မိုးမရပါက မွန်ပြည်နယ်ရှိ ရေတွင်းနှင့် ဆည်များ ရေခမ်းတော့မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မေလ ၁၁ ရက်။

မွန်ပြည်နယ်တွင် လာမည့်နှစ်ပတ်အတွင်း မိုးရွာသွန်းမှုမရှိပါက အဝီစိတွင်းများနှင့် ဆည်များတွင် ရေများ ခမ်းခြောက်သည်အထိ အခြေအနေပိုဆိုးလာနိုင်သည်ဟု ရေလိုက်လံဖြန့်ဝေ ပေးလှူနေသူများနှင့် ဒေသခံများက ပြောသည်။

မွန်ပြည်နယ်အတွင်း၌ မတ်လဆန်းမှစကာ ရေရှားပါးမှု စတင်ကြုံတွေ့လာခဲ့ရပြီး မေလ ပထမ အပတ် အတွင်း အခြေအနေပိုဆိုးလာနေကြောင်း ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် မင်းအောင်မွန် က ပြောသည်။

“ဒီတစ် ပတ်အတောအတွင်းမှာ ပိုပြီးတော့မှ အခြေအနေဆိုးလာတယ်လို့ပဲ သုံးသပ်ရမယ် အခုဆိုရင် အဝီစိ တွင်းရေ တွေကလည်း တော်တော်ကို နည်းပါးသွားတဲ့အနေအထားပါ၊ တချို့ အဝီစိတွင်းဆိုရင် ရေလုံးဝခမ်းသွားတယ် တကယ်လို့ ဒီကဆုန်လအတွင်းမှာ မိုးမရွာဘူးဆိုရင် ရေအခက်အခဲက ပိုပြီးတော့ အခြေအနေဆိုးလာနိုင်တယ်” ဟု ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ် မြို့နယ် ၁၀ မြို့ နယ်လုံးရှိ ရပ်ကွက် ကျေးရွာအများစုများ တွင် ရေရှားပါးမှု အခက်အခဲ နှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး မော်လမြိုင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ ပေါင်မြို့ နယ်တို့တွင် ဆိုးဆိုးဝါးဝါး ရင်ဆိုင်ကြုံ တွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်အတော်များများကို ရေဖြန့်ဝေပေးနေသည့် ရွှေနတ်တောင်ဆည်နှင့် ကင်ပွန်းခြုံ ဆည်တို့တွင်လည်း ရေခမ်းခြောက်လာပြီး နှစ်ပတ်စာခန့်သာ ဖြန့်ဝေပေးနိုင်တော့မည့် အခြေအနေများ ကြောင့် ရေကို ချွေတာသုံးစွဲကြရန် မော်လမြိုင်မြို့ နယ် စည်ပင်သာယာရေးအဖွဲ့က မေလ ၇ ရက်နေ့က ပြည် သူများအား အသိပေး ထုတ်ပြန်ထားသည်။

ဘိုဘိုဝင်းလူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဘိုဝင်း က “မနှစ်ကထက် ဒီနှစ်က ပိုပြီး ရေရှားလာတာ ကို တွေ့ရတယ်။ ကျနော်တို့ မနှစ်က ရေယူနေရတဲ့ကန်ကနေ ဒီနှစ် ရေမရတော့ဘူးပေါ့နော်။ အဲလိုအခက် အခဲ တွေ ဖြစ်လာတယ်။ မနှစ်က ရေမကုန်တဲ့ရပ်ကွက်တွေ ဒီနှစ် ရေရှားလာတာကို တွေ့ရတယ်။ တော်တော်လေး ကို အခြေအနေဆိုးနဲ့ ရင်ဆိုင်နေရတယ်။ မော်လမြိုင်မှာဆို ဆိုးဆိုးဝါးဝါးရေရှားပါးမှုက မြို့ပေါ်ရပ်ကွက်တွေမှာ အကုန်လုံးဖြစ်နေတယ်” ဟု က ပြောသည်။

ပေါင်မြို့ နယ်အတွင်း၌လည်း ရေရှားပါးမှု အခြေအနေ ဆိုးဝါးနေပြီး အလှူရှင်များ လာရောက် ဖြန့်ဝေလှူဒါန်း ပေးနေသည့် ရေများကိုသာ သုံးစွဲနေရသည်ဟု ဒေသခံများက ပြောသည်။

“ပေါင်မြို့ နယ်မှာတော့ မတ်လပထမအပတ်ကနေစပြီးတော့ သောက်ရေ အခက်အခဲ စဖြစ်ပါတယ်။ အဲဒီအချိန် ကတည်းကနေ ပြည်နယ်အစိုးရအဖွဲ့နဲ့ အလှူရှင်တွေ သောက်ရေ လာလှူကြပါတယ်၊ နောက်ပိုင်းကျတော့ သုံး ရေပါ အခက်အခဲဖြစ်လာတယ်၊ ဒီတစ်ပတ်အတောအတွင်းမှာတော့ ပိုပြီး ခက်ခဲလာတယ်။ ရာသီဥတုကလည်း အရမ်းပူလာတဲ့အချိန်မှာ တွင်းရေ အဝီစိတွင်းရေးတွေလည်း ခမ်းလာတယ်” ဟု ပေါင်မြို့ နယ် ပြည်နယ် လွှတ် တော် ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပြောသည်။

သောက်ရေ သုံးရေများ အခက်အခဲဖြစ်သည့် ရပ်ကွက်/ကျေးရွာများသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မီးသတ်၊ စည်ပင်၊ လူမှုအဖွဲ့အစည်း အလှူရှင် နိုင်ငံရေးပါတီတို့က ရေလိုက်လံ ဖြန့်ဝေ လှူဒါန်းပေး နေသော်လည်း အချို့ ရပ်ကွက်/ကျေးရွာသို့ ရေအလှူရှင်များ မရောက်သည့်အတွက် ရေ ဝယ်သုံး နေရ သည် များလည်း ရှိသည်ဟု ဒေသခံများက ပြောသည်။

မွန်ပြည်နယ်တွင် နှစ်စဉ်နှစ်တိုင်း ရင်ဆိုင်ကြုံတွေ့နေရသည့် ရေရှားမှုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ပြည် နယ် အစိုးရအဖွဲ့မှ နှစ်စဉ် သိန်းပေါင်းထောင်ချီ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာဆိုလျှင် ငွေကျပ်သိန်း ၁၁၀၀၀ ထိ အကုန်အကျခံကာ ဖြေရှင်းနေသာ်လည်း ပြည်နယ်အတွင်းက ရေရှားပါးမှုပြဿနာသည် တစ်နှစ်ထက် တစ်နှစ် ပိုဆိုးလာနေသည်။