တိုင်းရင်းသားလက်နက်ကိုင် နယ်မြေများတွင် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုအပေါ် ဒေသခံများ သံသယရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မေလ ၁ ရက်။
Covid-19 ရောဂါ ကာကွယ်တားဆီးရန် အစိုးရက ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းခြင်းအစား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ၎င်းတို့၏ သက်ဆိုင်ရာ နယ်မြေများအလိုက် လွတ်လပ်စွာ လုပ်ဆောင် ခွင့်ပြုလိုက်မည်ဆိုပါက ရောဂါကာကွယ် တားဆီးရေး လုပ်ငန်းများ ပို၍ ထိရောက်နိုင်မည်ဟု ရှမ်းပြည်နယ် အတွင်းက ဒေသခံအချို့က ပြောသည်။
ရှမ်းမြောက်ဒေသ လားရှိုးမြို့ ရှမ်းလူငယ် တက်ကြွှလှုှုပ်ရှားသူ စိုင်းနော်ဆိုင်က “သူ့ဂွင်နဲ့သူ၊ သူ့နေရာနဲ့ သူ လုပ်နေတာက ပြည်သူလက်ထဲရောက်သေးတယ်” ဟုပြောသည်။ “တဖက်ကလည်း သူ့ဟာနဲ့သူလုပ်နေ တာတောင်မှ ထိတွေ့ မှုတွေဖြစ် တယ်ဆိုတဲ့အခါကြတော့ ပုူးပေါင်း လုပ်ဆောင်ဖို့ဆိုတာက အဟန့်အတား တွေ တော်တော်များမယ် ထင်တယ်။”
ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့က Covid-19 ကာကွယ် ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ အစိုးရမှ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့ အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်သည့်အပေါ် လုပ်ငန်းအောင်မြင်နိုင်မှုနှင့် ပတ်သက်၍ ဒေသခံများက သံသယရှိနေကြခြင်း ဖြစ်သည်။
SNLD ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး (၁) စိုင်းကျော်ညွှန့် က “ကော်မတီဖွဲ့တာကို ကြိုဆိုပါတယ်၊ ဒါပေမယ့် အလုပ်လုပ်ဖို့လိုတယ်ဗျာ။ ဖွဲ့တယ်ဆိုတဲ့နေရာမှာလည်း အလုပ်လုပ်နိုင်လောက်တဲ့ ယန္တယား ဖြစ် ဖို့လိုတယ်၊ နာမည်ခံဖွဲ့ ရုံသက်သက်ဆိုရင်တော့ အလကားပဲပေါ့ဗျာ။ လုပ်ဆောင်ချက်က အရေးကြီးတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။
Covid-19 ရောဂါကာကွယ်တားဆီးရေး လုပ်ဆောင်နေသည့် NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည် ပြန် လည်ထူထောင်ရေး ကောင်စီ RCSS/SSA နှင့် ကရင်အမျိုးသား အစည်းအရုံး KNU တို့ကို တပ်မတော် မှ ဟန့် တားမှုများ ရှိနေသည့်အတွက် အပစ်ရပ်မထားသည့် တိုင်းရင်းသား လက်နက်ကိုင်နယ်မြေများတွင် အဆိုပါ ကော်မတီ၏ လုပ်ဆောင်မှုမှာ ပိုမိုခက်ခဲနိုင်သည်ဟု စိုင်းနော်ဆိုင် က ဆက်ပြောသည်။
“အဓိကကတော့ လက်မှတ်မထိုးတဲ့ အဖွဲ့တွေလည်း သူ့နယ်မြေနဲ့သူပေါ့၊ ကျနော်တို့ သတင်းတွေမှာ တွေ့ ရ သလောက်တော့ သူ့ဟာနဲ့သူတော့ တတ်နိုင်သလောက်ကြိုးစားပြီးမှ လုပ်နေကြတာ။ ဆိုတော့ ဒဲ့ပြောရရင် တော့ မနှောက်ယှက်တာပဲ ပြည်သူလူထုအတွက်က အကောင်းဆုံး ဖြစ်မယ်လို့ ကျနော်ထင်တယ်။ နဂိုက သူ့ ဟာနဲ့သူ ပြည်သူကလက်ခံလို့ သူ့နယ်မြေ ကိုယ့်နယ်မြေမှာ လှုပ်ရှားနေကြတာလေ၊ ဘာပဲပြောပြော ပြည် သူလူထုအတွက်ပဲ လုပ်နေတာလေဆိုတော့ အကြောင်းမရှိ အကြောင်းရှာပြီးတော့ ပြဿနာ စစ်ရေးပဋိပ က္ခဖြစ်အောင် တောင်မှ လုပ်နေတဲ့ဥစ္စာ အခုလည်း ယောင်ဝါးဝါး ပုံစုံမျိုးနဲ့ ကော်မတီဖွဲ့တာဆိုတော့ ထိထိ ရောက်ရောက် လုပ်နိုင်မယ်မထင်ဘူး။ ယုံကြည်မှုလည်း မရှိလောက်ဘူး။”
ပြီးခဲ့သည့် ဧပြီလလယ်ခန့်က ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်အတွင်း Covid-19 ရောဂါ ကာကွယ် တားဆီး ရေး ပညာပေးနေကြသည့် RCSS/SSA ၏ ကျန်းမာရေးအဖွဲ့ဝင်များကို တပ်မတော်၏ နယ်မြေခံတပ်က တား ဆီးမှုများလုပ်ဆောင်ခဲ့သည်ဟု RCSS/SSA အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး စိုင်းအုမ်ခေး က ပြော သည်။
“ဟို အဟန့်အတား ပိတ်ဆို့မှု၊ တင်းမာမှု ရှိခဲ့တာတော့ တစ်ခါပေါ့နော်။ အဲ့ဒါက နားလည်မှု လွှဲလို့ဆိုပြီးတော့ လေ အခုတော့ ပြန်လည်သဘောပေါက် နားလည်ပြီး အေးဆေးဖြစ်သွားပြီနော်။”
ထို့အပြင် ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေ သထုံမြို့ နယ် ထုံးဘိုကြီးကျေးရွာတွင် ဖွင့်လှစ်ထားသည့် ကျန်းမာရေး စစ်ဆေးရေးဂိတ်နှင့် ပတ်သက်ပြီး ကရင်ပြည် နယ် လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန် ကြီးမှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူစာချုပ် NCA သဘောတူချက်အတိုင်း လိုက်နာ ဆောင်ရွက်သွားရန်နှင့် နယ်ဘက် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စများ တွင် ဝင်ရောက်စွက်ဖက်မှှုမပြုလုပ်ရန် KNU ဗဟို ဆက်ဆံရေးရုံးသို့ စာပေးပို့ ကန့်ကွက်မှုဖြစ်စဉ်များ ရှိခဲ့သည်။
အဆိုပါဖြစ်စဉ်များကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် အစိုးရတို့ covid-19 ရောဂါကာ ကွယ်တားဆီးရေး လုပ်ငန်းများကို အတူတကွ လုပ်ဆောင်ရန် အဟန့်အတား ဖြစ်စေနိုင် သည်ဟုဆိုသည်။
ထိုကဲ့သို့ Covid-19 ကာကွယ် ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ အစိုးရမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီ ဖွဲ့စည်းထားသော်လည်း လုပ်ငန်းများကို မည်ကဲ့သို့ အကောင် အထည်ဖော်မည်ဆိုသည့် အချက်များ မပါဝင်သေးဘူးဟုလည်း စိုင်းကျော်ညွှန့် က ဆက်ပြောသည်။
“ဒီကော်မတီက ဘာလုပ်မလဲပေါ့။ ဖွဲ့ထားတာလည်းတွေ့တာတော့ လူလေးယောက်ပဲပေ့ါလေ။ အဓိက အဆင့် ဆင့် ဘယ်လိုဖွဲ့ထားတယ် ဆိုတာလည်း မတွေ့ရသေးဘူးပေါ့။ ကော်မတီဖွဲ့တယ်ဆိုတာထက် အဲ့ဒီ ကော်မတီက ဘာအလုပ်လုပ်မှာလဲပေါ့။ လုပ်ပိုင်ခွင့်တွေ ရေးထားတာတော့ ရှိတယ်။ ဒါပေမယ့် တကယ်အကောင်အထည် ဘယ်လိုဖော်မလဲပေါ့။ အဲ့ဒါတွေ မသိသေးပဲနဲ့တော့ ကောင်းခြင်းဆိုးခြင်းကို ပြောရတာ ခက်ပါတယ်။ ထိထိရောက်ရောက် လုပ်နိုင်ပါ့မလားပေါ့ဗျာ” ဟု ပြောသည်။
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရှမ်းပြည် ပြန်လည်ထူ ထောင်ရေး ကောင်စီ RCSS/SSA အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူး ကြီးစိုင်းအုမ်ခေးက အစိုးရဖက်မှ အဆိုပါ covid-19 ရောဂါကာကွယ် တားဆီးရေး ပူးပေါင်းလုပ်ဆောင်ရန်အတွက် တစ်စုံတစ်ရာ ပြောဆို လာ ခြင်းမျိုးမရှိသေးဟု ပြောသည်။
“ကော်မတီဖွ့ဲ တာက နည်းနည်းလေးတော့ နောက်ကျတာပေါ့နော်။ ဒါပေမယ့် ဆက်လုပ်ဖို့ဆိုရင် လည်း အချိန်တော့ မှီသေးတယ်ပေါ့နော်။ ပြီးတော့ တိုင်းရင်းသားလက်နက် ကိုင်တွေနဲ့ရော တိုင်းရင်းသား ဒေသ တွေမှာ ပူးပေါင်း ပြီးတော့ ဆောင်ရွက်မယ်ဆိုရင်တော့ ထိရောက်မှုတော့ ရှိလိမ့်မယ်လို့ ယုံကြတယ်။”
ဧပြီက ၂၇ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လက်မှတ်ရေးထိုးကာ ထုတ်ပြန်ထားသည့် Covid-19 ကာ ကွယ် ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း ရေးကော်မတီတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှ ဒု-ဥက္ကဋ္ဌ (၂) ဒေါက်တာ တင်မျိုးဝင်း က ဥက္ကဌ၊ ငြိမ်းချမ်း ရေးကော်မရှင် အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော် ဦး (ငြိမ်း)က ဒု-ဥက္ကဋ္ဌ၊ တိုင်းရင်း သားလူမျိုးများ ရေးရာ ဒု-ဝန်ကြီး ဦးလှမော်ဦးက အတွင်းရေးမှူး၊ ငြိမ်းချမ်း ရေးကော်မရှင် အကြံပေးအ ဖွဲ့ဝင် ဦးမိုးဇော်ဦးက အဖွဲ့ဝင်အဖြစ် ပါဝင်သည်။
အဆိုပါထုတ်ပြန်ချက်အရ ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ Covid-19 ကာကွယ် ထိန်းချုပ်ကုသ ရေး ဆိုင် ရာ သတင်းအချက်အလက်များ ဖလှယ်ခြင်း ၊ နယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်လာသူများအား စစ်ဆေး စောင့်ကြပ်ကြည့်ရှုခြင်း၊ သံသယလူနာတွေ့ရှိပါက သတင်းအချက်အလက် ဖလှယ်ခြင်း၊ ရောဂါလက္ခာပြသူ များအား စောင့်ကြပ်ကြည့်ရှု ကုသမှုပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်သွားကြရန်ဖြစ်သည်။
ထို့အပြင် EAOs အခြေပြုရာ ဒေသများတွင် Covid-19 ဆိုင်ရာ အရေးပေါ်ဆောင်ရွက်ရန်ကိစ္စများ ပေါ်ပေါက် လာပါက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ လမ်းညွှန်ချက်နှင့် အညီ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခြင်း စသည့် အချက်များပါဝင်သည်။