ရှမ်းမြောက်တွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွား

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၀ ခုနှစ် မေလ ၂၇ ရက်။

COVID- 19 ရောဂါကာလအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ် နေသည့်အတွက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

“ဒီကလူတွေက အခုဆိုရင် ရောဂါဖြစ်လို့ အပြင်မထွက်ရပဲ အခက်အခဲဖြစ် နေတာက တစ်ခုနော်။ နောက်ပြီး အခုလို မိုင်းကွဲတာတို့ကလည်း ဆက်တိုက်လိုဖြစ်တော့ ဒါကိုလည်း ပြန် ပြီးစိုးရိမ်နေရာတမျိုးတွေလည်း ထပ်ရှိပြန်တယ်။ ကျနော်တို့ကတော့ ဘာမှ မတတ်နိုင်ဘူးလေ။
တကယ်တော့ ဒီလိုမျိုး ရောဂါကြောင့် ခက်ခဲနေချိန်မျိုးမှာ ဒါမျိုးတွေ လုံးဝမဖြစ်စေချင်ပါဘူး။ တိုက်ပွဲတွေ ဖြစ်မှာလည်း စိုးရိမ်တာပေါ့နော်” ဟု မူဆယ်ဒေသခံ ဦးဇော်ရော် က ပြောသည်။

COVID- 19 ကာလအတွင်း ပေါက်ကွဲမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လျက် ရှိပြီး မေလ၂၆ ရက်နေ့ ကလည်း မူဆယ်မြို့အနီးရှိ စွမ်စော်ရပ်ကွက်တွင် မွန်းလွှဲ တစ်နာရီခွဲ အချိန်ခန့်က ဗုံး ၂ လုံးပေါက်ကွဲ ခဲ့ သည်။

“ကားလမ်းမကြီးနား၊ မန့်ဝန်းဘက်ကို ဝင်တဲ့ဘက်လို့ ပြောရမလား၊ အဲ့ဘက် ဒီ ညောင်ပင်ကြီးနားမှာ နတ်စင်တွေဘာတွေလည်းရှိတယ် အဲ့နားမှာ ပေါက်ကွဲတာလို့ပြောတယ်။” ဟု အမည်မဖော်လိုသူ မူဆယ်ဒေသခံတစ်ဦးက ပြောသည်။ “အဲ့ဒီနားမှာ ဆော့နေတဲ့ကလေး တစ်ယောက် ဒီဗုံးစပြောရမလား ပေါက်ကွဲမှု ဖြစ်တော့ အစနည်းနည်းထိသွားတာရှိတယ်လို့ ပြော တယ်” ဟု ဆက်ပြောသည်။

အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ မူဆယ်မြို့ ဂရုဏာလူမှုကူညီရေးအသင်းက ဦးသောင်းထွန်းကလည်း “ဟုတ်တယ် ဗုံးကနှစ်လုံးပေါက်ပါတယ်။ ကျနော်တို့လည်း အဲ့ဒီကိုရောက်သွားသေးတယ်။ လူထိခိုက်တာ ဘာညာ မရှိဘူးပြောတော့ ကျနော်တို့က ပြန်လာပါတယ်” ဟု ပြောသည်။

ထို့အပြင် ယခုပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် စွမ်စော်ရပ်ကွက် တွင် မေလ ၁၂ ရက်နေ့ ည ၁၀ နာရီဝန်းကျင်ခန့် ကလည်း ပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ပွားခဲ့သည်။

အလားတူ မေလ ၁၁ ရက်နေ့ ည ၈ နာရီခွဲ အချိန်ခန့်က မူဆယ်မြို့ အဝင်ရှိ Oriental Highway တိုးဂိတ် တွင် ပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ပွားခဲ့သည်။

ဧပြီလ ၁၂ရက်နေ့ ည ၁၀ နာရီ ကျော် အချိန်ခန့်ကလည်း မူဆယ်မြို့ ဆက်သွယ်ရေးရုံး အတွင်းက MPT ဖုန်းဝန်ဆောင်မှု ရုံးအတွင်း ဖောက်ခွဲခံရမှု ဖြစ်ပေါ်ခဲ့သည်။

COVID-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေချိန် ယခုကဲ့သို့သော ပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားနေခြင်း သည်လည်း အရပ်သားပြည်သူများအတွက် စိတ်ဖိစီးမှုများကို ပိုမိုဖြစ်ပေါ်စေသည်ဟု တအာင်းကျောင်း သားနှင့်လူငယ်များအဖွဲ့ TSYU မှ အထွေထွေအတွင်းရေးမှူး လွေးလှားရှိန်း က ပြောသည်။

“ဘယ်လိုစိုးရိမ်နေကြလဲဆိုတော့ တဖက်မှာလည်း COVID ကြောင့် လွတ်လွတ်လပ်လပ်သွားလာလို့ နေ လို့မရဘူး။ ပြီးရင် ကိုယ့်ရဲ့ စားဝတ်နေရေးအတွက် စိုးရိမ်ရတာနဲ့။ အခုလို ခဏခဏ ပေါက်ပွဲမှုဖြစ်တာ၊ ခဏခဏတိုက်ပွဲဖြစ်တာတွေက တစ်ခုပြီးတစ်ခု ဒေသအတွင်းမှာ ဖြစ်လာပြီဆိုရင် လူထုက စိုးရိမ်ကြပြီ။ စိတ်ဖိစီးမှုဖြစ်တယ်ပေါ့။”

ဒေသခံပြည်သူများသည် စိုးရိမ်နေကြသောကြောင့် ပုံမှန် လုပ်ငန်းများ ထိခိုက်စေသည်ဟု လွေးလှားရှိန်း က ဆက်ပြောသည်။

“ဘာလို့လည်းဆိုရင် ကိုယ်ရတဲ့အချိန်လေးနဲ့ ကိုယ်ရတဲ့နေရာလေးမှာ စားဝတ်နေရေးအတွက် လုပ်မယ်လို့ သွားရင်လည်း ကိုယ်သွားတဲ့နေရာမှာပဲ မိုင်းပေါက်ကွဲမှုက ဖြစ်မလား၊ သူများတွေက ဓါးပြတိုက်မှာလား၊ သတ်ဖြတ်ခံရမှာလားပေါ့။ ဘာလို့လည်းဆိုရင် အခုဆိုရင် သတင်းတွေက မိုင်းပေါက်ကွဲတာတွေရော၊ သတ် ဖြတ်ခံရတာတွေရော၊ မူးယစ်ဆေးဝါးတွေရော၊ ပြီးရင် ရောဂါနဲ့ ပတ်သက်တာတွေရောဆိုတော့လေ စိတ်ဖိ စီးစေတယ်။ စားဝတ်နေရေးကလည်း အရေးကြီးတယ်။ တိုက်ပွဲကိစ္စ၊ မိုင်းပေါက်တဲ့ကိစ္စ၊ သတ်ခံရတဲ့ ကိစ္စ တွေကလည်း အခုလိုမျိုး ဆက်တိုက်ဖြစ်နေတယ်ဆိုတော့ အားလုံးက ကြောက်ကြတယ်။”

မူဆယ်မြို့နယ်အတွင်း ယခုရက်ပိုင်းတွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိမှု၊ လက်နက်များ ဖမ်းဆီးရမိမှုများ အပြင် ပေါက်ပွဲမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည့်အတွက် ဒေသခံပြည်သူများ စိုးရိမ်နေကြခြင်း ဖြစ်သည် ဟု ဒေသခံများက ပြောသည်။

မေလ ၂၆ ရက်နေ့က မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်တွင် လက်နက်ခဲယမ်းများနှင့် ဆက်စပ် ပစ္စည်းများ၊ မေလ ၂၅ ရက်နေ့က မူဆယ်မြို့၊ မန့်ဝိန်း မြန်မာ-တရုတ်နယ်စပ်ဂိတ်အနီးတွင် ဖောက်ခွဲရေးတွင် အသုံး ပြုသည့် Shock Tube ဒီတိုနေတာများ ထည့်ထားသော စက္ကူ ဂျက်ဖာ ၃၁၈ ဖာ(စုစုပေါင်း ဒီတိုနေတာ ၉၅၄၀၀ ချောင်း)နှင့် မေလ ၂၄ ရက်နေ့ကလည်း မူဆယ်မြို့၊ နောင်မွန်ကျေးရွာတွင် ပစ္စတို ၃ လက်၊ ပစ္စတို ကျည်အိမ် ၄ ခု နှင့် ၉ မမ ကျည် ၂၇ တောင့်တို့ကို ဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံး က ထုတ်ပြန်ထားသည်။