ဒေါက်တာအေးမောင်အား ရွေးကောက်ခံပိုင်ခွင့် ရုတ်သိမ်း၊ အမျိုးသား ရင်ကြားစေ့ရေးကို ထိခိုက်စေနိုင်ဟု တိုင်းရင်းသား ပါတီအချို့ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မေလ ၂၁ ရက်။
ဒေါက်တာအေးမောင်အား လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်လိုက်သည်သာမက နောက်လာ မည့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပိတ်ပင်လိုက်ခြင်းသည် လက်ရှိလုပ်ဆောင်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေနိုင်သည်ဟု တိုင်းရင်းသား ပါတီအချို့က ပြောသည်။
မေလ ၁၈ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒေါက်တာအေးမောင်အား ပြည် သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိတော့ကြောင်းနှင့် ၎င်းအား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခြင်း ခံထားရသူအဖြစ်မှ ပယ်ဖျက်လိုက် သည် ဟုကြေငြာခဲ့သည့်အပေါ် တိုင်းရင်းသား ပါတီအချို့က ပြောဆိုလိုက်ခြင်းဖြစ်သည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က NLD အစိုး ရ၏ ဒေါက်တာအေးမောင်အပေါ် ယခုလုပ်ရပ်သည် ၎င်းတို့ ကြွေးကြော်ထားသည့် ပြည်တွင်းငြိမ်းချမ်းရေး နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းမှ သွေဖယ်နေပြီး တိုင်းရင်းသားများ၏ ယုံကြည်မှုကို လည်း လျော့နည်းစေလိမ့်မည်ဟု ထောက်ပြပြောဆိုသည်။
“NLD အစိုးရကိုယ်တိုင် ကြေငြာထားတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး တည် ဆောက် ရေး အဲဒီကနေတစ်ဆင့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေး လမ်း ကြောင်းကို လူတွေ ပိုပြီးတော့မှ အယုံအကြည်နည်းလာစေနိုင်တာပေါ့နော်။ နောက်ပြီးတော့ တိုင်းရင်းသား သွေး စည်းညီညွှတ်ရေးလို့ တစ်ချိန်လုံးအော်နေပေမယ့်လို့ တိုင်းရင်းသားတွေ အတွက် ထိထိရောက် ရောက် မစွမ်းဆောင်နိုင်သေးခင်မှာ ဒီလိုမျိုး စိတ်ဝမ်းကွဲပြားစရာ ဖြစ်တဲ့ကိစ္စကို လူထုခေါင်းဆောင် ကိုယ် တိုင် ဒီမိုကရေစီ အစိုးရ ကိုယ်တိုင်က လုပ်လိုက်တယ်ဆိုတာက အင်မတန် အရုပ်ဆိုး အ ကျည်းတန် ပါတယ်။ ဥပဒေလမ်းကြောင်း အရ သွားတယ်ဆိုပေမယ့်လို့ စိတ်ခံစားမှုကို ပိုပြီး ဦးစားပေးတဲ့ ဆုံးဖြတ်ချက် မျိုး အမိန့်ချမှတ်မှုမျိုး ကျနော် ဒီအတိုင်းပဲ သုံးသပ်ပါတယ်”
ကချင်ပြည်နယ် ပြည်သူ့ ပါတီ KSPP ဒု-ဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်း ကလည်း NLD အစိုးရ၏ လုပ် ဆောင်ချက်သည် တိုင်းရင်းသားများကြားတွင် စိတ်ဝမ်းကွဲမှုကို ဖြစ်စေသည့်အတွက် ယခုကိစ္စကို ပြန်လည်သုံးသပ် ဆွေးနွေးအဖြေရှာရန်လိုသည်ဟု အကြုံပြု ပြောဆိုသည်။
“ကျနော်တို့ နိုင်ငံကို ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ဆိုတဲ့ဟာကို ကျနော်တို့က သွားနေတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီလို အခြေအနေမှာ ဒီလိုမျိုး လုပ်ခြင်းဟာ မဖြစ်သင့်တဲ့ဟာ ပြဿနာတွေ ဖြစ်လာတယ်။ အဓိကကတော့ စိတ်ဝမ်းကွဲစရာတွေ ဖြစ်လာတာပါ။ အဓိက ဒီမှာက နိုင်ငံ ရေး အနေနဲ့ပဲ ဆုံးဖြတ်သင့်တာပေါ့ နိုင်ငံရေးကို နိုင်ငံရေးပုံစံမျိုးနဲ့ပဲ ဆွေးနွေးပြီးမှ အဖြေရှာသင့်တယ် ဆိုတဲ့ဟာမျိုးကို ပြောလိုပါတယ်”
မေလ ၁၈ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်တွင် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အဖြစ် ရွေးကောက်တင်မြောက်ခံရသော ဒေါက်တာအေးမောင်သည် ရာဇသတ်ကြီးပုဒ်မ ၁၂၂(၁) နှင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) တို့အရ ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံး၏ ပြစ်မှုထင်ရှား စီရင်ခြင်းခံရပြီး တရားရုံးအဆင့်ဆင့်သို့ အယူခံ ဝင်ရောက်ခဲ့သော် လည်း စစ်တွေခရိုင်တရားရုံး၏ အမိန့်ကို အတည်ပြုခဲ့သဖြင့် တည်ဆဲဥပဒေအရ ထောင်ဒဏ်ကျခံရ သူဖြစ်ကြောင်း စီစစ်တွေ့ရှိရပါသည်ဟု ပါရှိသည်။ (ပုဒ်မ ၁၂၂ မှာ နိုင်ငံတော် ပုန်ကန်မှုဖြစ်ပြီး ပုဒ်မ ၅၀၅(ခ)မှာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်စီးစေမှု ဖြစ်သည်)
ရခိုင်အမျိုးသားပါတီ ANP မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က “ဒီအမျိုးသား ရင်ကြားစေ့ရေး ဆိုတာနဲ့ လူတစ်ယောက်ရဲ့ လွတ်လွတ်လပ်လပ်ပြောပိုင်ခွင့် ဆိုပိုင်ခွင့် ဒါတွေကို ကန့် သတ်လိုက်တယ်။ ဆိုတာ အားလုံးမြင်ပြီးသား ကိစ္စပဲ ဖြစ်ခဲ့ကြတယ်လေ။ အတွေးအ ခေါ်အယူအဆ မတူကြရင် မနှစ်သက်ရင် ဒါဟာ ဘက် သဘောမျိုးအပေါ်မှာတော့ ကမ္ဘာမှာရော မြန်မာမှာရော ဒါဟာဖြစ်လေ့ဖြစ်ထရှိတဲ့ အစဉ်အလာ ထဲမှာဝင်သွားခဲ့ပြီလေ။ အစိုးရတစ်ခုတက်လာပြီဆိုရင် ကိုယ့်နဲ့ဆန့်ကျင်ဘက် အုပ်စုတွေ ထောင်ထဲ ရောက်သွား ကြ တယ်။ နို့မဟုတ်ရင် တောခိုသွားကြတယ်။ နှစ်ရှည်လများ ကမ္ဘာမှာလည်း ဒီအတိုင်းရှိတယ်။ မြန်မာမှာလည်း ဒီအတိုင်းရှိတယ်။ အခုဒေါက်တာအေးမောင်က အဲဒီအနေအထားကို ကြုံခဲ့ရတယ်ဆိုတာ မြင်သာနေတဲ့ အချက် ပါပဲ” ဟု ပြောသည်။
အဆိုပါပြစ်ဒဏ်ကြောင့် ဒေါက်တာအေးမောင်သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင် မြောက်ခံ ရပြီးနောက် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ (ဃ) ပါပြဌာန်း ချက် နှင့် ငြိစွန်းသဖြင့် စစ်တွေ ခရိုင်တရားရုံးမှ စီရင်ချက်ချမှတ်သည့် ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့မှစ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိတော့ကြောင်းနှင့် ယင်းအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခံထားရသူအဖြစ်မှ ပယ်ဖျက်လိုက် ကြောင်း ကြေညာ အပ်ပါသည် ဟု ကြေညာချက်ထဲတွင် ဖော်ပြထားသည်။
ထို့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခြင်းခံရသော ဒေါက်တာအေးမောင်အား ပြည် သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈၈ ပုဒ်မခွဲ(က)အရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မ ရှင်မှ ကြေညာချက် ထုတ်ပြန်သည့် မေလ ၁၈ ရက်နေ့မှစတင်၍ နောက်လာမည့် ရွေးကောက် ပွဲများတွင် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လောင်း အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် မရှိဟု ကြေညာချက်ထဲတွင် ထည့်သွင်းထားသည်။
ဒေါ်အေးနုစိန် “တကယ့်တမ်းအားဖြင့်တော့ ရွေးကောက်ပွဲ ဥပဒေမှာပါရှိတဲ့ အဲဒီအကြောင်းချင်းရာကတော့ ဒီထုတ်ပြန်ချက်မှာ ထည့်စရာ မလိုပါဘူးလို့တော့ ကျမတို့မြင်တယ်။ ဒီလိုဘာကြောင့်ထည်လိုက်လဲ ဆို တော့ ဒေါက်တာအေးမောင်နဲ့ ပတ်သက်ပြီးတော့ ပေးထားတဲ့ ပြစ်ဒဏ်တွေ နိုင်ငံရေး လောကထဲမှာ ဘယ် လောက် အထိ ဆက်စပ်ပြီးတော့ ထိခိုက်သွားနိုင်သလဲဆိုတာကို အများပြည်သူသိစေချင်တဲ့အတွက် ဒီ ထုတ်ပြန်ချက်မှာ ဥပဒေပြဌာန်းချက်ကိုပါ ထည့်ပြီးတော့ ကြေငြာတယ်လို့ပဲ ကျမမြင်တယ်” ဟု ပြောသည်။
NLD အစိုးရ အနေဖြင့် တိုင်းရင်းသားများနှင့် အတူတကွ လက်တွဲလုပ်ဆောင်ရန်နှင့် အမျိုးသား ရင်ကြားစေ့ ရေးကို ရှေးရှုလုပ်ဆောင်မည့် စိတ်ကူးရှိမည်ဆိုပါက ယခုကိစ္စကို ပြန်လည် ပြင်ဆင်၍ ရကြောင်း SNLD ပါတီက ဦးစိုင်းလိတ်က ပြောသည်။
“နောက်မကျသေးပါဘူး တကယ်တမ်း ကျနော်တို့ တိုင်းရင်းသားတွေ အကုန်လုံးနဲ့ တွေ့ဆုံပြီးတော့မှ ဆွေး နွေးမယ် တိုင်းရင်းသားတွေနဲ့ လက်တွဲဖို့ စိတ်ကူးရှိတယ်ဆိုရင် ဒီဥစ္စာတွေက ဒီနေ့အမိန့်ချလည်းပဲ နိုင်ငံ တော် သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လည်း မကြာမတင်မှာ ပြန်လွှတ်ပေါ့နော်။ ဒါမျိုးကတော့ ပြန် လုပ်လို့ရတဲ့ ကိစ္စတွေကိုး နိုင်ငံရေးအရ အာဃာတထားတဲ့ ကိစ္စတွေ နောက်ပုဂ္ဂိုလ်ရေးအရ ရှေ့တန်း တင် တဲ့ ကိစ္စတွေကို လျော့ချပြီးမှ တိုင်းရင်းသား အကုန်လုံးနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု စတင်ခဲ့မယ် ဆိုလို့ ရှိရင်တော့ ဒီကိစ္စတွေ ပြေပျောက်သွားနိုင် ပါတယ်။”
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့က ပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါက်တာအေး မောင်သည် ရခိုင်ပြည်နယ် အမ်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြောက် ခြင်း ခံခဲ့ရသည်။
သို့သော် ၂၀၁၈ ခုနှစ် ဇန္နဝါရီလက ရသေ့တောင်မြို့နယ်တွင် ကျင်းပသည့့် ရခိုင် အချုပ်အခြာအာဏာ ကျ ဆုံးခြင်း အထိမ်းအမှတ် ဟောပြောပွဲတွင် ရခိုင်လက်နက်ကိုင် တော်လှန်ရေးနှင့် ပတ်သက်သည့် အ ကြောင်း အရာများကို ထည့်သွင်း ဟောပြောခဲ့သည့်အတွက် အစိုးရမှ ဒေါက်တာအေးမောင်အား တရားစွဲ ဆိုခဲ့သည်။
ထို့နောက် ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် စစ်တွေခရိုင် တရားရုံးမှ ဒေါက်တာအေးမောင်အား နိုင်ငံ တော်ပုန်ကန်မှုဖြင့် ထောင်ဒဏ် နှစ် ၂၀ ၊ နိုင်ငံတော် အကြည်ညိုပျက်မှုဖြင့် ထောင်ဒဏ် ၂ နှစ်တို့ကို တစ် ပေါင်းတည်း ကျခံစေပြီး စုစုပေါင်း ထောင်ဒဏ် နှစ် ၂၀ ကျခံစေရန် အမိန့်ချခဲ့သည်။
သို့သော် ၂၀၁၉ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံတော် သမ္မတ၏ အမိန့်ဖြင့် ထောင်ဒဏ် နှစ် ၄၀ အောက် ကျခံသူများကို အစိုးရမှ လေးပုံတစ်ပုံလျော့ချပေးလိုက်သည့်အတွက် ဒေါက်တာအေးမောင် မှာ ထောင်ဒဏ် နှစ် ၂၀ မှ ၁၅ သို့ လျော့ချသွားခဲ့သည်။