တပ်သိမ်းမြေအတွက် ပြည်နယ်အစိုးရက အစားထိုးလျော်ရန် ကြိုးပမ်းသော်လည်း အဆင်မပြေသေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ် မေလ ၇ ရက်။

တပ်မတော်က သိမ်းယူထားသည့် ကယားပြည်နယ် ဒီမောဆိုမြို့နယ် အတွင်းရှိ မြေယာများအတွက် ပြည်နယ် အစိုးရက မြေအစားထိုးပေးလျော်ခဲ့သော်လည်း ၎င်းမြေများမှာ အစဉ်အလာအရ ကျေးရွာပိုင်မြေများ ဖြစ်နေသဖြင့် လက်မခံသေးကြောင်း တောင်သူများက ပြောသည်။

အစိုးရတပ်မတော် အမြောက်တပ်ရင်း ၃၆၀ က ကယားပြည်နယ်၊ ဒီးမော့ဆို မြို့နယ်၊ ဒေါဆိုရှေ့ ကျေးရွာမှ သိမ်းဆည်းထားသည့် မြေများအတွက် ပြည်နယ်အစိုးရက အစားထိုးပေးလျော်ခြင်း ဖြစ်သည်။

အစိုးရမှ အစားပြန်လည်လျော်ပေးသည့် မြေယာများမှာ ရိုးရာဓလေ့ထုံးထမ်းအစဉ်အလာ အရ ကျေး ရွာပိုင်မြေများဖြစ်သည့်အတွက် တောင်သူများက လက်မခံခဲ့ခြင်းဖြစ်သည်ဟု ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂ က ဦးတူရယ် က ပြောသည်။

“ဆိုလိုတာက တောင်သူတွေက ပြန်ပေးတာကို မယူဘူးဆိုတာက ပြန်ပေးတဲ့နေရာမှ စနစ်မကျလို့လည်း ဖြစ်တယ်။ ပြီးတော့ ရန်တိုက်ပေးသလိုမျိုး လည်း ဖြစ်နေတော့ ပြန်ပေးလည်း လိပ်ပြာမလုံကြဘူးပေါ့။ လုံခြုံစိတ်ချရတဲ့ အခြေအနေမှာ မရှိတော့ မယူ ရဲကြဘူးပေါ့။ အခုပေးတဲ့နေရာက ရွာသားတွေ ရိုးရာဓလေ့အရ ထားထားတဲ့မြေတွေ၊ ဘယ်သူမှ ယူလို့မရ တဲ့မြေတွေ ဆိုလိုတာက ရိုးရာဓလေ့အရ လုပ်ထားတဲ့နေရာဆိုတော့ ဘယ်သူမှလက်မခံဘူး။ အဲ့ဒါကိုယူရင် လည်း သူတို့ကိုရန်တိုက်ပေးသလိုဖြစ်နေမှာ” ဟု ပြောသည်။

“အဲ့တော့ ဒေါဆိုရှေ့ ရွာဟောင်းမှာရှိတဲ့ မြေအကြွင်းအကျန် ဥပမာတောင်ခြေရင်းမှာရှိတဲ့မြေတွေ တစ်ကွက် ကျန်၊ နှစ်ကွက်ကျန် နည်းနည်းပါးပါးလေးကျန်တဲ့ လုပ်ကိုင်စားသောက်လို့ အဆင်မပြေတဲ့ မြေတွေကို အဲ့ဒါတွေပြန်တိုင်းတယ်။ တပ်မြေဧရိယာထဲမှာ မပါတဲ့ မြေတွေပေါ့။ အဲ့ဒါကို ဒေါဆိုရှေ့တောင်သူတချို့ကို ပြန်ပေးမယ်ဆိုပြီးပြောတယ်။ အဲ့မှာ ဒေါဆိုရှေ့ကထွက်သွားတဲ့ ဒီရွာက မဟုတ်တော့တဲ့ လူတွေကိုသွားခေါ် လာတယ်။”

ဧပြီလ ၂၉ ရက်နေ့က ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာနတို့က ဒေါမတကြီးကျေးရွာပိုင် ရိုးရာမြေများနှင့် ဒေါဆိုရှေ့ကျေးရွာဟောင်းမှ မြေအချို့ကို တောင်သူ အချို့ အား ပြန်လည်ချပေးရာ လက်ခံကြဘူးဟု ဦးတူရယ် က ပြောသည်။

“မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်ပြီးတော့ ဒေါတမကြီးဘက်မှာ ဒေါဆိုရှေ့နဲ့ တော်တော်ဝေးတဲ့နေရာမှာ အဲ့ မှာ မြေယာ ၄၅ ဧကကို လက်ညှိုးထိုးပြီးတော့ ခင်များတို့အတွက် မြေယာအစားထိုးအနေနဲ့ ဒီမြေကို ကျနော်တို့ ပေးမယ်ဆိုပြီးတော့ ပြောတယ်။ ဆိုတော့ အဲ့ဘက်ရွာကလူတွေကလည်း ဒီမြေတွေက ကျနော် တို့ ရိုးရာအရ ထားထားတဲ့ မြေတွေဖြစ်တယ်တဲ့၊ ဆိုတော့ ကျနော်တို့ မပေးနိုင်ဘူးတဲ့ ရွာခံတွေကပြောတယ်။ ဒေါဆိုရှေ့ ကလည်း ဒီလောက်ဝေးတဲ့နေရာတွေဆိုတော့ ယူလည်း မယူနိုင်ဘူးလို့ပြောတယ်။ ဆိုတော့ ဒေါဆိုရှေ့ ကလည်းမလက်ခံ၊ ဟိုဘက်ရွာကလည်း မပေးဆိုတော့ အဆင်မပြေပဲ ပြန်လာတယ်။”

ပြည်နယ်အစိုးရတာဝန်ရှိသူများက မြေယာအစားထိုးပေးရန် ခေါ်ယူခဲ့သည့် တောင်သူများထဲတွင် ကယန်းကြတ်ခူကျေးရွာက တောင်သူ (၉)ဦး နှင့် ဒေါဆိုရှေ့ က တောင်သူ ၅ဦး တို့ပါဝင်သည်ဟု သိရသည်။

၎င်းတို့အား မြေယာယူမည်ဆိုပါက လက်မှတ်ထိုးပြီးတော့ယူလို့ရကြောင်း၊ အကယ်၍ မလိုချင်ပါလည်း မယူချင်ကြောင်းကို လက်မှတ်ထိုးပေးခဲ့ရန် တာဝန်ရှိသူများက ပြောဆိုခဲ့ရာ တောင်သူများက လက်ခံခြင်းမရှိပဲ ပြန်လည်ခဲ့ကြသည်ဟု ဦးတူရယ်က ပြောသည်။

ဒေါဆိုရှေး ဒေသခံတစ်ဦး “သူတို့ပေးတဲ့မြေကလည်း အဆင်မပြေဘူး။ ကျနော်တို့ တောင်းတာကိုလည်း ဘယ်သူကမှ ပြန်မပေးဘူး အဲ့ဒီအတွက်ကြောင့် နောက်နှစ်ရပ်တည်ရေးအတွက်က တော်တော်စိုးရိမ်ရ တယ်။ အဓိကတော့ တပ်သိမ်းထားတဲ့မြေကို ပြန်ရဖို့၊ ကျနော်တို့ ရှင်သန်ရပ်တည်ဖို့အတွက် မြေနေရာတော့ လိုချင်ကြတယ်။ အနည်းဆုံးဘဝရှင်သန်ရပ်တည်ဖို့အတွက် ဘယ်သူမှ ပိုင်ဆိုင်မှု မရှိတဲ့မြေယာမျိုးကို လို ချင်တယ်။ ဒါကြောင့် သူတို့ စစ်တပ်သိမ်းထားတဲ့ မြေယာကိုပဲ ပြန်လို ချင်တယ်။ အဲ့ဒါပြန်ရရင် သူတို့ အတွက် ဘာပြဿနာမရှိတော့ဘူး။ ပိုင်ဆိုင်မှုအတွက်လည်း အခိုင်အမာ လုပ်လို့ရတာပေါ့” ဟု ပြောသည်။

သို့သော်လည်း “တပ်ဘက်ကတော့ သူတို့ပြန်ပေးဖို့တော့ အကြောင်းမရှိဘူးပေါ့ အစီအစဉ်မရှိဘူး။ ဒါတော့ ပြန်မပေးဘူးပြောတယ်။ တပ်ကလည်း လုံးဝလုပ်ကိုင်ခွင့်မပေးဘူး ပြောထားတယ်။ ကြောက်ရွံ့ နေကြ တယ်။ အရင်ကလည်း တရားစွဲ၊ ထောင်ချခံထားရတယ်ဆိုတော့ စိတ်ဒဏ်ရာတွေ ရနေကြတယ်။ တောင် သူတွေကလည်း ဒီနှစ်ဘယ်လိုလုပ်ကိုင်စားသောက်မလဲ မေးခွန်းထုတ်နေကြတယ်။ တပ်လုံခြုံရေးအတွက် သိမ်းထားတာဖြစ်တယ်ပေါ့။ အခုသိမ်းထားတဲ့နေရာနဲ့က ဒီအမြောက်တပ်ရင်းနဲ့က နှစ်ဖာလုံ လောက်ဝေး တယ်။ အုပ်တံတိုင်းခတ်ထားတယ်။ နောက်ဆုံးအခြေအနေပေါ့” ဟု ဦးတူရယ် က ပြောသည်။

ထို့ကြောင့် ပြည်နယ်အစိုးရတာဝန်ရှိသူများအနေဖြင့် အောက်ခြေအထိ ကွင်းဆင်းလေ့လာမှုများ၊ ဒေသခံ ပြည်သူများ၏ သဘောဆန္ဒများကို မေးမြန်းတွေ့ဆုံမှုများအပြင် တောင်သူ လယ်သမားအရေး ဆောင်ရွက် နေသည့် အရပ်ဘက် အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်မှသာ ယခုကြုံနေရသည့် ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ဒေသခံများက ပြောသည်။

ဒေါဆိုရှေ့ကျေးရွာက တောင်သူများသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စိုက်ပျိုးရာသီတုန်းက စစ်တပ်က သိမ်း ဆည်းထားသည့် ၎င်းတို့၏ မြေယာများပေါ်တွင် ဝင်ရောက်ထွန်ယက်စိုက်ပျိုးခဲ့ကြသည့်အတွက် ပိုင်နက် ကျူးကျော်မှုဖြင့် တရားစွဲဆိုခဲ့ရသည်။

ပိုင်နက်ကျူးကျော်မှုဖြင့် တရားရင်ဆိုင်ခဲ့ရပြီးနောက် ဒီးမော့ဆိုမြို့နယ် တရားရုံးက ၂၀၂၀ ခုနှစ် မတ်လ ၁၃ ရက်နေ့က ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်ခဲ့ပြီး ပြန်လည်လွှတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

တောင်သူများပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ယနေ့အချိန်ထိ ၎င်းတို့၏ မြေယာများ ပြန်လည် မရရှိကြသေးသလို မြေယာပြဿနာကိုလည်း ဖြေရှင်းနိုင်ခြင်းမရှိသေးပေ။