NCA ထိုးအဖွဲ့များနှင့် သမ္မတ ဖွဲ့စည်းသည့် COVID-19 ပူးပေါင်းသည့် ကော်မတီတို့ အလွတ်တွေ့ဆုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ် မေလ ၅ ရက်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ၏ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်းသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီ ပထမဆုံးအကြိမ် အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တွင် မေလ ၅ ရက်နေ့ (ယနေ့) တွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဒု-ဥက္ကဋ္ဌ ဦးမျိုးဝင်းက တွေ့ဆုံဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။

“အဓိကကတော့ COVID- 19 ဆိုင်ရာ ထိန်းချုပ်ကာကွယ်ရေးပိုင်းရယ်၊ ကုသရေးပိုင်းဆိုင်ရာတွေပေါ့ အဲဒီကိစ္စတွေကိုလည်း ဆောင်ရွက်ကြမယ်။ ပြီးရင်လည်းပဲ နယ်စပ်တစ်ကြော အသီးသီးက ပြန်လာကြမယ့် ဒီရွေ့ပြောင်း အလုပ်သမား ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုပူးပေါင်း ဆောင်ရွက်နိုင်မလဲ အဲဒီကိစ္စဆွေးနွေးဖို့အတွက်ကို ပြင်ဆင်တာပဲ။ အခုကတော့ အသေးစိတ်ဆွေးနွေးပွဲ မဟုတ်ဘူးပေါ့နော်။”

ယခုပြုလုပ်သည့် ဆွေးနွေးပွဲသည် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုသာဖြစ်ပြီး တရားဝင်ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် ပြင်ဆင်သည့် ဆွေးနွေးပွဲ ဟု ပြောသည်။

ထို့ကြောင့် မကြာမီရက်ပိုင်းအတွင်းတွင် တရားဝင်ဆွေးနွေးပွဲများကို ဆက်လက်လုပ်ဆောင်သွားရန် ရှိသည်ဟု ဦးမျိုးဝင်းက ဆက်ပြောသည်။

“အခုညှိနေတာပေါ့နော်။ အခုယာယီသတ်မှတ်ထားတာကတော့ ၈ ရက်လောက်ကျရင်တော့ တွေ့ဖို့ အတွက် တော့ ပြင်ဆင်ထားတာပေါ့။”

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့က COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း ရေးကော်မတီကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လက်မှတ်ရေးထိုးကာ ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါကော်မတီတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှ ဒု-ဥက္ကဋ္ဌ (၂) ဒေါက်တာ တင်မျိုးဝင်း က ဥက္ကဌ၊ ငြိမ်းချမ်း ရေးကော်မရှင် အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)က ဒု-ဥက္ကဋ္ဌ၊ တိုင်းရင်း သားလူမျိုးများရေးရာ ဒု-ဝန်ကြီး ဦးလှမော်ဦးက အတွင်းရေးမှူး၊ ငြိမ်းချမ်း ရေးကော်မရှင် အကြံပေး အ ဖွဲ့ဝင် ဦးမိုးဇော်ဦး က အဖွဲ့ဝင်အဖြစ် ပါဝင်သည်။

တရားဝင်အစည်းအဝေးတွင် ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့၏ COVID- 19 ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းတွင် ကြုံတွေ့နေရသည့် တပ်မတော်၏ ဟန့်တား ပိတ်ပင်မှုများကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဟု NCA-EAOs အဖွဲ့များက ပြောသည်။

“အဲဒါတွေက တရားဝင်ဆွေးနွေးပွဲတွေ ဖြစ်တဲ့အခါကျရင် ဆွေးနွေးရမယ့် အကြောင်းအရာတွေထဲမှာ ပါလာ မှာပေါ့နော်”ဟု ဦးမျိုးဝင်းက ပြောသည်။

တရားဝင်ဆွေးနွေးပွဲများကို COVID- 19 ရောဂါဖြစ်ပွားမှုအပေါ်မူတည်၍ အွန်းလိုင်းဆွေးနွေးပွဲများနှင့် အပြင် တွင် လူချင်း တွေ့၍ ဆွေးနွေးနိုင်မည့် တွေ့ဆုံဆွေးနွေးမှုများကို လုပ်ဆောင်သွားရန်ရှိသည်ဟု ဦးမျိုးဝင်း က ပြောသည်။

ယနေ့ပြုလုပ်သည့် အစည်းအဝေးသို့ အစိုးရဖက်မှ ညှိနှိုင်းပူးပေါင်းရေးကော်မတီ ဒု-ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း) နှင့်အတူ ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများနှင့် ရုံးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့မှ ဦးမျိုးဝင်းနှင့်အတူ အခြားသော တိုင်းရင်းသား ကိုယ်စားလှယ်များ တက် ရောက်ခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသည့် အဖွဲ့များလည်း ယခုဆွေးနွေးပွဲတွင် ပါဝင်လာနိုင်အောင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များနှင့် အစိုးရက ကြိုးပမ်းနေသည်ဟု ဆိုသည်။

NCA လက်မှတ်ရေးထိုးထားကြသည့် တိုင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်းအ ရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုး သား လွတ် မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုက ရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါ တီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU အဖွဲ့တို့ဖြစ်သည်။