ကချင်ပြည်နယ်က တစ်ဦးတည်း COVID-19 လူနာ ဆေးရုံဆင်းပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မေလ ၁၁ ရက်။

ကချင်ပြည်နယ်က ယခုအချိန်ထိ COVID-19 တစ်ဦးတည်းလူနာသည် မေလ ၁၁ ရက်နေ့ (ယနေ့) တွင် ဆေးရုံမှ ဆင်း ခွင့်ရပြီဟု သိရသည်။

မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော COVID-19 လူနာအမှတ် ၁၄၄ သည် နှစ်ကြိမ်ဆက်တိုက် ဆေးစစ်ရာ ရောဂါပိုးမတွေ့ရှိသောကြောင့် ယနေ့ နံနက် ၉ နာရီ ကျော်အချိန်ခန့်က ဆေးရုံမှ ဆင်းခွင့်ရသွားခြင်းဖြစ်သည်ဟု မြစ်ကြီးနားပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာဘုန်းမော် က ပြောသည်။

“ဟုတ်တယ် ဒီနေ့ မနက် ၉ နာရီကျော် ၉ နာရီ ခွဲလောက်ကပေါ့ ဟုတ်ကဲ့ပါ။ ဒီနေ့ ဆေးရုံက ဆင်းပါပြီခင်ဗျ။ ဆင်းပါပြီ/ အခုက Facility Quarantine နေရာဖြစ်တဲ့ သားဖွားသင်တန်းကျောင်းကို ပို့ထားတာပါ”

ရက်သတ္တပတ် နှစ်ပတ်နီးပါးခန့် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူကာ နှစ်ကြိမ်ဆက် တိုက် ဆေးစစ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

COVID-19 လူနာအမှတ် ၁၄၄ ကို မြစ်ကြီးနားမြို့ရှိ Facility Quarantine နေရာတွင် ထပ်မံစောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဒေါက်တာ ဘုန်းမော် က ဆက်ပြောသည်။

“နောက်ပိုင်းလုပ်မယ့် process ကတော့ သူက ကျနော်တို့ဆေးရုံမှာ နှစ်ပတ်နေပြီးတော့ နှာခေါင်း တို့ပတ် နမူနာကို ဓါတ်ခွဲခန်းကို ပို့ရမှာလေ။ ၄၈ နာရီထားပြီးတော့ နှစ်ကြိမ်ပို့တာ နှစ်ကြိမ်လုံးမှာ ရောဂါပိုးမတွေ့ဘူး။ ဗိုင်းရပ်စ်မတွေ့တော့ သူက ရောဂါပိုးကင်းစင်သူ အနေနဲ့ သတ်မှတ်လိုက်တာနော်။ နောက်ပြီးသူ့ရဲ့ ကျန်းမာ ရေးအခြေအနေကလည်း ကောင်း မွန်တဲ့အခါကြတော့ ကျနော်တို့က ဆေးရုံကနေဆင်းခွင့်ပေးလိုက်တယ်။ ဆင်းခွင့်ပေးပြီးတော့မှာ Facility Quarantine မှာ ထားမှာပေါ့နော်။ အဲ့မှာ နှစ်ပတ်ထားပြီးရင် ကျနော်တို့က Follow up ပြန်ကြည့်မယ်။ သမားတော်ကြီးတွေ ဆရာဝန်ကြီးတွေနဲ့ ပြန်စမ်းသပ်မယ်။”

ထို့နောက်မှ မိုးညှင်းဆေးရုံသို့ ပြန်ပို့ကာ စစ်ဆေးမှုများ ထပ်မံပြုလုပ်ပြီးနောက် Home Quarantine တပတ်ထားမည်ဟု သိရသည်။

“စမ်းသပ်လို့ ကျန်းမာရေးတွေ အကုန်ကောင်းပြီးဆိုရင်တော့ သူ့နေရပ် မိုးညှင်းဆေးရုံကို ပြန်ပြီးတော့ ပို့ရ မှာ။ မိုးညှင်းရောက်ရင်လည်း သူ့အိမ်မှာပဲနေမယ်။ နေပြီးတော့ Home Quarantine ၇ ရက်နေပြီးတော့မှ တခါပြန် မိုးညှင်းက သမားတော်ကြီးတွေနဲ့ ပြန်စစ်ဆေးမယ်။ စစ်ဆေးပြီးရင်တော့ ကောင်းပြီဆိုမှ အများ ပြည်သူတွေနဲ့ Public မှာ နေလို့ရပြီနော်” ဟု ဒေါက်တာဘုန်းမော်က ဆက်ပြောသည်။

လူနာအမှတ် ၁၄၄ သည် ရန်ကုန်မြို့ စက်ရုံတစ်ရုံမှ တရုတ်-မြန်မာ ဘာသာပြန် ဖြစ်သည်။

လူနာအမှတ် ၁၄၄ သည် ဧပြီလ ၂၄ ရက်နေ့က COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ဧပြီလ ၂၅ ရက်နေ့က မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသမှု ခံယူခဲ့ရခြင်းဖြစ်သည်။

၎င်းသည် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာဖိနပ်ချုပ်စက်ရုံတွင် စကားပြန်အဖြစ် အလုပ်လုပ်ကိုင်ခဲ့ သူ ဖြစ်သည်။

ကျန်းမာရေးမကောင်းသောကြောင့် ဧပြီလ ၁၆ ရက်က ရန်ကုန်မြို့မှ ကားစင်းလုံးငှားကာ မိုးညှင်းမြို့ ပုည ရှင်စက္ခုပါလဆေးရုံသို့ Facility Quarantine ဝင်ရောက်ခဲ့သည်။

ဧပြီ ၂၄ ရက်နေ့တွင် COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ဧပြီ ၂၅ ရက်နေ့မှ စတင်ကာ မြစ်ကြီးနားပြည်သူ့ဆေးရုံသို့လွှဲပြောင်းကုသပေးခဲ့သည်။

လက်ရှိမြန်မာနိုင်ငံတွင် COVID- 19 ရောဂါကူးစက်ခံရသူ ၁၈၀ ယောက်၊ ရောဂါမှပြန်လည် သက်သာ လာသူ ၇၂ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရသူ ၅၅ ယောက်ရှိပြီး ရောဂါကြောင့်သေဆုံးသူ ၆ ယောက် ရှိပြီဖြစ် သည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။