COVID -19 ကာလအတွင်း အမြတ်ထုတ်မှုများ မလုပ်ရန် BEWG တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မေလ ၇ ရက်။
COVID- 19 ကာလအတွင်း တပ်မတော်အနေဖြင့် ထိုးစစ်များရပ်တန့်ရန်နှင့် မြေယာသိမ်းဆီးမှု အပါအဝင် အမြတ်ထုတ် ဖန်တီးနေမှုများ ရပ်တန့်ရန် လိုအပ်သည်ဟု မြန်မာ့သဘာဝပတ်ဝန်းကျင် အလုပ်အဖွဲ့ BEWG က ထုတ်ပြန်ပြောဆိုလိုက်သည်။
မြန်မာ့သဘာ၀ ပတ်ဝန်းကျင် အလုပ်အဖွဲ့ တာဝန်ခံ ခွန်ဦးက “အဓိက ကတော့ စစ်ဖြစ်တဲ့ကိစ္စတွေရယ်၊ လယ်သမားတွေက အပြင်ထွက်လို့ မရတဲ့ အချိန်မှာ လမ်းပိတ်တာတွေ၊ မြေသိမ်းတာတွေ ထပ်လုပ်နေ တယ်။ ပြီးရင် တရားစွဲဆိုတာတွေ လုပ်နေတဲ့ အပိုင်းမျိုးတွေပေါ့။ တရားရုံး သွားဖို့ဟာတွေလည်း အခက် အခဲ ဖြစ်နေတဲ့ဟာမျိုးတွေ ရှိနေတယ်ပေါ့။ ပြီးလို့ရှိရင် ရခိုင်ဒေသအပြင် တစ်ခြားဒေသတွေမှာ သယံဇာတနဲ့ ပတ်သက်ပြီးမှပဲ ရင်းနှီးမြုပ်နှံမှုစာချုပ်တွေ ထပ်ချုပ်ဖို့ လုပ်နေတာ ဆိုတာကိုလည်း ကြားသိထားရတယ်ပေါ့” ဟု ပြောသည်။
မြန်မာ့ သဘာဝပတ်ဝန်းကျင် အလုပ်အဖွဲ့ BEWG က မေလ ၅ ရက်နေ့ က ထုတ်ပြန်ထားသည့် ထုတ်ပြန် ချက်ထဲတွင် လက်ရှိ တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသော ချင်း၊ ကရင်၊ ရှမ်း၊ ရခိုင်ဒေသများတွင် တပ်မတော်မှ ထိုးစစ် ဆင်မှုများ၊ စစ်ရေး ပဋိပက္ခဖန်တီးမှုများ ရှိနေသည့်အတွက် မြန်မာနိုင်ငံရှိ COVID- 19 ရောဂါကျဆင်း ရေးနှင့် ငြိမ်းချမ်းရေးအတွက် အဟန့်အတား ဖြစ်စေသည် ဟု ဖော်ပြထားသည်။ ထို့အပြင် လူသားချင်းအတူတူ စစ်ကြောင့် သေဆုံးသူ များသည် COVID- 19 ကြောင့် သေဆုံးသူများထက် ပိုများလျက်ရှိနေသော်လည်း လူအများ အာရုံစိုက်မှု စိုးရိမ်ကြောင့်ကြမှု နည်းနေသည်ကို တွေ့ရပြီး ကူညီဆောင်ရွက်မှုများကိုလည်း ပိတ်ပင်မှု များရှိနေသည်ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း BMA မှ ဒါရိုက်တာ စောနေထူးက “ပြည်တွင်း စစ်ပေါ့ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာ ထိုးစစ်ဆင်တဲ့ကိစ္စတွေကတော့ မဖြစ်မနေ ပထမဦးဆုံး အပစ်အခတ်ရပ်စဲ လုပ်ရမယ့် ကိစ္စတွေဖြစ်တယ်။ အဲလိုမျိုး အပစ်ခတ်ရပ်စဲရေး မလုပ်နိုင်ပဲနဲ့တော့ နိုင်ငံလုံးဆိုင်ရာ COVID- 19 တိုက်ဖျက်ဖို့ ပြောနေတဲ့ ကိစ္စတွေကလည်း မဖြစ်နိုင်တဲ့ အခြေအနေမျိုးမှာ ကျနော်တို့ မြင်ရတယ်။ အဲဒါ ကြောင့် အထူးသဖြင့်တော့ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်ပြီးတော့ လုပ်ဆောင်နေတဲ့ ကိစ္စတွေကို ရပ်တန့်ပေးဖို့ အရေးကြီးတယ်လို့ ပြောကြားလိုပါတယ်” ဟု ပြောသည်။
ထို့အပြင် ပြည်သူပြည်သားများ COVID- 19 ကပ်ရောဂါကို စိုးရိမ်ကြောင့်ကြနေကြရပြီး COVID- 19 လျော့ ကျရေး အတွက် ကြိုးပမ်းမှု ဥပဒေလိုက်နာ ဆောင်ရွက်မှုများ ရှိနေသော်လည်း လက်ရှိမြေပြင်များတွင် တပ် မတော်မှ မြေယာသိမ်းဆည်းမှုများ ဆက်လက်လုပ်ဆောင်နေခြင်း၊ တောင်သူလယ်သများအား တရား စွဲ ဆိုခြင်းများရှိနေသည်ဟု BEWG က ဆိုသည်။
COVID- 19 ဖြစ်ပွားနေသည့် ကာလအတွင်း ဗဟိုမှ အကြီးစား စီးပွားရေး ရင်းနှီးမြုပ်နှံမှုများ၊ သယံဇာတ ထုတ်ယူသုံးစွဲမှုများအား ခွင့်ပြု ထား ခြင်းသည် ရောဂါကာကွယ်ရေးအတွက် ဦးမတည်ပဲ တိုင်းသူ ပြည် သားများ ဒုက္ခရောက်နေချိန်တွင် တိုင်းပြည်၏ မြေယာ၊ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတ များကို လက်ဦးရယူမှုပြုခြင်းသည် ငြိမ်းချမ်းရေးကို ပို၍ အလှမ်းဝေးစေသည်ဟု ထုတ်ပြန်ချက်ထဲတွင် ထည့် သွင်းထားသည်။
“ရောဂါဖြစ်နေတဲ့အချိန်မှာ တစ်ခြားသော အကျိုးစီးပွားဖြစ်ထွန်းမယ့် ကိစ္စရပ်တွေကို ကျနော်တို့ ခေါက် ထားဖို့ လိုလိမ့်မယ်ပေါ့နော်။ ပြီးတော့မှ ဒီဟာကို ဒီဖက်က တစ်ခြားအလုပ်ကို ဆက်လုပ်နေမယ် ခုနပြော နေတဲ့ ကျနော်တို့ ထုတ်ပြန်ချက်ထဲက အချက်တွေအတိုင်း တစ်ချို့သယံဇာတ ထုတ်တဲ့ဟာတွေ ပြီးတော့မှ မြေကိစ္စ ပြဿနာတွေ လူထုရင်ဆိုင်နေတဲ့ ကိစ္စရပ်တွေ အိုင်ဒီပီ စစ်ဘေးရှောင် ကိစ္စရပ်တွေ ဒါတွေကို ကျ နော်တို့က ထပ်ပြီးတော့မှပဲ ဖိနှိမ့် ချုပ်ချယ်မှုတွေ ထပ်လုပ်နေဦးမယ်ဆိုရင်တော့ ငြိမ်းချမ်းရဖို့အတွက်က နည်းနည်းပိုခက်ခဲလိမ့်မယ်လို့ပဲ ကျနော်အဲဒါပဲ ပြန်ပြီးတော့ မှတ်ချက်ပေးချင်တယ်ပေါ့နော။” ဟု ခွန်ဦး က ပြောသည်။
နိုင်ငံအတွက် အရေးတကြီးလိုအပ်သော သတင်းအချက်အလက် မှန်ကန်စွာ စီးဆင်းရေး အချိန်နှင့် တပြေး ညီ လက်လှမ်းမှီနိုင်ရေးအတွက် နိုင်ငံ၏ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာများ၏ သတင်းရ ယူခွင့်များ နှင့် လွတ်လပ်ခွင့်များ ချိုးဖောက်ခံနေရသည်ကိုလည်း တွေ့ရှိရသည်ဟု ဆိုသည်။
ထို့အပြင် စစ်ရေး ပဋိပက္ခများကြောင့် တိုင်းရင်းသား ပြည်သူလူထု ဒုက္ခမျိုးစုံခံစားရပြီး သတင်း ရယူခွင့်များ၊ အင်တာနက် ဆက်သွယ်ရေးလိုင်းများနှင့် စားနပ်ရိက္ခာများ ဖြတ်တောက်ခံနေရသည့်အပြင် COVID- 19 အတွက် လိုအပ်သော ကာကွယ်မှုများ၊ ဝန်ဆောင်မှုများနှင့် အလှမ်းပိုဝေးစေသည်ဟု BEWG က ပြော သည်။
ခွန်ဦးက “လက်ရှိအစိုးရအနေနဲ့ သူ့ဘဏ္ဏာငွေကနေမှတစ်ဆင့် ဘဏ္ဏာငွေ ထောက်ပံ့မှုတွေ ကောင်းကောင်း လုပ်ပေး ဖို့ပေါ့နော ဒါပိုက်ဆံတွေ ကူညီနိုင်မှပဲ လောလောဆယ် အပြင်မထွက်တာတွေ အလုပ်မလုပ် တာ တွေ ဖြစ်နိုင်တယ်ပေါ့။ ဒါပထမဦးဆုံး အဓိကဘဏ္ဏာငွေကို တိုးမြင့်ပြီးတော့မှပဲ ကူညီဖို့ဆိုတာ တစ်ခုပေါ့။ နောက်တစ်ခုကကျတော့ ဒီကိစ္စတွေမှာ အားလုံးဝိုင်းဝန်းဖို့လိုတယ်။ အဲဒီ စစ်ဖြစ်တဲ့ကိစ္စရပ်တွေကို ရပ်ဆိုင်း ထားရမယ် ဆိုတဲ့ဟာမျိုးကိုပဲ အဓိကတောင်းဆိုတာ ဖြစ်ပါတယ်ပေါ့” ဟု ပြောသည်။
နိုင်ငံတော်၏ ဘတ်ဂျက်နှင့် စစ်အသုံးစရိတ်ဘတ်ဂျက်များမှ လက်ရှိ COVID-19 အတွက် အရေးတကြီး လိုအပ်နေသည့် ဘဏ္ဍာရေး ထောက်ပံ့မှုများကို တိုးမြှင့်လုပ်ဆောင်ရန်၊ ကပ်ရောဂါသည် အရေးကြီးပြီး တစ်နိုင်ငံလုံး၏ အရေးကိစ္စဖြစ်သောကြောင့် ဗဟိုဦးစီးဆုံးဖြတ်မှု တစ်ခုတည်းသာမဟုတ်ပဲ တတ်သိပညာ ရှင်များ၊ စီးပွားရေးပညာရှင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် မီဒီယာ များဖြင့် ကော်မတီတစ်ရပ် ဖွဲ့စည်းရန်လည်း BEWG က အကြံပြုတိုက်တွန်းထားသည်။
လက်ရှိ COVID- 19 ရောဂါဖြစ်ပွားနေသည့် အခြားတစ်ဖက်တွင် တိုင်းရင်းသားဒေသများမှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် ဒေသခံပြည်သူများမှာ လူ့အခွင့်အရေး ချိုး ဖောက်မှုမျိုးစုံကို ခံနေရသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။
ထို့ကြောင့် လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရပ်တန့်ပြီး တစ်ယောက်နှင့်တစ်ယောက် တစ်ဖွဲ့နှင့် တစ်ဖွဲ့ ခွဲခြားခြင်းမရှိပဲ COVID- 19 ရောဂါကို အတူတကွ တက်ညီလက်ညီ ပူးပေါင်းလုပ် ဆောင်ကြရန်လို သည်ဟု ဆိုသည်။