ပြင်ဆင်ထားသော်လည်း ထိုင်းမှ ပြန်ဝင်လာသူ နည်းပါးနေဆဲဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မေလ ၇ ရက်။

သောင်းဂဏန်း ရှိသော ပြန်လည် ဝင်ရောက်မည့် သူများအတွက် မွန်ပြည်နယ်အတွင်း ပြင်ဆင်ထားသော်လည်း မွန်ပြည်နယ်သို့ နေရပ်ပြန်သူ လူဦးရေ နည်းပါးနေသေးကြောင်း မွန်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဌာနက ပြောသည်။

မွန်ပြည်နယ်တွင် ဧပြီလကုန်မှ မေလ ၄ ရက်နေ့အထိ ထိုင်းနိုင်ငံမှ ပြန်ဝင်လာသည့် တိုင်းနှင့်ပြည်နယ် အသီးသီး က နေရပ်ပြန် ၁၈ ဦးသာရှိသေးသည် ဟု ပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာ ထွန်းအောင်ကြည်က ပြောသည်။

“ကိန်းဂဏန်းတွေက မငြိမ်သေးဘူး အစကတော့ အများကြီးဝင်လာမယ် ခုချိန်ထိ ဘာမှမဝင်သေးဘူး အသစ်ကတော့ ၁၈ ယောက်ပဲရှိသေးတယ်။ အခုလောလောဆယ် ဝင်ထားတာ ၁၈ ယောက်ပဲရှိသေးတယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံအတွင်း ကိုရိုရာဗိုင်းရပ်စ် COVID-19 ထိန်းချုပ်ကာကွယ်ရေးနိုင်ရေးအတွက် ချမှတ်ထားသည့် အရေး ပေါ် ကြေညာချက် အချို့ကို ရုပ်သိမ်းလိုက်သော်လည်း မြန်မာနှင့် နယ်စပ်ချင်း ထိစပ်နေသည့် တာ့ခ်ခရိုင်အတွင်းက နယ်စပ်ဂိတ်ကို ဇွန်လဆန်းမှ ပြန်လည် ဖွင့်မည်ဟု ထိုင်းအစိုးရက မေလ ၆ ရက်နေ့ (ယမန်)နေ့က သတင်းထုတ်ပြန်ထားသည်။

ဧပြီလ ၃၀ ရက်နေ့ နောက်ပိုင်း ထိုင်းမှ ပြန်လာကြမည့် တိုင်းနှင့် ပြည်နယ်အသီးသီးက နေရပ်ပြန် တစ်သောင်း ခန့်ကို facility quarantine ထားရှိနိုင်ရေး မွန်ပြည်နယ်အစိုးရက ကြိုတင်ပြင်ဆင်ထားသည်။

ထိုင်းမှ ပြန်လည်ဝင်ရောက်လာသူများအတွက် facility quarantine ထားရှိ စောင့်ကြည့်ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုအပြင် စားရေးသောက်ရေး၊ ရေ၊ မီး အစရှိသည်တို့ကို အတက်နိုင်ဆုံး facility ဖြစ်အောင် စီမံဆောင်ရွက်ထား သည်ဟု ပြည်နယ်အစိုးရအဖွဲ့ က ပြောသည်။

“ပြန်ဝင်လာမယ့် လူဦးရေက သောင်းဂဏာန်းဆိုပြီးတော့ မှန်းထားတာရှိတယ်၊ မော်လမြိုင်မြို့နဲ့ အနီးက ပေါင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံမြို့ နယ်တွေမှာ လူဦးရေ ၆၀၀၀ လောက်၊ နောက် ကျန်တဲ့ မြို့နယ်တွေမှာ ၂၀၀၀ လောက် အားလုံးလူဦးရေး ၈၀၀၀ လောက်ကို quarantine ထားနိုင်ဖို့ ကြိုတင်ပြင်ဆင်နေတယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ဦးမြင့်သန်းဝင်းက ပြောသည်။

ထိုင်းမှ ပြန်ဝင်လာသူများအတွက် မော်လမြိုင်မြို့ အပါအဝင် ပေါင်၊ ချောင်းဆုံ၊ မုဒုံ၊ ကျိုက်မရော၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ရေးနှင့် သံဖြူဇရပ်မြို့ နယ်တို့တွင် quarantine စီမံဆောင်ရွက်ထားသည့်အပြင် အရံအနေ ဖြင့်လည်း လူဦးရေ ၃၀၀၀ ခန့် လက်ခံထားရှိနိုင်ရေးကိုလည်း ပြည်နယ်အစိုးရက ပြင်ဆင်ထားသည်။

ဧပြီလအတွင်းကလည်း ထိုင်းမှ ပြန်လာခဲ့ကြသည့် တိုင်းနှင့် ပြည်နယ်အသီးသီးက နေရပ်ပြန် ၁၀၀၀ ခန့် ကို လည်း မော်လမြိုင် တက္ကသိုလ်ရှိ အဆောင်များတွင် facility quarantine ထား စောင့်ကြည့်မှု လုပ်ဆောင်ခဲ့ ကြသည်။

ထို့အပြင် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူနယ်စပ်ဂိတ်မှတဆင့် တရားမဝင် ဝင်ရောက်လာသူများကို လည်း ပြည်နယ်အစိုးရ၏ စီစဉ်ဆောင်ရွက်မှုဖြင့် facility quarantine ထား စောင့်ကြည့်မှု လုပ်ဆောင်ခဲ့သည်။