ကပ်ရောဂါ ကြာမြင့်လာ၍ စစ်ရှောင်စခန်းများ အခက်ကြုံလာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မေလ ၂၁ ရက်။

COVID-19 ကပ်ရောဂါ ကာလ ကြာရှည်လာသည်နှင့်အမျှ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က စစ်ရှောင်စခန်းများတွင် စားဝတ်နေရေး အခက်အခဲရှိလာနေသည်ဟု စစ်ရှောင်များက ပြောသည်။

အိမ်တွင်းနေရန် (Stay Home)နှင့် အသွားအလာ ကန့်သတ်ထားခြင်းတို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ ခက်ခဲမှုများ ရှိလာနေကြောင်း ပလန စိန့်ဂျိုးဇက် စစ်ရှောင်စခန်း(၂) က စခန်းတာဝန်ခံ ဦးတန်ဂျာ က ပြောသည်။

“ဒီ COVID-19 ကူးစက်ရောဂါကြောင့် Camp တွေပိတ်ထားတာတော့ တစ်လကျော်လောက်ရှိပါပြီ၊ အစပိုင်း ကျတော့ ကျနော်တို့လည်း နည်းနည်းတော့ သိပ်ပြီးမှ အခက်အခဲတော့မရှိပါဘူး၊ အခုကြာလာတော့ အဲ့ စခန်း ထဲမှာပဲနေရတယ်၊ အပြင်ထွက်လို့လည်းမရဘူး ၊ အဓိက ကျွန်နော်တို့ Camp မှာ ခက်ခဲတာကျတော့ ဒီစားဖို့ သောက်ဖို့နဲ့ တချို့အိမ်ခြေတွေကျတော့ ချက်စားဖို့ ဆန်တွေမရှိတာတွေတောင်မှ ရှိနေပြီ၊ ဟို ၄ လပိုင်း ၂၀ ကျော်နဲ့ ဒီ ၅ လ ပိုင်းကြားမှာ ဆိုရင်အဲလိုမျိုး ပြဿနာတွေ ရှိလာပါတယ်။”

ကချင်ပြည်နယ်ထဲက စစ်ရှောင်စခန်းများကို တစ်လကျော်ကြာပိတ်ထားခဲ့ရာ စားဝတ်နေရေးအပြင် အခြားအခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု စစ်ရှောင်များ က ပြောသည်။

ဦးတန်ဂျာ က “ကျနော်တို့ကျတော့ လျှပ်စစ်လှိုင်း လည်းမရဘူး၊ ထမင်းချက်စားတာလည်း ထင်းနဲ့ပဲ ချက်စား နေကြတာဖြစ်တယ်၊ အခုကထင်းတွေလည်း ကုန်သွားကြပြီ၊ အပြင်လည်းထွက်လို့မရတော့ဘူး၊ အခုထမင်းချက် စားဖို့ တောင်တော်တော်လေးကို အခက်ကြုံနေရပါတယ်လို့ ကျနော့် အနေနဲ့ ပြောလိုပါတယ်” ဟု ပြောသည်။

စစ်ရှောင်များအနေဖြင့် COVID-19 ကာလ အပြင်မထွက်ရသောကြောင့် ယခင်က လုပ်ကိုင်နေခဲ့ကြသည့် နေ့စားအလုပ်များ သွားရောက်လုပ်ကိုင်ခွင့် မရှိသောကြောင့် ပိုမိုခက်ခဲလာရခြင်းဖြစ်သည် ဟု ပြောသည်။

ပလန စစ်ရှောင်စခန်းက စစ်ရှောင် မထုမိုင်က “ပိုက်ဆံရှာထွက်ဖို့ကလည်း လောလော ဆယ် အလုပ်တွေလည်း အားလုံးပိတ်ထားတယ်။ ပြီးရင် နေ့စားသွားဖို့လည်း အဆင်မပြေဘူးပေါနော်။ ပြီးလို့ရှင်ရင် Camp ကနေလည်း ခွင့်မပေးဘူးပေါ့နော်။ အလုပ်တွေကမရှိဘူးပေါ့နော်။ အဲလိုမျိုးတွေဖြစ်နေလို့ တော်တော်ကိုခက်ခဲနေပါတယ်” ဟု ပြောသည်။

ဝိုင်းမော်မြို့က မိုင်းနား KBC စစ်ရှောင်စခန်းမှာတော့ ကန့်သတ်ချက်များထဲမှ အချို့ကို ဖြေလျှော့ပေးထား သည်ဟု ပြောသည်။

“အခုကျနော်တို့ ကျောင်းလည်းဖွင့်တော့ မယ် ဆိုရင်တော့ ကျနော်တို့ ကျောင်းသူ ကျောင်းသားတွေအတွက် စားစရိတ်က ပေါ့လေနော် နေ့စားတွေ ဘာတွေ မိဘတွေကထွက်ရှာရမယ်လေ။ ဆိုတဲ့ခါကျတော့ ကျနော်တို့ Camp အတွင်းမှာ ဆူပူမှုတောင်မှ ဖြစ်လု ဖြစ်လုနဲ့ ကျနော်တို့လည်း အဲဒါကိုနည်းနည်း ကြိုတင်သိတဲ့ အနေနဲ့ တစ်ပတ်မှာ တစ်ကြိမ်ပဲ ထွက်တဲ့ဟာကို သုံးကြိမ်ထွက်လို့ရတယ် ဆိုတဲ့အပိုင်း နေ့စားသမားတွေလည်း သွားလို့ ရတယ်ဆိုတဲ့ ခွင့်ပြုချက်တွေ ကတော့ ပြန်ပြီးတော့မှ ရှိထားပေးပါတယ်လို့” ဟု စခန်းတာဝန်ခံ ဦးဇော်လုံး က ပြောသည်။

သို့သော်လည်း လက်ရှိအချိန်တွင် မြစ်ကြီးနားမြို့အတွင်း ကန့်သတ်ချက်များအတွက် ရက်ထပ်ထိုးထားသည့် အတွက် နေ့စားအလုပ်များ မရှိသေးဟုလည်း ပြောသည်။

စစ်ရှောင်စခန်းများတွင် အစိုးရမဟုတ်သော အရပ်ဘက် အဖဲ့ွအစည်းများက စားနပ်ရိက္ခာအချို နှင့် COVID-19 ရောဂါကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများ လာရောက်ထောက့်ပံံ့ပေးခြင်းများရှိလည်း ကချင်ပြည်နယ် အစိုးရမှ တစ်စုံတစ်ရာ ကူညီထောက်ပံ့ပေးခြင်း မရှိသေးဘူးဟုလည်း စစ်ရှောင်များက ပြောသည်။

ဦးတန်ဂျာက “ဒီကချင်ပြည်နယ်အစိုးရကနေပြီးတော့ပေးတာကျတော့ အခုထိ ကျနော်တို့မရသေးဘူး၊ သူတို့က ပေးမယ် ပေးမယ်လို့တော့ ပြောပါတယ်၊ သတင်းမှာလည်း ကြားရပါတယ်၊ ဒါပေမယ့် အခုလောလောဆယ် ကျနော်တို့ ဆီမှာမရောက်သေးဘူး” ဟု ပလန စိန့်ဂျိုးဇက် စစ်ရှောင်စခန်း(၂) ၏ အခြေအနေကို ပြောသည်။

ကချင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ညမထွက်ရအမိန့်၊ အိမ်တွင်းနေရန်(Stay Home) အမိန့်၊ အသွားအလာကန့်သတ်ထားမှုများ၊ လူစုလူဝေးဖြစ်စေမည့် ဈေးများ၊ စားသောက်ဆိုင်၊ ရုပ်ရှင်ရုံ၊ ကာရာ အိုကေဆိုင်တွေက အစပိတ်ပင်ထားရခြင်း၊ မြို့နယ်အလိုက် ခရီးသွားလာသူများအားလည်း သတ်မှတ်ထားသည့် သီးခြားစောင့်ကြည့်မှု Center များတွင် ၂၁ ရက် ထားရှိခြင်း စသည့် ကန့်သတ်ချက်များ လည်း ယနေ့အချိန်ထိ ရှိနေဆဲဖြစ်သည်။

အဆိုပါကန့်သတ်ချက်များကို မေလကုန်အထိ ထပ်မံတိုးထားကြောင်း အစိုးရက ထုတ်ပြန်ထားသည်။