COVID-19 ကာလ ရှမ်းမြောက်ဒေသ တိုက်ပွဲ လျော့ကျ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဧပြီ ၂၈ ရက်။

COVID-19 ကူးစက်မှု အကျိုးဆက်ကြောင့် ဧပြီလ အတွင်း တပ်မတော်နှင့် တအာန်းအမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA) တို့အကြား တိုက်ပွဲ ၂ ကြိမ်သာ ဖြစ်ပွားခဲ့သည်ဟု TNLA က ပြောသည်။

COVID-19 ရောဂါဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရန် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွား စေမည့် ထိတွေ့မှုမျိုးကို ရှောင်ရှားလိုက်သည့်အတွက် ဒေသအတွင်း တိုက်ပွဲ ဖြစ်ပွားမှုမှာ သိသာစွာ လျော့ကျလာခဲ့ခြင်း ဖြစ်သည်ဟု TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။

“၄ လပိုင်းထဲမှာ ၂ ကြိမ်ရှိတယ်။ ထိတွေ့မှု အသေးစားပေါ့နော်။ လမ်းပေါ်မှာ တွေ့ရင်းနဲ့ ဒီလိုမျိုး ပစ်မိသွားတာ။ တိုက်ပွဲမဖြစ်တာကတော့ ၂ ပတ် ၃ ပတ်ကျော်လောက်ရှိပြီ။”

တိုက်ပွဲဖြစ်ပွားမှု လျော့ကျလာသည့် အကြောင်းအရာနှင့် ပတ်သက်၍ ဗိုလ်မှူးမိုင်းအိုက်ကျော်က ယခုကဲ့သို့ ဆက်ပြောသည်။

“ကျနော်တို့ ဒီ ၄ လပိုင်း ဧပြီလအတွက် ကျနော်တို့ ဆက်လက်ပြီးမှ အပစ်ရပ် သက်တမ်း ထပ်မံတိုးတယ်။ တစ်လ ကျနော်တို့ တိုးတဲ့ အကြောင်းအရာကတော့ အဓိကကတော့ ဒီ covid – 19 ကူးစက်ရောဂါပေါ့ တိုက်ရိုက် ပြည်သူလူထုတွေ ထိတွေ့ခံစားနေရတဲ့ အချိန်တစ်ဖက်က တိုက်ပွဲတွေ ကြောက်ရတယ် အဲလိုမျိုး မဖြစ်ပွား အောင် တိုက်ပွဲတွေ မဖြစ်အောင် ကျနော်တို့က ထပ်မံပြီးတော့ သက်တမ်းထပ်တိုးတယ်။”

PSLF/TNLA အနေဖြင့် တိုက်ပွဲဖြစ်ပွားမှုကို လျော့ချလိုက်သကဲ့သို့ တစ်ဖက်တွင် covid-19 ရောဂါ ကာကွယ် တားဆီးရေး လုပ်ငန်းများကို အရှိန်မြင့်တင်ကာ လုပ်ဆောင်လျက်ရှိပြီး ဒေသခံပြည်သူများအား နှာခေါင်းစည်း masks များပေးဝေခြင်း၊ ပိုးသတ်ဆေးပက်ဖျန်းပေးခြင်း၊ အပူချိန်တိုင်းကာ စစ်ဆေးပေးခြင်းအပြင် ရပ်ရွာ ပြင်ပ မှ ပြန်လာသည့် သူများကို သီးခြားခွဲနေထိုင်စေကာ စောင့်ကြည့်မှုများကို ပြုလုပ်ပေးနေသည် ဟု ဆိုသည်။

“စခန်းအားဖြင့်ကတော့ ရွာတွေမှာတော့ စခန်းအားဖြင့် ၃၃ ခုလောက်ရှိတယ်။ quarantine ဝင်တဲ့ လူတွေကတော့ ၂၆၀ လောက်ရှိတယ်။ ၁၃၂ ယောက် က ရက်ပြည့်လို့ နေအိမ်တော့ ပြန်လွှတ်လိုက်ပြီ။ အခုလက်ရှိက တော့ ၁၃၀ လောက်တော့ ကျန်သေးတယ်။” ဟု PSLF/TNLA က ပြောသည်။

PSLF/TNLA အနေဖြင့် အစိုးရ ကျန်းမာရေး လုပ်သားများ မရောက်ရှိနိုင်သည့် ဒေသများတွင် covid -19 ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများကို ဦးဆောင်ပေး လုပ်ဆောင်လျက်ရှိပြီး ထိုသို့လုပ်ဆောင်နေသော်လည်း စိန်ခေါ်မှုနှင့် အခက်အခဲများက ရှိနေဆဲဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

“အခုကျနော်တို့ လုပ်နေတာကတော့ အစိုးရ ကျန်းမာရေး မရောက်နိုင်တဲ့ ကျေးလက်ဒေသတွေမှာ ဖြစ်တယ်။ ကျနော်တို့ လုပ်တဲ့အချိန်တိုင်း တစ်ဖက်က တပ်မတော်ရဲ့ ထိုးစစ်တွေ ရှိသေးတယ် အဲလိုမျိုး ထိုးစစ်တွေ ရှိနေ တဲ့အတွက် ကျနော်တို့ကတော့ အဲလိုမျိုးနေရာတွေမှာ ကျနော်တို့ မသွားနိုင်ဘူး မသွားနိုင်တော့ ရာနှုန်း ပြည့် မလုပ်နိုင်ဘူးပေါ့နော်။ အဓိကကတော့ စိန်ခေါ်မှုက အဲဒီဟာတွေ ဖြစ်သွားတယ်။”

တစ်ဖက်တွင် ဧပြီလ ၂၇ ရက်နေ့ ယမန်နေ့က သမ္မတ ဦးဝင်းမြင့်က covid-19 ရောဂါ ကာကွယ်တားဆီးမှုနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီတစ်ခုကို ဖွဲ့စည်းခဲ့ သည်။

အဆိုပါကော်မတီဖွဲ့စည်းမှုနှင့် ပတ်သက်၍ အစိုးရဖက်မှ ပြောဆိုလာမှု ရှိ၊ မရှိကို မေးမြန်းရာ ၎င်းအနေဖြင့် အဆိုပါ အကြောင်းအရာများကို မသိရသေးဘူး ဟု ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်း covid-19 ရောဂါ ဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရန် တိုက်ပွဲ ဖြစ်ပွားမှုကို သိသာစွာ လျော့ချလာနိုင်သော်လည်း ရခိုင်ပြည်နယ်ရှိ မြို့နယ်တော်တော်များများနှင့် ချင်းပြည် နယ် ပလက်ဝမြို့နယ်တို့မှာ ရက္ခိုင့်တပ်တော် AA နှင့် တပ်မတော်တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိ သည်။