ဧပြီလအတွင်း ရခိုင်စစ်ရှောင် ၇၀၀၀ ခန့်တိုးများလာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မေလ ၁ ရက်။

ရခိုင်ပြည်နယ်တွင် ဧပြီလအတွင်း စစ်ဘေးရှောင် ဦးရေ ၇၀၀၀ နီးပါးခန့် ထပ်မံတိုးလာသည်ဟု ရခိုင် တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲ အနည်းငယ်လျော့ကျခဲ့သော်လည်း တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို ပြင်းထန်စွာ လုပ်ဆောင်ခဲ့သည့်အတွက် ဧပြီလအတွင်း စစ်ဘေးရှောင်ဦးရေ ၇ ထောင် နီးပါး ခန့် ထပ်မံတိုးလာသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က ထုတ်ပြန်သည်။

ဧပြီလ ၃၀ ရက်နေ့ (ယမန်နေ့) ရက်စွဲဖြင့် REC ၏ “စစ်ဘေးသင့်/စစ်ဘေးဒုက္ခသည် အရေအတွက်ကို တင်ပြခြင်း” ခေါင်းစဉ်ဖြင့် ထုတ်ပြန်သည့် စာရင်းဇယားများအရ စစ်ဘေးရှောင် ၁၆၄၀၀၀ ကျော်ရှိသည်ဟု သိရသည်။

မတ်လ ၃၁ ရက်နေ့ အထိ စာရင်းများအရ ရခိုင်ပြည်နယ်၏ စစ်ရှောင်ဦးရေမှာ ၁၅၇၂၉၁ ဦးရှိခဲ့ပြီး တစ်လအကြာ ဧပြီလ ၃၀ ရက်နေ့ အထိ စာရင်းမှာ ၁၆၄၂၁၁ ဦး အထိရှိလာခဲ့သည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က “ဘူးသီးတောင်မှာ ၂၇ ရက်နေ့ ညနေပိုင်းက ၄၀၀ ကျော် ၅၀၀ လောက်ထပ်ရောက်တယ်။ ရွှေကျင်ကျောင်းတိုက်မှာ နေရာချထားပေးတယ်။ အစားအ သောက်တွေ အရေးပေါ်လိုနေတာရှိတယ်။ ဘူးသီးတောင်ထက် ဆိုးတဲ့နေရာ နှစ်နေရာရှိသေးတယ်။ မင်း ပြားမြို့နယ် ရာမောင်တံတားနားနဲ့ နောက်ကျောမှာရှိတဲ့ တောင်ကြောတွေမှာ ရွာလေးငါးရွာလောက်ရှိ တယ်။ သူတို့ဆိုတော်တော်လေးကို အခက်အခဲတွေ့နေရတယ်။ အခုထွက်ပြေးနေရတဲ့ သူတွေထဲက အများစုက IDPs Camp ဆိုတဲ့နေရာတွေကို မရောက်လာကြသေးဘူး” ဟု ပြောသည်။

၂၀၂၀ ခုနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲ ပိုမိုပြင်းထန်ကျယ်ပြန့်လာခြင်း၊ တပ်မတော်၏ နယ်မြေ ရှင်းလင်းမှုများ ပြင်းထန်စွာလုပ်ကိုင်နေခြင်းတို့ကြောင့် လုံခြုံရေးအရ စိန်ခေါ်မှုများစွာ ရှိနေပြီး ယခုခါ စစ်ပွဲ သက်ရောက်နေသည့် ဒေသများရှိ စစ်ဘေးဒုက္ခသည်အရေအတွက် တိကျမှန်ကန်စွာရရှိရေး အခက်အခဲ များရှိသည်ဟုလည်း REC က ပြောသည်။

“နောက်ပြီး ပုဏ္ဏားကျွန်းပေါ့နော်။ အဲ့မှာလည်း ဒီရက်ပိုင်းမှာပဲ။ တစ်နေရာဆိုရင် ပုဏ္ဏားကျွန်းကနေ ရသေ့ တောင်သွားတဲ့လမ်းပေါ့ အဲ့ဒီပေါက်တောပြင်ကျေးရွာအနီးတဝှိုက်မှာ တစ်ခုရှိတယ်။ နောက်တစ်ခါ အဲ့ဒီ ကားလမ်းမကနေ မြောက်ပိုင်းကို သွားတဲ့ ချောင်းလေး တစ်ချောင်းရှိတယ်။ အဲ့ဒီချောင်းကြောမှာ ရှိတဲ့ ရွာ တွေနားတဝှိုက်မှာလည်း တပ်မတော်က နယ်မြေရှင်းလင်းရေးတွေ ပြင်းပြင်းထန်ထန်လုပ်နေတော့ ရွာ တွေမှာ မနေရဲကြဘူး။ မင်းပြားတို့ ပုဏ္ဏားကျွန်းတို့ အဲ့ဒီအနီးအနားက ရွာတွေမှာ ထွက်ပြေးနေရတာတွေက စာရင်းအတိအကျရဖို့ခက်ခဲနေတယ်။ ဒါပေမယ့် ကျနော်တို့ ရထားတဲ့စာရင်းကတော့ ၁၅၀၀ ကျော်တော့ရှိ မယ်။”

ဧပြီလ၏ နောက်ဆုံးပတ်အတွင်းကလည်း မင်းပြား၊ ပုဏ္ဏားကျွန်းနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ဒေသခံ ပြည်သူ ၂၀၀၀ ကျော်က စစ်ဘေးလွှတ်ရာနေရာများကို ထွက်ပြေးနေကြရပြီး အရေးပေါ် အကူအညီများ လည်း လိုအပ်နေသည်ဟု စစ်ရှောင်များအား ကူညီပေးနေသူများ က ပြောသည်။

ကျောက်တော်မြို့တွင်လည်း ဧပြီလအတွင်း အသစ်ထပ်ရောက်လာသည့် စစ်ဘေးရှောင် ရှိသည်ဟု ပြည်နယ်လွှတ်တော်ကိုစားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက “၂၀၁၉ က ရှိတဲ့ စစ်ရှောင်တွေ ကို ပြောတာမဟုတ်ဘူးနော်။ ကုလားတန်မြစ်၊ ကစ္စပ္ပနဒီမြစ် အထက်ပိုင်းက ရွာတွေကနေ ထွက်ပြေးလာ ကြတဲ့လူတွေပေါ့။ အခုလည်း တစ်ရက်နေ့က စဖြစ်တဲ့ ဖြစ်စဉ်ကြောင့် ထွက်ပြေးလာတဲ့ လူတွေလည်း အပေါက်ဝဆိုတဲ့ ရွာကို ၆၀၀ ကျော်လောက် ထပ်ရောက်တယ်။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးကြ ရတာကိုး။ ဆိုတော့ သူတို့ စားသောက်ရေးကိစ္စ ကျွေးဖို့ကိစ္စကိုပဲ အာရုံစိုက်ပြီးတော့ လုပ်နေရတာဆိုတော့ အဝတ်အထည်တွေ တခြားလိုအပ်ချက်ကိုတော့ အာရုံစိုက်ဖို့ အားနည်းနေသေးတယ်။ ဆိုတော့ တခြားလို အပ်ချက်တွေလည်း အများကြီးရှိသေးတယ်” ဟု ပြောသည်။

ဧပြီလအတွင်း စစ်ရှောင်စခန်းမှ စစ်ဘေးရှောင် အများစုမှာ ပုံမှန်‌ရရှိနေသည့် စားနပ်ရိက္ခာထောက်ပံ့မှုများ မရှိခြင်း ၊ စခန်းရှိ ယာယီတဲများ ပျက်ဆီးလာခြင်း၊ မိုးစတင်ရွာသွန်းမှုများကြောင့် နေထိုင်စရာ အခက်အခဲ များရှိလာ ခြင်းနှင့် သောက်သုံးရေ ရှားပါးပြတ်လပ်မှု ရှိလာခြင်းတို့ကို ရင်ဆိုင်နေရသည်ဟု ဆိုသည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက “အခု ကျနော်တို့ ဖြစ်နေတာ ကတော့ ပြည်သူတွေကိုပဲ ပစ်မှတ်ထားနေတဲ့ သဘောမျိုးဖြစ်နေတော့ ဒါမျိုးတွေကို မလုပ်စေချင်ဘူး။ လူ ထုတွေက တော်တော်ကိုကြောက်နေကြပြီ။ ပြေးစရာနေရလည်း မရှိတော့ဘူးနော်။ ဖြစ်စေချင်တာက တော့ ရခိုင်မှာ ဖြစ်နေတဲ့ ဒီအဖြစ်မှန်တွေ သိဖု့ိအတွက် အင်တာနက်တွေဖွင့်ပေးဖို့ လိုတယ်။ သတင်းသမား တွေကိုလည်း လွတ်လပ်စွာ ရယူပိုင်ခွင့်တွေ ပေးဖို့လိုတယ်။ အဲ့လိုမျိုးတွေ ဖြစ်စေချင်တယ်ပေါ့ဗျာ” ဟု ပြောသည်။

အလားတူ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့်လည်း မြေပြင်တွင် အနီးကပ်လုပ်ဆောင်နေရသော ၎င်းတို့ ဝန်ထမ်းများ၏ လုံခြုံရေးနှင့် ကျန်းမာရေးကို စိုးရိမ်ရသည်ဟု ဦးဇော်ဇော်ထွန်းက ပြောသည်။

အဆိုပါအခြေအနေများကြောင့် စစ်ဘေးသင့်ပြည်သူ အရေအတွက်ကို တိကျသေချာစွာ ကောက်ယူနိုင်ခဲ့ ခြင်းမရှိဘဲ စခန်းတချို့ မှ အချက်အလက်များကို ဖုန်းအဆက်အသွယ် ဖြင့်သာ ကောက်ယူခဲ့ရသောကြောင့်၊ အနည်းငယ် မပြည့်စုံ၊ မတိကျမှုများ ရှိနိုင်သည်ဟုလည်း REC က ပြောသည်။