နမ့်ဆန်ရှိ သီးခြားခွဲ စောင့်ကြည့်သူများအတွက် အကူအညီများ လိုအပ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မေလ ၁၅ ရက်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှ ပြန်လာပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ရှိ သီးခြားခွဲ စောင့်ကြည့်မှု နေရာများ (Facility Quarantine Center) တွင် နေထိုင်သူများအတွက် အစားအစာများ လိုအပ်နေကြောင်း ကြက်ခြေနီ အဖွဲ့က ပြောသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် သီးခြား စောင့်ကြည့်မှု အတွက် ခွဲထားသူ ၅၁ ဦးရှိပြီး ၎င်းတို့အတွက် အစားအစာနှင့် သောက်ရေများလိုအပ်နေခြင်းဖြစ်သည်ဟု မြို့နယ် ကြက်ခြေနီအသင်း ဥက္ကဋ္ဌဖြစ်သူ ဦးကျားတီက ပြောသည်။
“ကြုံတွေ့ရတဲ့ အခက်အခဲကတော့ သူတို့ ဘက်လည်း တစ်ရက်ကို ပိုက်ဆံ သုံးထောင်ထည့်ရတယ်။ ကျနော်တို့ဘက်လည်း သုံးထောင်နဲ့ တစ်ရက်ဆို သုံးနပ်ကျွေးတယ်။ ဆိုတော့ မလောက်နိုင်ဘူး။” ဟု ပြောသည်။
လတ်တလောလိုအပ်မှုများအတွက် ပရဟိတအဖွဲ့များက ကူညီပေးနေသည်ဟု သိရသည်။
“သူတို့အတွက် စားဝတ်နေရေး ကျနော်တို့ အစိုးရဆီက အကူအညီရတာ မဟုတ်ဘူး။ အလှူရှင်တွေလည်း သိပ်မရှိဘူး။ နေ့စဉ် စားသောက်ဖို့အတွက် သူတို့ဆီက တစ်ယောက်ကို တစ်ရက် ၃ ထောင်နဲ့စုပြီး ပရဟိတ က ရတဲ့အလှူငွေနဲ့ပေါင်းပြီးမှ အစားအသောက်တွေ ဝယ်ရတယ်။ ထမင်းဟင်းကအစ ပရဟိတ အဖွဲ့တွေကပဲ ချက်ပြီး ပို့ပေးရတယ်” ဟု ဦးကျားတီ က ဆက်ပြောသည်။
တရုတ်နိုင်ငံမှ ပြန်လာသူ ၅၁ ဦးကို နမ့်ဆန်မြို့ နယ်စပ်ဒေသ ဖွံ့ ဖြိုးရေး သင်တန်းကျောင်းတွင် အမျိုးသား ၃၂ ဦးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကျောင်းတွင် အမျိုးသမီး ၁၉ ဦးထားရှိသည်။
သီးခြားခွဲထားသူများ၏ လက်ရှိ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်သည်ဟုလည်း နမ့်ဆန်မြို့ နယ် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာထက်ဖြိုးဝေ က ဆိုသည်။
မေလ ၇ ရက်က ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားခဲ့သည့် တရုတ်နိုင်ငံ ဝူဟန်မြို့မှ မြန်မာနိုင်ငံသို့ လွှဲပြောင်း လာသူ စုစုပေါင်း ၂၄၁ ကျော်အနက် နမ့်ဆန် ဒေသခံ ၅၁ ဦး ပါဝင်သည်။
၎င်းတို့သည် ဝူဟန်မြို့တွင် အလုပ်လုပ်ရင်း ဖမ်းဆီးအကျဉ်းချခံခဲ့ရသူများဖြစ်သည်။ နှစ်နိုင်ငံ အစိုးရတာဝန်ရှိ သူများ ညှိနှိုင်းပြီး မူဆယ်မြို့နယ် နန်းတော်ဂိတ်ပေါက်မှ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
၎င်းတို့အား နမ့်ဆန်မြို့နယ်အတွင်းက သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများ ပူးပေါင်း ၍ မေလ ၁၀ ရက်နေ့က တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ တွင် သွားရောက်ကြိုခဲ့ပြီး မေလ ၁၁ ရက်နေ့က နမ့်ဆန်မြို့သို့ ရောက်ရှိလာခဲ့ကြသည်။