မွန်ပြည်နယ်မှ တစ်ဦးတည်းသော COVID-19 လူနာ ဆေးရုံဆင်းပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မေလ ၇ ရက်။

မွန်ပြည်နယ်မှ တစ်ဦးတည်းသော COVID-19 ပိုးတွေ့ လူနာအမှတ် ၂၇ သည် ယခုအခါ ရောဂါပိုးကင်း စင်သွားသည့် အတွက် ဧပြီလ ၇ ရက်နေ့ (ယနေ့)တွင် ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်သည်။

လူနာအမှတ် ၂၇ တွင် COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပိုးတွေ့ရှိကြောင်း ဧပြီလ ၁၀ ရက်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး မော်လမြိုင် ဆေးရုံကြီးတွင် တက် ရောက်ဆေးကုသမှုခံယူခဲ့သည်။

ဆေးရုံမှ ဆင်းပြီးနောက် နေအိမ်တွင် quarantine အနေဖြင့် နှစ်ပတ် ဆက်လက်နေထိုင်ရမည်ဖြစ်ပြီး လိုအပ်ပါက စစ်ဆေးမှု ထပ်မံပြုလုပ်သွားမည်ဟု မော်လမြိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က ပြောသည်။

“လူနာကလည်းငယ် တဲ့အတွက် ကိုယ်ခံအားကောင်းတာပေါ့နော်။ အခြားရောဂါ ဥပမာ နှလုံးတို့ အဆုတ်တို့ အဲလိုမျိုးရောဂါမရှိတော့ ကုရတာ ထိရောက်တာပေါ့နော်” ဟု ပြောသည်။

အသက် ၂၄ နှစ်အရွယ် အမျိုးသမီး လူနာအမှတ် ၂၇ သည် ကျိုက်မရောမြို့ နယ်မှဖြစ်ပြီး အလုပ်လုပ်ရန် ထိုင်း နိုင်ငံသို့ တစ်လခန့် သွားရောက်နေထိုင်ခဲ့စဉ် ဗိုက်အောင့်ဝေဒနာ ခံစားရသဖြင့် ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူ ခဲ့သော်လည်း မသက်သာသဖြင့် မတ်လ ၂၀ ရက်နေ့က မြဝတီမြို့ ရှိ နယ်စပ်ဂိတ်မှ တဆင့် နေရပ်သို့ ပြန်လာခဲ့သည်။

နေအိမ်တွင် အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူရာမှ ဗိုက်အောင့်ဝေဒနာ ထပ်မံခံစားရသည့်အတွက် ကျိုက်မရောဆေးရုံတွင် တက်ရောက်ပြီး hospital quarantine ဆောင်ရွက်ခဲ့ရာ ဧပြီလ ၄ ရက်နေ့က ဓာတ်ခွဲနမူနာ စစ်ဆေးခဲ့သူ ဖြစ်သည်။

လူနာအမှတ် ၂၇ အနေဖြင့် မိမိကဲ့သို့ ရောဂါပိုးမကူးစက်ရအောင်နှင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှုမဖြစ်ရအောင် အိမ်တွင် နေကြရန် တိုက်တွန်းနှိုးဆော်သွားသည်။

“ဒီလိုမျိုး ရောဂါမဖြစ်ရအောင် ရောဂါပိုးတွေ မပြန့်ပွားအောင် အပြင် မသွားလာကြပါနဲ့။ ကိုယ့်အိမ်မှာပဲ နေပေးကြပါလို့ အခု ဆေးရုံက ဆင်းခွင့်ရတော့ ဝမ်းသာတယ်” ဟု လူနာအမှတ် ၂၇ က ပြောသည်။

မွန်ပြည်နယ်တွင် မေလ ၄ ရက်နေ့ထိ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၃၂၁ ဦးကို ဓာတ်ခွဲနမူနာစစ်ဆေးထားပြီး ရောဂါပိုးတွေ့ရှိသူ တစ်ဦးရှိကြောင်း၊ ၃၁၈ ဦးသည် ရောဂါပိုးမတွေ့ရှိကြောင်းနှင့် ကျန် ၃ ဦးအား အဖြေစောင့်ဆိုင်းစဲဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဌာန တာဝန်ရှိသူများထံမှ သိရသည်။

မြန်မာတနိုင်ငံလုံးအတိုင်းအတာအနေဖြင့် မေလ ၇ ရက်နေ့ထိ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလုပ်နာ ၁၆၂ ဦး ရှိကာ ပြန်လည်သက်သာလာသူ ၅၀ ဦးနှင့် သေဆုံးသူ ၆ ဦးရှိသည်။