ကချင် ပရဟိတအဖွဲ့များအတွက် လိုအပ်ချက်များ ရှိနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ် မေလ ၁၉ ရက်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ COVID-19 ကာကွယ်တားဆီးရေး လုပ်နေကြသည့် ပရဟိတအဖွဲ့များအနေဖြင့် COVID-19 ကာကွယ်တားဆီးပစ္စည်းများ၊ စေတနာ့ ဝန်ထမ်းများအတွက် ဆေးဝါးများနှင့် အစားအစာများလို အပ်နေသည် ဟု သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံမှ ပြန်လာကြသည့် မြန်မာနိုင်ငံအနှံ့က ရွှေ့ပြောင်းအလုပ်သမားများ အား ခေတ္တထားနားခိုစေသည့် မြစ်ကြီးနားမြို့ ၊ စီတာပူရပ်ကွက်ရှိ ကုန်တင်ကုန်ချစခန်းတွင် ကူညီနေကြသည့် တက္ကသိုလ်ကျောင်းသားအများစုနှင့် ဖွဲ့စည်းထားသည့် ကချင်ပြည်နယ် စေတနာ့ဝန်ထမ်းအဖွဲ့က ပြောသည်။

Kachin State Volunteer Team for COVID-19 အဖွဲ့ က ကိုမျိုးထက်နိုင်လင်းက “ဒီမှာ ဆပ်ပြာတွေလည်း မရှိဘူး။ ကုန်တင်ကုန်ချစခန်းကို ရောက်လာတဲ့ လူတွေအတွက် Mask တွေ ပေးရတယ်လေ။ အဲ့ဒါတွေလည်း လိုပါတယ်။ ဒီလွယ်ဂျယ်က လာတဲ့လူတွေ ကန်ပိုက်တီးက လာတဲ့သူတွေရှိတယ်။ သူတို့အတွက် ရောက်တာ နဲ့ စားဖို့ အစားသောက်တွေလိုတယ်။ တခါခါ ကားတွေက ည ၁၂ နာရီ ၁ နာရီမှ ရောက်တာ။ ပြီး သောက်ရေ၊ သောက်ရေလည်း မရှိတော့ဘူး။ အစားအသောက်လည်းလိုအပ်တယ်။ ကျနော်တို့ Volunteer အဖွဲ့တွေ စားဖို့ အစားအသောက်တွေထဲကလည်း ရောက်လာတဲ့လူတွေကို ခွဲပေးရတာတွေ ရှိတယ်” ဟု ပြောသည်။

ပြည်နယ်အစိုးရအနေဖြင့် ပရဟိအဖွဲ့များကို တစ်စုံတစ်ရာ ကူညီပံ့ပိုးပေးခြင်း မရှိကြောင်းလည်း ကချင်ပြည်နယ် COVID-19 ကာကွယ် တားဆီးရေး ကွန်ရက်က တာဝန်ရှိသူများ က ပြောသည်။

ကချင်ပြည်နယ် COVID-19 ကာကွယ်တားဆီးရေး ကွန်ရက် (Kachin State COVID-19 Prevention Network) က ပြောရေးဆိုခွင့်ရှိသူ ကိုလရှားပေါလုက “အခုဟိုတစ်နေ့က ကချင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိ သူ ဦးဇော်ဇော်က သူပြောလိုက်တဲ့အထဲမှာ ဒီ quarantine center တွေမှာ ပြီးရင် ဒီကုန်တင်ကုန်ချ စခန်းတွေ မှာ ဆေးဖျန်းတဲ့ လူငယ်တွေကို အစားအသောက်တွေ ကျွေးတယ် ပြီးရင်ရေလည်းတိုက်တယ်။ ပြီးရင် လိုအပ် တဲ့ ဆေးပစ္စည်းတွေကိုလည်း သူတို့ ကူညီတယ်ဆိုတဲ့ဟာတွေကို သူက ထုတ်ဖော်ပြောတာပေါ့လေနော်။ ဒီမီဒီ ယာတွေပေါ်မှာလေနော ဒါပေမယ့်လည်း ကျနော်တို့ ဒီနေ့ဒီအချိန်အထိတော့ အစိုးရဖက်ကနေ ကျနော်တို့ ဖက် မှာ ကူညီတဲ့ အပိုင်းတွေတော့ မရှိသေးဘူးလေနော အစိုးရဖက်ကနေ ကျနော်တို့ကို ပံ့ပိုးကူညီမှု အပိုင်းမှာတော့ ကျနော်တို့မှာ ဘာတစ်စုံတစ်ခုမှ မရှိသေးဘူး။ local donor တွေရဲ့ ကူညီမှုနဲ့ပဲ ကျနော်တို့က ဒီအလုပ်ကို ဒီနေ့ ဒီအချိန်ထိ လုပ်နေတာပေါ့” ဟု ပြောသည်။

မေလ ၁ရက်နေ့ က ကချင်ပြည်နယ်အစိုးရအဖွဲ့ နှင့် ပရိဟိတအဖွဲ့များ တွေ့ဆုံခဲ့ကြပြီး နောက် မေလ ၁ရက်နေ့မှ စကာ FQ ဝင်နေကြသူများအား ပြည်နယ်အစိုးရက အစားသောက်ထောက်ပံ့ပေးမယ်ဟု နှုတ်ကတိဖြင့် ပြော ဆိုခဲ့သော်လည်း တာဝန်ယူထောက်ပံ့ခြင်းမျိုး မရှိဘူးဟု မြစ်ကြီးနားအခြေပြုပရဟိတအဖွဲ့ များက ပြောသည်။

စေတနာ့ဝန်ထမ်း (Volunteer) ကြုံနေရသည့် အခြားသော အခက်အခဲ စိန်ခေါ်မှုများနှင့် ပတ်သက်၍လည်း ကိုလရှားပေါလုက “အခုဒီနေ့ ဒီအချိန်မှာတော့ အခက်အခဲတွေ အများကြီးရှိတာပေါ့လေနော်။ Quarantine မှာ စောင့်တဲ့လူငယ် တွေအတွက်ရော ကျနော်တို့မှာ Save side လူငယ်တွေအတွက် ကျန်းမာရေးလုံခြုံရေး ဒီအတွက်လည်း စိန်ခေါ်မှုတွေရှိတာပေါ့နော်။ အစိုးရဘက်ကလည်း ပြီးပြည့်စုံအောင် ကျနော်တို့အတွက် အများ ကြီး လုပ်ပေးနိုင်ခြင်းတော့ မရှိဘူးပေါ့နော်။ အဲ့ထဲမှာ ကျနော်တို့အတွက် ကျန်းမာရေးလုံခြုံမှုတွေလည်း Quarantine စောင့်နေတဲ့ Quarantine မှာ Volunteer လုပ်နေတဲ့ လူငယ်တွေအတွက် လိုအပ်တယ်လို့ မြင် တယ်။ ပြီးရင် တဖက်မှာ ဆေးဖြန်းတဲ့ လူငယ်တွေအတွက်ရော လွန်ခဲ့တဲ့အချိန်မှာတော့ ကျနော်တို့ PPE တွေ မလောက်ဘူးပေါ့နော်” ဟု ဆက် ပြောသည်။

ကချင်ပြည်နယ်မှ တက္ကသိုလ်ကျောင်းသားအများဖြင့် ဖွဲ့စည်းထားသည့် Kachin State Volunteer Team for COVID-19 အဖွဲ့ ၊ ကချင်ပြည်နယ် COVID-19 ကာကွယ် တားဆီးရေးကွန်ရက်၊ ရှေ့နေများနှင့် ဖွဲ့စည်းထား သည့် မြစ်ကြီးနား အခြေပြု COVID-19 ကာကွယ်တားဆီးရေး ပရဟိတအဖွဲ့ နှင့် ကချင်အမျိုးသား ကွန်ဂရက် ပါတီ KNC တို့က COVID-19 ကာကွယ်တားဆီးရေးလုပ်ငန်းများကို ကိုယ်ထူကိုယ်ထ လုပ်ဆောင် နေကြခြင်း ဖြစ်သည်။

အဆိုပါ ပရဟိတအဖွဲ့များအနေဖြင့် နေရပ်ပြန်များအတွက် လိုအပ်သည်များ အကူအညီပေးခြင်း၊ သီးခြားစောင့် ကြည့်မှု Center များတွင် ရောက်နေကြသူများ အတွက် အစားအသောက်များ ပေးလှူခြင်း၊ ပိုးသတ်ဆေး ဖျန်း ခြင်း၊ COVID-19 ရောဂါကာကွယ်တားဆီးရေးနှင့် ပတ်သက်၍ အခြားသော လု့ပ်ငန်းများတွင် လူအင်အားလို အပ်က လိုအပ်သကဲ့သို့ ကူညီနေကြသလို ယခုကဲ့သို့ အခြေခံလူတန်းစားများ ထဲမှ အခက်အခဲကြုံနေသူများ ရှိပါက လိုအပ်သည့် စားနပ်ရိက္ခာများကို ထောက်ပံ့ ကူညီ ပေးနေသည်ဟု သိရသည်။