဟု မွန်ပြည်သစ် ကြေညာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဧပြီ ၂၈ ရက်။
မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ တရားမဝင် လမ်းကြောင်းများမှ ရွှေ့ပြောင်း အလုပ်သမားများ ပြန်ဝင်လာခြင်းကို ဧပြီ ၃၀ ရက်နေ့မှ စ၍ ခွင့်ပြုတော့မည် မဟုတ်သဖြင့် ဘုရားသုံးဆူ နယ်စပ်လမ်းကြောင်း လုံး၀ ပိတ်သွားတော့မည်ဖြစ်ကြောင်း ပါတီ တာဝန်ရှိသူများက ပြောသည်။
COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဘုရားသုံးဆူနယ်စပ်ဂိတ်မှ နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား များ ဝင်ရောက်ခြင်းကို အစိုးရဘက်က တားဆီးပိတ်ပင်ထားသော်လည်း အချို့ သော ရွှေ့ ပြောင်း အလုပ်သမားများက ပွဲစားများဖြင့် မွန်ပြည်သစ်ပါတီထိန်းချုပ်သည့် ဂျပန်ရေတွင်းနှင့် ကြံတောကျေးရွာ နယ်စပ်ဂိတ်တို့မှတဆင့် တရားမဝင် ဝင်ရောက်မှုများ ရှိခဲ့သည်။
ဧပြီလ ၃၀ ရက်နေ့ နောက်ပိုင်း ပြန်လာသူများအနေဖြင့် ဘုရားသုံးဆူနယ်စပ်ဂိတ်မှ ပြန်လာခြင်းကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားများအနေဖြင့် မြဝတီ နယ်စပ်ဂိတ်မှ တဆင့်သာ နေရပ်ပြန်လာကြရန် မွန်ပြည်သစ်ပါတီဗဟိုရုံးချုပ်က ဧပြီလ ၂၅ ရက်နေ့က စာထုတ် ညွှန်ကြားထားသည်။
မွန်ပြည်သစ်ပါတီ ပြည်တွင်းဆက်ဆံရေးတာဝန်ခံ နိုင်ဗညားလယ် က “မွန်ပြည်သစ်ပါတီအနေနဲ့ နယ်စပ် ဂျပန် ရေတွင်း၊ ကြံတောဂိတ်ကို ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအ တွက် ပြတ်ပြတ်သားသား ပိတ်သွားမှာ ဖြစ်ပါ တယ်။ ရောဂါဖြစ်ပွားလာရင် အခြေအနေထိန်းသိမ်းဖို့ခက်မှာ စိုးရိမ်ရတယ်” ဟု ပြောသည်။
ရွှေ့ပြောင်းအလုပ်သမားများအား မွန်ပြည်သစ်ပါတီ၏ နယ်မြေအတွင်းတွေ့ရှိဖမ်းမိပါက ထိုင်းဘက်အခြမ်း သို့ ပြန်ခိုင်းမည်ဖြစ်သည်ဟု သိရသည်။
လတ်တလောဖြစ်ပွားနေသည့် COVIC-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်ထားသည့် ဘုရားသုံးဆူဒေသ နယ်စပ်ဂိတ်ဝင်ပေါက်များကို ပိတ်ထားသည်ဟု မွန်ပြည်သစ် ပါတီ တာဝန်ရှိသူများက ပြောသည်။
မွန်ပြည်နယ်အစိုးရကလည်း ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဘုရားသုံးဆူနယ်စပ်ဂိတ်ကို ပိတ်ပေးရန် အသိပေးအကြောင်းကြားထားသည် ဟု နိုင်ဗညားလယ် ကပြောသည်။
ဧပြီလအတွင်းက ရောက်ရှိလာသော နေရပ်ပြန် ရွှေ့ ပြောင်းအလုပ်သမား များကို ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းခဲ့ပြီး အစိုးရ၏ အစီအစဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ခဲ့ရသည်ဟု နိုင်ဗညားလယ် က ပြောသည်။
ဘုရားသုံးဆူမှ ဒေသခံတစ်ဦးက “ဒီလထဲမှာ နယ်စပ် ဒီတရားမဝင်လမ်းကနေ ဝင်လာတာ သုံးခေါက်ရှိတယ်။ ဒီဧပြီလအတွင်းမှာပေါ့။ အဲ့သုံးခါမှာက လူက ၁၅၀ လောက်ရှိတယ်။ မွန်ပြည်သစ်ပါတီကလည်း ဝင်ခွင့်မပြု၊ အစိုးရရဲ့ ဂိတ်ကလည်း ပိတ်ထားတယ်လေ။ ပွဲစားတွေက ခေါ်လာတာ၊ ပြီးတော့ တောထဲမှာ ပစ်ထားခဲ့တာပေါ့။ ဒီအနားက ရွာတွေကလည်း လုံးဝလက်မခံဘူးလေ။ သူတို့ တော်တော်အခက်အခဲဖြစ်သွားသေးတယ်။” ဟု ပြောသည်။
ယခုလအတွင်း တရားမဝင်လမ်းကြောင်းမှ ဘုရားသုံးဆူဒေသအနီး ပြန်လည်ဝင်ရောက်လာကြသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများမှာလည်း မြို့အတွင်း ဝင်ခွင့်မရကြသောကြောင့် အနီးအနားရှိ ရာဘာခြံများတွင် နေထိုင်နေရသည့် အခြေအနေများလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။
“ပွဲစားတွေက ဂိတ်မရောက်ခင်မှာ တောတွေ၊ ရာဘာ ခြံတွေရှိတယ် ရွာမရောက်ခင်မှာပေါ့။ အဲ့မှာ သူတို့ထားထားခဲ့တယ်။ အဲ့နားက ရွာတွေကလည်း မပေးဝင်ဘူး လေ။ ကြံတောရွာတို့၊ ဂျပန်ရေတွင်းရွာတို့က လူတွေကလည်း ပေးမဝင်ဘူးလေ။ မပေးဝင်တော့ အဲ့မှာပဲ သုံး လေးရက် သောင်တင်တယ်။” ဟု ဘုရားသုံးဆူဒေသမှ ဒေသခံ နိုင်လွန် က ပြောသည်။
မွန်ပြည်သစ်ပါတီအနေဖြင့် ရွှေ့ ပြောင်း အလုပ်သမားအား တရား မဝင် လမ်းကြောင်းမှတဆင့် ပို့ဆောင်ပေးနေသည့်ပွဲများကိုလည်း ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိ သည်။
တရားမဝင် ပို့ဆောင်ပေးနေသည့် ပွဲစားများ ဖမ်းဆီး ရမိပါက ဒဏ်ကြေး ဘတ် ၅ သောင်း သို့မဟုတ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ လဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ထိရောက်စွာ အရေးယူမည်ဟု ထုတ်ပြန် ကြေညာထားသည်။